စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် စစ်မှုထမ်းခေါ်ယူမှုများကို အကောင်အထည်ဖော်နိုင်မှုမရှိ

0
31
Photo - CJ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်သင်တန်း အပတ်စဉ် (၂) အတွက် ဆင့်ခေါ်ချိန် ရောက်ရှိလာသော်လည်း ရှမ်းနီဒေသဖြစ်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများမှာ စစ်မှုထမ်းခေါ်ယူမှုများကို အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဟု ဒေသခံများက ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများဖြစ်သည့် ဟုမ္မလင်း၊ တမူး၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်မြို့များ၌ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခေါ်ယူမှုများကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသည်ကို စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) ကို ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီအာဘော် သတင်းစာများတွက် ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာအုပ်စုများ၌ မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူများ စာရင်းကို ကောက်ယူထားပြီးကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောဆိုထားသော်လည်း ဆင့်ခေါ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ဟွေဖလာဒေသခံတစ်ဦးက “သူတို့က ဟိုလိုနေမှာ၊ တစ်ရွာကို ၇ ယောက်ဆို ၇ ယောက် အဲ့လိုပဲ ကောက်တာ။ ဟိုလိုအများကြီးလဲ မဟုတ်ပါဘူး။ တစ်အိမ်တစ်ယောက်ကြီးလဲ မကောက်ပါဘူး။ ဒီမှာ အဲ့လို လုပ်နိုင်တာ SNA ပဲ ရှိတာ” ဟု ပြောသည်။

ရှမ်းနီဒေသတွင်း အထူးသဖြင့် ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းအတွက် သင်တန်းသားစာရင်း ကောက်ယူမှုမျိုး ရှိနေပေမယ့် ထိရောက်မှာ မဟုတ်ဘူးဟု ဒေသခံတို့က ပြောဆိုကြသည်။

စစ်ကောင်စီဘက်က ကောက်ယူထားသော စာရင်းထဲတွင် ပါဝင်နေသူများကလည်း ဆင့်ခေါ်လာလို့ မဝင်ရောက် နိုင်လျှင် ငွေကြေးပေးပြီး လူငှားတာ ၊ အစားထိုးထည့်တာတွေကို လုပ်ဆောင်နိုင်ကြောင်း ဟုမ္မလင်းဒေသခံတစ်ဦးက ပြောသည်။

“မဝင်နိုင်တဲ့သူတွေလဲ ငှါးတာပါ့အေ၊ လူလဲ မဝင်နိုင်ဘူးဆိုရင်လဲ ပိုက်ဆံတွေဘာတွေနဲ့ပေါ့။ ဒါကတော့ ကျနော်တို့ အဖွဲ့စည်းတိုင်းလိုလို ရှိကြတာပဲ။ အောက်ပိုင်းဘက်မှာလဲ အဲ့တိုင်းပဲ။ ဒါတော့ အစားစားပေါ့လေ သူတို့ တတ်နိုင်သလောက်ပေါ့လေ အစားစားပေါ့။ ၅၀ ဆိုရင်လဲ ၅၀ ပေါ့” လို့ ၎င်းက ဆက်ပြောသည်။

ဗန်းမောက်မြို့နယ်တွင်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်ပြီး အခုမေလအတွင်း စာရင်းကောက်ယူမှုများ အပါအဝင် အသိပညာပေးမှုကိုပါ လုပ်ဆောင်သွားမယ်လို့ ဆိုထားပေမယ့် လက်ရှိအချိန်ထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်းလည်း ဒေသခံတို့ထံက သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here