“ရရှိလာတဲ့အခွန်တွေကို IEC ရဲ့ ဦးစီးကောင်စီကို တင်သွင်းတယ်။ …………. ခန့်မှန်းချေ ငွေကြေးက သိန်း ၇၀၀၀ လောက် ရှိပါတယ်။ အဲ့ဒါကိုလည်း လာမယ့်အပတ်တွေမှာ မြေပြင်အခွန်ရုံးတွေမှာ လူထုတွေကို ချပြဖို့ရှိပါတယ်” ခူးလေးရယ် – ဒုဌာနမှူး (၁) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန/ IEC

0
75
ပုံစာ – မူးယစ်ဆေးဝါးနှင့် ကန့်သတ်ကုန်များ မပါရှိရေးအတွက် ဂိတ်များ၌စစ်ဆေးဆောင်ရွက်နေစဉ်။ (Photo – IEC)

ကရင်နီ (ကယား) ပြည်အတွင်း IEC က ကောက်ယူနေသည့် အခွန်ခများနှင့် ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန၏ ဒုဌာနမှူး (၁) ခူးလေးရယ်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်အတွင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနကနေ အခွန်ဆိုင်ရာမူဝါဒကို ရေးဆွဲနေဆဲဖြစ်ပြီး လက်ရှိမြေပြင်၌လည်း အခွန်ကောက်ခံ နေသည့် ကိစ္စရပ်များကို အခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လုပ်ကိုင်ဆောင်ရွက်နေသည်ဟု အခွန်ဌာန တာဝန်ရှိသူများက ပြောဆိုသည်။

ထိုအခြေအနေများနှင့် ပတ်သတ်ပြီး လက်ရှိမြေပြင်တွင် အခွန်ကောက်ခံမှုကို ဘယ်လိုဆောင်ရွက် ကောက်ခံနေ ပါလဲ။ ဆက်လက်လုပ်ဆောင်သွားမည့် အခွန်ကောက်ခံမှုပုံစံနှင့် ရရှိလာသည့် အခွန်ပမာဏကြေးများကို ဘယ်လို ကဏ္ဍတွေမှာ အသုံးပြုသွားမှာပါလဲ စသည့် အကြောင်းအရာများကို IEC လက်အောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန၏ ဒုဌာနမှူး (၁) ဖြစ်သည့် ခူးလေးရယ် ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ IEC ရဲ့ အခွန်ဌာနက မြေပြင်မှာ အဓိက ဘာတွေဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ဒီကာလမှာကတော့ စီမံကိန်းဘဏ္ဍာရေး အခွန်ဌာနအနေနဲ့ကတော့ အခွန်ရဲ့မူဝါဒတွေကို ကျနော်တို့ ရေးဆွဲတယ်ပေါ့နော။ မြေပြင်မှာ အခွန်နဲ့ပတ်သက်ပြီးတော့ အခုလိုကာလတွေမှာ ဘာတွေက ကောက်လို့ရလဲ မရဘူးလဲ ဆိုတာတွေကို လက်ရှိအနေအထားတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်နေတာတွေရှိတယ်။ ဒီးမော့ဆိုနဲ့ မော်ချီး သယ်ယူပို့ဆောင်နေတဲ့ ကုန်စည်ယာဉ်တွေကို အခွန်ကောက်တဲ့ဟာတစ်ခု ရှိပါတယ်။

မေး။ ။ IEC ရဲ့ အခွန်မူဝါဒကို ရှင်းပြပေးပါအုံးရှင့်။ မူဝါဒနဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာထိ ရေးဆွဲလုပ်ဆောင်နေပြီလဲ။

