KNU က စစ်ကိုင်းဖိုရမ်သို့ သဝဏ်လွှာပေးပို့ရာတွင် အာဏာရှင်ဖယ်ရှားပြီး ဗမာများနှင့်အတူ ပြည်ထောင်စု တည်ဆောက်မည်ဟုဆို

0
38
ပုံစာ - စစ်ကိုင်းဖိုရမ်သို့ ပေးပို့သည့် KNU ၏ သဝဏ်လွှာ။

လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ဟူသမျှကို ဖယ်ရှားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဗမာတိုင်းရင်းသားလူမျိုးများနှင့် အတူတကွ လက်တွဲအကောင်အထည်ဖော်ရန် အသင့်ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ပြောဆိုလိုက်သည်။

မေလ ၃၀ ရက်နေ့တွင် ကျရောက်သည့် ပထမအကြိမ် စစ်ကိုင်းဖိုရမ် တစ်နှစ်ပြည့်အခမ်းအနားသို့ KNU ကပေး ပို့သည့် သဝဏ်လွှာထဲတွင် ထိုသို့ထည့်သွင်း ပြောဆိုထားခြင်း ဖြစ်သည်။

KNU က ပေးပို့သည့် သဝဏ်လွှာထဲတွင် “တိုင်းရင်းသား လူမျိုးများတန်းတူ အခွင့်အရေးတို့အား အသိအမှတ်ပြု လေးစားတန်ဖိုးထားကြပြီး အချင်းချင်း လေးစားချစ်ခင်မှုနှင့်အတူ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းခြင်းနှင့် မဟာလူမျိုးကြီးဝါဒကို အဆုံးသတ်စေပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် အတူတကွ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိ ကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်” ဟု ဖော်ပြထားပါသည်။

တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရာတွင်လည်း ဗဟိုချုပ်ကိုင်မှုကို အခြေမခံဘဲ လုပ်ဆောင်သွားမှသာ ကောင်းမွန်သည့် နိုင်ငံသစ်ဆီကို ရောက်ရှိနိုင်မည်ဟု KNU က ဆိုသည်။

KNU က “စစ်မှန်သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို လိုလားသော “ဗမာ” နိုင်ငံရေးအင်အားစုများ ပါဝင်သည့် ဖက်ဒရယ်ယူနစ်အခြေပြု နိုင်ငံရေးလမ်းကြောင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို လက်တွေ့အောက်ခြေမှ ထူထောင်မည့် လုပ်ငန်းစဉ်ဖြင့် ပို၍ဟန်ချက်ညီသော အာဏာရှင်စနစ် တော်လှန်ရေးနှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသည် တူညီသော “တက်” နှင့် တူညီသော “လှေ” ဖြင့် ပိုမိုသဟဇာတရှိသော လူအဖွဲ့အစည်းနှင့် ကောင်းမွန်သောနိုင်ငံသစ်သို့ ချီတက်နိုင်မည်ဖြစ်သည်” ဟု ပြောသည်။

ထို့အပြင် စစ်ကိုင်းဖိုရမ်မှတဆင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် မူဝါဒအားဖြင့် နိုင်ငံရေးနှင့် စစ်ရေး နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားသည်။

လက်ရှိ နွေဦးတော်လှန်ရေးသည် စနစ်ပြောင်းလဲရေးအတွက် အဓိကဦးတည်သည့် တော်လှန်ရေးဖြစ်သည့်အတွက် စစ်ကိုင်းဖိုရမ်မှသည် ပိုမိုစုစည်းမှုရှိသော၊ ဆွေးနွေးအဖြေရှာသော၊ နားလည်မှုရှိသော၊ ချိတ်ဆက်မှု ရှိသော၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ရှိသော၊ စည်းကမ်းရှိသော တော်လှန်ရေးဖြစ်လာစေရန်နှင့် အောင်မြင်မှုများရှိရန် ဆန္ဒပြုသည်ဟု KNU က သဝဏ်လွှာထဲတွင် ရေးသားထားသည်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတိုင်းရှိ စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသည့်အဖွဲ့များ၊ သပိတ်ကော်မတီများ၊ လူမှုရေးအဖွဲ့များ စသည့် အဖွဲ့များဖြင့် ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်ခဲ့ကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here