စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

0
37
ပုံစာ - စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်း၊ ဖောင်းပြင်နှင့် ပင်လည်ဘူး မြို့နယ်များအတွင်း ယခုမေလနောက်ဆုံး အပတ်ထဲ၌ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ PDF တပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက် ပြင်းထန် နေကြောင်း စုံစမ်းသိရှိရသည်။

ပင်လည်ဘူးမြို့ပေါ်နှင့် အနီးတဝိုက်တွင် မေလ ၂၆ ရက်နေ့ မှစ၍ မေလ ၂၉ ရက်နေ့ အထိ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသလို မြို့တွင်းမှနေပြီး လက်နက်ကြီးများနှင့် ဆက်လက်ခုခံ တိုက်ခိုက်နေကြောင်း ပင်လည်ဘူးဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ဟုမ္မလင်းမြို့နယ် မြင်သာကျေးရွာ၊ ငိုးပင်းကျေးရွာတို့ အနီးတွင်လည်း ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်/ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက အခုလိုပြောသည်။

“နှစ်ဖက်ညှပ်ပြီးတော့ တိုက်တာ။ မြင်သာရွာကိုတော့ SNA က ဆုတ်ပေးခဲ့ရပြီ။ ဖြစ်တာကတော့ သုံးလေးရက် ရှိသွားပြီ။ ဆက်ဖြစ်နေတယ်” ဟု မြင်သာကျေးရွာ တိုက်ပွဲအခြေအနေကို သိရှိသူဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသဖြစ်သည့် ဖောင်းပြင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ် (ပျူစောထီး) စခန်း ၄ ခုကို ပြီးခဲ့သည့် မေလအစောပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသလို ဟုမ္မလင်း မြို့နယ်အတွင်းရှိ SNA ၏ ကင်းစခန်း ၄ ခု ကိုလည်း PDF တပ်ဖွဲ့များက ယခုမေလ နောက်ဆုံးအပတ်ထဲတွင် တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသလို စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ဖုန်းလိုင်းများလည်း ဆက်လက်ပြတ်တောက်နေတာကြောင့် ထိခိုက်ကျဆုံးမှု အခြေအနေများကို ဆက်သွယ်မေးနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကြား၌ SNA တပ်နှင့် ဒေသကာကွယ်ရေးတပ် PDF တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

အလားတူ ပင်လည်ဘူးမြို့တွင်လည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ကြား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here