ဖြေ။ ။ ကျနော်တို့ အခွန်မူဝါဒအနေနဲ့က ရေးဆွဲနေတုန်း ဖြစ်တယ်။ လက်ရှိမြေပြင်မှာ အခွန်ကောက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးမှတော့ ကျနော်တို့ အခွန်လုပ်ထုံးလုပ်နည်းနဲ့ သွားနေတယ်ပေါ့နော။ ကျနော်တို့သွားနေတဲ့ အချိန်အတွင်းမှာ ပြင်ဆင်စရာတော့ အများကြီးရှိဦးမယ်လို့ တွေ့ရတယ်။ အဲ့ဒါ ဘာလဲဆိုရင် လက်ရှိမြေပြင်မှာ ကျနော်တို့ ခေတ်ကောင်းတုန်း အချိန်ကာလတွေမှာ ကောက်လို့ရတဲ့အခွန်တွေက အခု ကောက်လို့မရဘူးပေါ့နော။ အထူးသဖြင့် လူထုတွေရဲ့အခြေခံစားဝတ်နေရေးအတွက် ဥပမာ – ဖွင့်ထားတဲ့ ဆေးဆိုင်လိုမျိုးတွေဆိုရင် တကယ်တမ်း ပုံမှန်အခြေနေမျိုးဆိုရင် ကောက်လို့ရတယ်။ ဒါပေမယ့် ဒီအခြေအနေမျိုးဆို ကောက်လို့မရဘူး ပေါ့နော ။ ဒါက သူ့ရဲ့စားဝတ်နေရေးအတွက် ကနဦးပြင်ဆင်ပြီးမှ သူရောင်းတဲ့ဟာမျိုး ဖြစ်တယ်။ သူရုန်းကန်ရတာ ဖြစ်တဲ့အတွက် ကောက်လို့မရဘူး။ အဲ့လိုမျိုးဆန်ဆန်ပဲ အခုလိုကာလမှာ အခွန်ကောက်လို့ မရတာတွေ အများကြီး ရှိတယ်ပေါ့နော။ ဆိုတော့ ကျနော်တို့သွားနေတဲ့ မူဝါဒတွေနဲ့ တကယ်လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်အောင် ညှိနှိုင်းပြင်ဆင်ပြီးတော့ သွားနေတာဖြစ်တယ်။

မေး။ ။ မြေပြင်မှာကောက်ယူနိုင်တဲ့ အခွန်ဘယ်နှစ်မျိုးလောက်ရှိလဲ။ လက်ရှိမှာ IEC အနေနဲ့ ကောက်ယူနေတဲ့ အခွန်က ဘယ်နှစ်မျိုးလောက်ရှိပါလဲ။

ဖြေ။ ။ ကောက်နိုင်တဲ့ အခွန်အမျိုးအစားတွေကတော့ အများကြီးရှိတယ်။ အသေးစိတ် အရဆိုရင်တော့ အမျိုး ၇၀ လောက် ရှိတယ်။ ဒါပေမယ့် တကယ့်တကယ် ကျနော်တို့ ကောက်နိုင်နေတာက ၁ ခုပဲ ရှိတယ်ပေါ့နော။ လောလောဆယ် ကုန်တင်ဆောင်မှုနဲ့ ပတ်သက်တဲ့ဟာ ၁ ခုကိုပဲ ကျနော်တို့ကောက်နေတယ်။ ကျန်တဲ့ဟာတွေ ကတော့ မူဝါဒတွေနဲ့ ဖြေးဖြေးချင်း ပြင်ဆင်ရင်းသွားရင်းနဲ့ ကောက်ရမယ့်ဟာမျိုး ဖြစ်မယ်ပေါ့။ ကျနော်တို့ အခုလက်ရှိ ကောက်နိုင်တဲ့ဟာတွေ အကုန်လုံး တပြိုင်တည်း ကောက်နိုင်ဖို့ မလွယ်ဘူးပေါ့နော။ လူထုတွေရဲ့ စားဝတ်နေရေးနဲ့ အခက်အခဲတွေလည်း အများကြီးရှိတဲ့ခါကြတော့ ဒါကိုမူဝါဒတွေနဲ့ပဲဖြစ်စေ ရေးဆွဲထားတာမျိုးရှိပါတယ်။

