စစ်ကိုင်းတိုင်းတွင် တစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၆၀ ဝန်းကျင်ရှိဟုဆို

0
42
ပုံစာ - စစ်ကိုင်းအထက်ပိုင်းဒေသ။

စစ်ကိုင်းတိုင်းအတွင်း၌ စစ်ကောင်စီလက်ချက်ကြောင့် မေလအတွင်း သေဆုံးသူ ၅၈ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

မေလ ၁ ရက်နေ့ မှ မေလ ၂၄ ရက်နေ့ အထိ စစ်ကိုင်းတိုင်းအတွင်း အမျိုးသား ၄၃ ဦး ၊ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း AAPP က မေလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၃၂ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ထုတ္တောကျေးရွာမှ အရပ်သားတစ်ဦးက “ ရွာကိုဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်တုန်းက ထိလို့သေသွားတာက ၆ ယောက်၊ နောက် ပစ်သတ်သွားတာက အမျိုးသား ၂၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ဆိုတော့ ၂၅ယောက်။ ဒဏ်ရာရတဲ့သူတွေထဲက နောက်ထပ် ၁ ယောက် ထပ်သေတယ်။ ဆိုတော့ စုစုပေါင်း ၃၂ ယောက်ပေါ့” လို့ ပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်ကို စစ်ကောင်စီတပ် ခြေမြန်တပ်မ ဌာနချုပ် (၃၃) ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်း များဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်သော အင်အားစုစုပေါင်း ၇၀ ခန့်ပါ ပူးပေါင်းတပ် များက လက်ထုတ္ထောကျေးရွာ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ်ကို ကူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

အဆိုပါဖြစ်စဉ်သည် မေလအတွင်း စစ်ကိုင်းတိုင်း၌ ကျေးရွာတစ်ခုတည်း လူအများဆုံး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်သည့်အတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေးကို ဖြစ်နိုင်သည့် တရားစီရင်ရေးယန္တရားများမှ တဆင့် ကြိုးပမ်း သွားမည်ဟုလည်း မေလ ၁၂ ရက်နေ့တွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက စတင်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက စစ်အင်အားတိုးချဲ့၍ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ယခုကဲ့သို့ သတ်ဖြတ်မှုများအပြင် ကျေးရွာများအား မီးရှို့ဖျက်ဆီး မှုများကို ယခင်ထက် ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

မေလအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် လူငယ် ၄ ဦးနှင့် အသက် ၆၀ နှစ်အထက် ၃ ဦးလည်း ပါဝင်ပြီး သေဆုံးသူအများစုကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်မှုအရ သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here