တနင်္သာရီရှိ စစ်ရှောင်စခန်းများတွင် မိုးရာသီကာလ အမိုးအကာအသုံးအဆောင်နှင့် စားနပ်ရိက္ခာအခက်ခဲကြုံနေ

0
45
ပုံစာ - ဥယာဉ်ခြံထဲတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်တချို့။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတို့တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ကန့်သတ်စစ်ဆေးမှုတို့ကြောင့် ယခုမိုးရာသီကာလအတွင်း အမိုးအကာအသုံးအဆောင်နှင့် စားနပ်ရိက္ခာတို့ အခက်အခဲ ကြုံနေလျှက်ရှိကြောင်း သိရသည်။

နေရာထိုင်ခင်းအခက်ခဲကြောင့် စစ်ဘေးရှောင်များ ရာသီဥတုဒဏ် ခံနေရသည့်အပြင် စစ်ဘေးရှောင်အမျိုးသမီးတို့ အတွက်လည်း လစဉ်သုံးပစ္စည်း ပြတ်လပ်လျှက်ရှိသည်ဟု ဒေသတွင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်သူတစ်ဦးက ပြောဆိုသည်။

“စားနပ်ရိက္ခာ စုဆောင်းဖို့က သူတို့ လုံးဝကန့်သတ်ထားတယ်။ အစစ်ဆေးကြောင့် လိုင်းကားတွေကလည်း သူတို့ မတင်ပေးဘူး။ တနင်္သာရီဘက်ဆို မိုးများတယ်၊ လေပြင်းတိုက်လေ့ရှိတဲ့အခါ အမိုးအကာအလုံအလောက် မရှိဘူး။ အမျိုးသမီးတွေဆို လစဉ်သုံး၊ အတွင်းခံတွေက မခြောက်ဘူးဆိုတော့ လိုအပ်လာတယ်” ဟု ၎င်းက ဆိုသည်။

တနင်္သာရီမြို့နယ် အပါအဝင် ရေဖြူ၊ လောင်းလုံး၊ ပုလော၊ သရက်ချောင်း၊ ထားဝယ် စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာတချို့တွင်လည်း ထိုသို့ကန့်သတ်ခံထားရသည်ဟု စစ်ဘေးရှောင်ကူညီကယ်ဆယ်သူများ၏ ပြောဆိုမှုအရ သိရသည်။

အဆိုပါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် နီးစပ်ရာ အဆင်ပြေသည့်နေရာ၌ နေထိုင်ကြရခြင်းကြောင့် စာနပ်ရိက္ခာပေးဝေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု သွားရောက်ပေးဆောင်ရာတွင် လမ်းခရီးတွင် အခက်ခဲနှင့် ရင်ဆိုင်ရသည်ဟု နွေဦးမေတ္တာမှ စစ်ဘေးရှာင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“တစ်လတခါ စားနပ်ရိက္ခာ သွားဝေပေးတယ်။ သူတို့ ၁၅ ရက်လောက်ပဲ ဖူလုံပါတယ်။ ကျန်တဲ့ရက်တွေက အဆင်ပြေသလို ရှာစားကြရတယ်။ စစ်ရှောင်တို့က စခန်းတစ်ခုတည်း မဟုတ်ဘူး။ သူတို့အဆင်ပြေတဲ့နေရာမှာ နေတယ်။ စာရင်း ယူထားကြတယ်။ လာဝေတဲ့နေ့ကို အကြောင်းကြားပြီး တစ်နေရာစုခိုင်းတယ်” ဟု ၎င်းက ပြောသည်။

အထူးသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို volunteer များနှင့် CDM ကျန်းမာရေးဝန်းထမ်းတို့က လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

လက်ရှိမိုးဦးကာလအတွင်း ဌက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျှက် ရှိသည်ဟုလည်း စစ်ဘေးရှာင်ကူညီသူများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလနှင့် ယခုမေလအတွင်း တိုက်ပွဲများကြောင့် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ ပုလော၊ တနင်္သာရီမြို့တို့တွင် နေရပ်စွန့်ခွာထွက်ပြေးသူ တိုးလာနေပြီး စစ်ဘေးရှောင်သူ ဦးရေ ၆ သောင်းနီးပါးအထိ ရှိလာသည်ဟု Fe 5 Tanintharyi ၏ တာဝန်ရှိသူတို့ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here