မေး။ ။ ကားသမားတွေ၊ ဆိုင်ကယ်တွေ ပေးရတဲ့အခွန်ခတွေက ဘယ်လိုမျိုးပါလဲ။

ဖြေ။ ။ အခုလက်ရှိအခွန်ဌာနမှာ ပေးဆောင်ရတဲ့အခွန်က ၃ သိန်းပေါ့နော။ အဲ့တာက IEC ကနေ ကောက်နေတဲ့ အခွန်ပေါ့လေ။ အဲ့တာက ၃ သိန်း ရှိပါတယ် ကားတစ်စီးစာအတွက်ပေါ့နော။ ဆိုင်ကယ်တွေက သုံးသောင်းပေါ့ နော။

မေး။ ။ IEC အခွန်က အိမ်စီးကားတို့ သပ်သပ်ပေးရတဲ့အခွန်ခတွေရော ရှိပါလား။

ဖြေ။ ။ မရှိပါဘူး။ ကျနော်တို့ အဓိက ကုန်တင်တဲ့ကားတွေကိုပဲ ကောက်တာဖြစ်တယ်။ ကျန်တဲ့လူထုတွေရဲ့ သွားလာမှုက အခွန်ပေးစရာမလိုဘူးပေါ့နော။

မေး။ ။ ကုန်တင်အခွန်အမျိုးအစားကရော ဘယ်လိုသတ်မှတ်ထားပါလဲ။ ဘယ်လို ကုန်ပစ္စည်းမျိုးကို ကန့်သတ်ထားတာရှိလဲ။

ဖြေ။ ။ အခုကတော့ ဒီးမော့ဆိုကနေပြီး မော်ချီးကိုသွားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ဟာ ပေါ့နော။ အဲ့ဒီဟာကိုတော့ ကုန်အမျိုးအစားခွဲထားတာ မရှိဘူးပေါ့လေ။ အဓိကတော့ ကန့်သတ်ကုန်ရယ် ကျန်တဲ့ဟာတွေ အကုန်လုံးသယ်လို့ ရတယ်ပေါ့နော။ ကန့်သတ်ကုန်နဲ့ တားမြစ်ကုန်နဲ့ပဲ ရှိမယ်ပေါ့လေ။ ဥပမာ ကန့်သတ်ကုန်လို့ ပြောမယ်ဆိုရင် အခုဆိုရင် ဆန်တစ်မျိုးတည်းပဲရှိမယ်ပေါ့။ ကျန်တဲ့ဟာကတော့ သယ်လို့ ရတယ်။ ပြီးရင် တားမြစ်ကုန်ကတော့ မူးယစ်ဆေးဝါးတွေပေါ့နော လုံးဝသယ်ခွင့်မပေးဘူး။ ဒီမှာတော့ စစ်ဆေး အရေးယူမှုတွေ လုပ်နေတာပေါ့။

မေး။ ။ ဒီအခွန်တွေကို ဘယ်ချိန်က စကောက်ခံပါလဲ။

ဖြေ။ ။ အခုကုန်စည်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်တာတွေ အခွန်ကောက်ယူနေတာကတော့ လွန်ခဲ့တဲ့ ၂၀၂၃ မေလက စတယ်ပေါ့နော။ ဒါပေမယ့် အဲ့ဒီအခြေအနေမှာက အဆင်မပြေဘူးပေါ့လေ။ ဥပမာ ကောက်လိုက်တယ် အဆင်မပြေဘူး ပြန်ရပ်သွားတယ်။ စစ်ရေး အနေအထားကြောင့်လည်း ပါတယ်ပေါ့နော။ ဆိုတော့ ဒီ ၂၀၂၄ တစ်လပိုင်းလောက်မှပဲ သေသေချာချာလေး အဲ့ဒါကို ကောက်လို့ရနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ အစောပိုင်းမှာကတော့ စစ်ပူကာလ ဖြစ်တဲ့အခါကြတော့ ကောက်ရလိုက်၊ မရလိုက် ဒီစစ်ပွဲတွေကြားမှာ ဒီဟာက ပုံမှန်မလည်ပတ်နိုင်ဘူးပေါ့နော။

