အမျိုးသမီးနိုင်ကျဉ်းများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုခံနေကြရ

0
87
ပုံစာ - အင်းစိန်အကျဉ်းထောင်အရှေ့။

အကျဉ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင်အသီးသီးတွင် အမျိုးသမီးနိုင်ငံရေးအကျဥ်းသား (နိုင်ကျဉ်း) များ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ ရှိနေသည်ဟု နိုင်ကျဉ်းအရေး လှုပ်ရှားလုပ်ဆောင်နေသူများက ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ (နိုင်ကျဥ်းများ) အနက် အမျိုးသမီးနိုင်ကျဥ်းများအား တိုက်ပိတ်ခြင်း၊ ရိက္ခာလျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခံနေရသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ပိတ်ပင်ထားသည်ဟု ဆိုသည်။

ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက ထောင်ဝင်စာပို့ရာတွင် အကျဉ်းကျနေသူတို့၏ မိသားစုဝင်များကိုသာ ခွင့်ပြုတော့မည်ဟု မေလ ၂၂ ရက်နေ့မှ စသတ်မှတ်လာပြီးနောက် နိုင်ကျဥ်းများအပေါ် ထောင်တွင်းအခြေအနေ ပိုတင်းကြပ်လာသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

နိုင်ငံရေးအကျဉ်းသူများအဖွဲ့- WOPP ပြန်ကြားရေးတာဝန်ခံ မဇင်မေသက်က “အပြင်ကနေ ပြန်ဝင်ပြီဆိုရင်ပဲဖြစ်ဖြစ်၊ အထဲမှာပဲဖြစ်ဖြစ်ပေါ့နော် menstruation (ဓမ္မတာ) လာတဲ့အချိန်တွေ ဆိုလို့ရှိရင်လည်း ရုံးပြန် အနေအထား ဆိုလို့ရှိရင်လည်း ဒီလိုအခြေအနေမျိုး ဖြစ်နေပါတယ်။ ပြောတာတောင် မရဘဲနဲ့ အကျဥ်းသူတွေအားလုံး တခြားသော အကျဥ်းသူတွေရှေ့မှာလည်း ချွတ်ပြခိုင်းတာတို့ အဲ့လိုမျိုး ဖိနှိပ်မှုတွေ ရှိနေပါတယ်” ဟု ပြောသည်။

လတ်တလောတွင် အင်းစိန်၊ ဒိုက်ဦး၊ သာယာဝတီ၊ ရမည်းသင်း၊ မြင်းခြံ၊ ကျိုက်မရော၊ ထားဝယ်၊ အိုးဘို စသည် အကျဉ်းထောင်များ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်နေသည့် အကျဉ်းထောင် ၁၀ ခုခန့်ရှိပြီး ယင်းထောင်များ အနက် အိုးဘိုထောင်မှာ အရက်စက်ဆုံးဖြစ်သည်ဟု နိုင်ကျဉ်းဟောင်းများ၏ ပြောဆိုမှုအရ သိရသည်။

အိုးဘိုထောင်တွင် ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသူများကို လျှပ်စစ်ကျင်စက်၊ နံပါတ်တုတ်၊ ဝါးရင်းတုတ်၊ သံတုတ်များဖြင့် သွေးထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်ပြီး ဒဏ်ရာရသူများအားလည်း ဆေးကုသခွင့် မပေးသည့်အပြင် အစာရေစာဖြတ်ခြင်း၊ တိုက်ပိတ်ခြင်း စသည့်လုပ်ရပ်များ ကျူးလွန်နေသည်ဟု ဆိုသည်။

မဇင်မေသက်က “အမျိုးသမီး လစဥ်သုံးပစ္စည်းဆိုရင်တော့ အပြင်ကနေတော့ ထည့်ပေးလို့တော့ ရတယ်ပေါ့နော်။ အဲ့ဒီအပိုင်းကိုလည်း ကျမတို့ကကြိုးစားပြီးတော့ ထည့်ပေးနေတယ်။ ဒီလိင်ပိုင်းဆိုင်ရာ ခွဲခြားမှုကတော့ အထဲထဲမှာ ဖိနှိပ်ခံရတာပေါ့နော်။ ကျန်းမာရေးမကောင်းလို့ ဆေးခန်းသွားတာပဲဖြစ်ဖြစ်၊ တနေရာကနေ တနေရာ သွားတာပဲဖြစ်ဖြစ်၊ ထောင်ဝန်ထမ်းအမျိုးသမီးတွေ ကိုယ်တိုင်ကပေါ့နော် နှိုက်နှိုက်ချွတ်ချွတ် အစစ်ခံရတာတွေ ရှိတယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “တခါတလေကြရင် menstruation ဖြစ်နေလို့ အဆင်မပြေဘူး ပြောတဲ့ကြားထဲကနေပြီးတော့ တခြားသော အကျဥ်းသူတွေရဲ့ရှေ့မှာ ချွတ်ပြခိုင်းတာတွေလည်း ရှိတယ်။ အနှိုက်ခံရတာမျိုးတွေလည်း ကြုံတွေ့ရတယ်” ဟု ပြောသည်။

လတ်တလောတွင် မိသားစုဝင်များက ပေးပို့လိုက်သည့် ထောင်ဝင်စာများကိုလည်း အဆင့်ဆင့် စစ်ဆေးမှုများရှိနေပြီး တဆင့်ချင်းစီတိုင်းတွင် သိမ်းဆည်းခံရသည်များ ကြုံနေရသည့်အပြင် ရောက်သည့် ထောင်ဝင်စာများမှာလည်း ၃ ပုံတစ်ပုံခန့်သာ ရှိသည်ဟု ဆိုသည်။

ထို့အပြင် စီရင်ချက်မချသေးသည့် နိုင်ငံရေးအကျဉ်းသူများအား ရုံးထုတ်ချိန်တွင်လည်း ၎င်းတို့၏ ရှေ့နေများကို ဖိအားပေး ခြိမ်းခြောက်၍ မေးခွန်းနှင့်အဖြေများ ကန့်သတ်ခြင်း၊ သေနတ်ဖြင့် ထုတ်ချိန်ခြင်းများလည်း ကြုံနေရသည်ဟု နိုင်ကျဥ်းဟောင်းများက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းခံရပြီးချိန်မှ စပြီး မေလ ၂၇ ရက်နေ့အထိ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၆,၇၄၇ ဦး ရှိပြီး ၎င်းတို့အနက် ၂၀,၄၉၉ ဦး မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here