မေး။ ။ မြေပြင်မှာ အခွန်ခတွေ ပိုကောက်ယူတယ် စသဖြင့် ပြောဆိုမှုတွေရှိနေတော့ ဆရာတို့အနေနဲ့ ဘယ်လို အသိပေးချင်လဲ။ မသယ်ရတဲ့ကုန်တွေ သယ်လို့မိရင်ရော ဘယ်လိုပြစ်မှုပြစ်ဒဏ်တွေရှိပါလဲ။

ဖြေ။ ။ အခုအခွန်တွေအားလုံး ကောက်ယူနေတာက IEC ဖြစ်တဲ့တွက်ကြောင့် လူထုအတွက်ပဲ ရည်ရွယ်ပြီး တော့ ကောက်နေတာ ဖြစ်တယ်။ ရရှိတဲ့အခွန်တွေကိုလည်း လူထုဆီ ပြန်စီးဆင်းနိုင်ဖို့ပဲ ကောက်တာ ဖြစ်တယ်။ ဆန်နဲ့ပတ်သက်တဲ့ဟာဆိုရင်တော့ ဒီးမော့ဆိုမှာရှိတဲ့ ဆန်တွေက အဲ့ဒီမှာရှိတဲ့ လူဦးရေတွေနဲ့ လောက်ငှအောင် ကျနော်တို့ စီစဉ်နေတာဖြစ်တယ်။ အဲ့ဒီမှာရှိတဲ့ဆန်တွေက အများကြီး အပြင်ထွက်လို့ မရဘူး ပေါ့လေ။ အဲ့လိုပြောလို့ ရမှာပေါ့နော။ ဆိုတော့ အခုဒီဆန်တွေကို လူဦးရေအရမ်းများတဲ့ နေရာတွေမှာရှိတဲ့ ဆန်တွေနဲ့ လူဦးရေနဲ့က အဆင်ပြေနေတယ်ပေါ့။ ဆိုတော့ ဆန်တွေအများကြီး ထွက်သွားမယ်ဆိုရင် မလောက်ငှမှုတွေ ဖြစ်သွားနိုင်တယ်။

အဲ့တာကြောင့် ဒီဟာတွေကို ထိန်းသိမ်းနေရတဲ့ဟာ တစ်ခုရှိတယ်။ အဲ့တာတွေကြောင့် သွားနေတဲ့ကားတွေကို ကန့်သတ်ကုန်အနေနဲ့က ဆန်တွေမသယ်ဖို့ကို ပြောထားတာ ဖြစ်တယ်ပေါ့လေ။ ဥပမာ – ဆန်ကို ကန့်သတ်ကုန်တွေနဲ့ ထားတဲ့အခါ ကားတွေက သူမလိုက်နာဘဲနဲ့ သယ်တယ်ဆိုရင်တော့ ဒဏ်ငွေရိုက်ခံ ရတာပေါ့လေ။ ဥပမာ – ၅ သောင်း ဒဏ်ငွေရိုက်ခံရတာ ရှိတယ်။ အဲ့ဒီဟာက အခွန်မဟုတ်ဘူးပေါ့ ဒဏ်ငွေ ဖြစ်တယ်ပေါ့လေ။ ဥပမာ- ဒီဆန်တွေကို သယ်ခွင့်ပေးတယ် ပြီးတော့ ၅ သောင်း ကောက်တယ် အဲ့လို မဟုတ်ဘူးပေါ့နော။ အဲ့တော့ ဆန်တွေ ပေးမသယ်ဘူး။ ခိုးသယ်တဲ့အတွက် မိတဲ့ခါမှာ ဒဏ်ငွေရိုက်တယ်။ အဲ့ဒဏ်ငွေကလည်း လူထုရဲ့ဘဏ္ဍာငွေထဲ ပြန်စီးဆင်းတဲ့ဟာမျိုးပေါ့။

မေး။ ။ ဒီးမော့ဆို – မော်ချီးတလျှောက်က မြို့နယ်ကျေးရွာတွေလည်း ရှိတာပေါ့နော။ အဲ့ဒေသခံတွေ သူတို့အတွက် သူတို့သယ်တာအတွက်ရော အဲ့အပေါ်မှာ IEC အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနိုင်လဲ။

ဖြေ။ ။ ဒီးမော့ဆိုကနေ မော်ချီးကိုသွားတဲ့ လူထုတွေ သူတို့ရဲ့စားသောက်ကုန်တွေကို သယ်တဲ့ဟာတွေက လွတ်လွတ်လပ်လပ် သယ်ခွင့်ရတယ်။ ဒါပေမယ့် ပြည်ထဲရေးကနေတော့ ထောက်ခံချက်ပေးဖို့ လိုတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီဟာတွေက အဲ့မှာနေတဲ့လူထုတွေ အမှန်တကယ် ဖြစ်ကြောင်းပေါ့လေနော၊ သိရှိဖို့ လိုတယ်။ အဲ့ဒါက ဒီအုပ်ချုပ်ရေးဘက်ကနေ ပြီးတော့မှ ထောက်ခံချက်နဲ့ သွားလာလို့ရတဲ့ဟာမျိုး သယ်ဆောင်လို့ ရမယ့်ဟာမျိုး ဖြစ်ပါမယ်။ အဲ့တာကတော့ အခွန်ပေးစရာ မလိုဘူးပေါ့နော။

မေး။ ။ လက်ရှိအချိန်အထိ အခွန်ဌာနကနေ ကောက်ယူရရှိထားတဲ့အခွန်ငွေက ဘယ်လောက်ရှိပါလဲ။ အဲဒီငွေတွေကို ဘယ်နေရာတွေမှာ အသုံးပြုနေပါလဲ။

ဖြေ။ ။ ရရှိလာတဲ့အခွန်တွေကို IEC ရဲ့ ဦးစီးကောင်စီကို တင်သွင်းတယ်။ အဲ့ကတဆင့် ကျန်းမာရေး အသုံးစရိတ်တွေရယ် ပညာရေး အသုံးစရိတ်တွေရယ် လမ်းပန်းဆက်သွယ်ရေး၊ လမ်းပြုပြင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေရယ် ပြီးရင် ဒီအုပ်ချုပ်ရေးလုပ်ငန်းတွေမှာရယ် ပြီးတော့ ကာကွယ်ရေးအသုံးစရိတ်တွေ အဲ့မှာတွေ အဓိက အသုံးပြုပါတယ်။ ခန့်မှန်းချေ ငွေကြေးက သိန်း ၇၀၀၀ လောက် ရှိပါတယ်။ အဲ့တာကိုလည်း လာမယ့် အပတ်တွေမှာ မြေပြင်အခွန်ရုံးတွေမှာ လူထုတွေကို ချပြဖို့ရှိပါတယ်။

မေး။ ။ IEC အနေနဲ့ အခွန်ကောက်ခံတာမျိုးကို ဒီးမော့ဆို – မော်ချီးလမ်းကြောင်းတစ်ခုပဲ ဆောင်ရွက်နေတာလား။ ကျန်တဲ့နေရာတွေရော ရှိသေးလား။

ဖြေ။ ။ မရှိသေးဘူး။ ခုလောဆယ်ကတော့ ကျနော်တို့ မော်ချီးလမ်းကြောင်းတစ်ခုပဲ ရှိပါသေးတယ်။ ကျန်တဲ့နေရာကတော့ ပြင်ဆင်ဆဲပဲ ဖြစ်တယ်ပေါ့နော။

မေး။ ။ IEC အခွန်ဌာနအနေနဲ့ လတ်တလော စိန်ခေါ်မှု၊ အခက်အခဲက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ စိန်ခေါ်မှုကတော့ ရှိပါတယ်။ ဒီကာလမှာ ကျနော်တို့လူထုအတွက် အခွန်ကိစ္စတွေနဲ့ပေါ့နော။ အခွန်ကောက်လို့ရလာတဲ့ ငွေတွေကို လူထုဆီ ပြန်စီးဆင်းဖို့ စီစဉ်တယ်။ အဲ့ဒါတွေအတွက် စစ်ဆေးရေးဂိတ်တွေ ထားရတယ်။ ပြီးရင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို အဆင်ပြေအောင် စီမံရတာမျိုးတွေရှိတယ်။ အဲ့ဒီအပေါ်မှာကတော့ အားလုံးပေါ့လေနော သွားလာတဲ့သူတွေ၊ အထူးသဖြင့် ကုန်တင်တဲ့သူတွေအားလုံးက လိုက်နာဖို့ လိုတယ်ပေါ့နော။ မလိုက်နာနိုင်တဲ့ခါကြရင်တော့ ကိုယ့်လူထုအတွက်ပဲ အခက်အခဲ ရှိနိုင်တယ်လို့ မြင်တယ်ပေါ့နော။ ခုနက ဆန်ကို တင်ခွင့်မပြုဘူး ပြောတဲ့ကိစ္စက လူထုတွေရဲ့စားနပ်ရိက္ခာ လုံလောက်ဖို့အတွက် ဖြစ်တယ်။ သို့ပေမယ့်လည်း သယ်တဲ့သူများနေမယ်ဆိုရင် လူထုအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ ကျနော် မြင်တယ်ပေါ့နော။

မေး။ ။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဌာနက ချိတ်ဆက်မှုတွေ ရှိပါလား။

ဖြေ ။ ။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဌာနကတော့ သီးသန့်ရှိတယ်။ ကျနော်တို့ လုပ်ငန်းတွေ အရကတော့ ချိတ်ဆက်မှုတွေ ရှိပါတယ်။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောဆိုချင်တာရှိပါလဲ။

ဖြေ။ ။ ဒီလူထုတွေကို အသိပေးချင်တာပေါ့နော။ အဲ့ဒါကတော့ အခွန်ကောက်ခံတဲ့လုပ်ငန်းက လူထုတွေ အတွက် ဖြစ်တယ်။ အဲ့ဒီအပေါ်မှာ လူထုတွေက အဆင်မပြေမှုတွေ အခွန်ကောက်တဲ့ ကိစ္စရပ်တွေကို မသိတာမျိုး ရှိတယ်ဆိုရင် လွတ်လွတ်လပ်လပ် မေးလို့ရတယ်။ ဒါတွေက လူထုတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြန်သုံးဖို့ ဖြစ်တယ်ပေါ့လေ။ နောက်ပိုင်းကြရင်တော့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကာကွယ်ရေး ကိစ္စရပ်တွေ အဲ့ဒီအသုံးစရိတ်တွေက ဒီအခွန်ကနေ အများကြီး ဖြစ်လာလိမ့်မယ်။ သို့ပေမယ့် ကနဦး စတဲ့အချိန် ကတော့ အခက်အခဲတွေ အများကြီး ရှိသေးတယ်ပေါ့နော။ လူထုတွေအနေနဲ့ အခွန်လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ အများကြီး လိုပါလိမ့်မယ်။ အခွန်ကောက်ခံတဲ့ ကိစ္စရပ်တွေကို ဒီထက်ပိုပြီး မေးစေချင်တယ်။ လေ့လာစေချင်တယ်။ အကြံပြုပေးစေချင်တယ်။

ကန္တာရဝတီတိုင်း (မ်) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here