လွိုင်ကော်ထောင်တွင် ရောဂါဖြစ်ပွားနေသူဦးရေ မြင့်တက်လာ

0
43

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက ထောင်တွင်းရိက္ခာ လျှော့ချလိုက်ပြီးနောက် ရောဂါဖြစ်ပွားသူ အရေအတွက် ၂၀ ကျော်ထိ ရှိလာသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

လွိုင်ကော်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက ထောင်ဝင်စာ ပိတ်ခံထားရသည့်အပြင် ထောင်တွင်းရိက္ခာကိုလည်း လျှော့ချလိုက်သဖြင့် အကျဉ်းသားများ အာဟာရချို့တဲ့ပြီး ဝမ်းရောဂါ၊ လေဖြတ် ရောဂါ၊ နာတာရှည်ရောဂါများ ဖြစ်ပွားနေကြသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုသည်။

ကရင်နီနိုင်ငံရေး အကျဉ်းသားအစည်းအရုံး (KPPA) ပြန်ကြားရေးတာဝန်ခံကိုထားဖိုးက “သာမန်ဆိုရင်တော့ မနက်ပိုင်းကို ဆီနဲ့ဆနွင်းနဲ့ ထမင်းကြော်ပေးတယ်ပေါ့နော်။ မနက်တိုင်း ထမင်းကြော်ပုံစံ၊ နေ့လည်ပိုင်းဆိုရင် ထမင်းကို ပဲဟင်းပျစ်ပျစ်နှစ်နှစ်လေး ကျွေးတယ်ပေါ့နော်။ ညနေပိုင်းဆိုရင်လည်း ဟင်းရည်လေးတွေပါမယ်၊ ငပိရည် လေးတွေပါမယ်၊ လုံလောက်တဲ့ ထမင်းတွေကိုပေးတယ်” ဟု ပြောသည်။

အကျဉ်းသားမျာအား ယခင်က တပတ်ကို ၃ – ၄ ကြိမ် အသားကို စကေးဖြင့် ကျွေးသော်လည်း နောက်ပိုင်းတွင် အသား လုံးဝမကျွေးတော့သည့် အဆင့်ရောက်သွားသည်ဟု ကိုထားဖိုးက ဆက်ပြောသည်။

“နောက်ပိုင်း တဖြည်းဖြည်း သေးသေးသွားတယ်ပေါ့။ နောက်ပိုင်း မရှိတော့တဲ့အထိ ဖြစ်သွားတယ်။ အခုချိန်မှာ ဒါတွေက လုံးဝ လုပ်ပေးလို့မရတဲ့ အခြေအနေပေါ့နော်။ ၁၀ ယောက် ၁ ဖွဲ့မှာ ငပိရည် ၁ ဇွန်းလောက် ရရင်တောင်မှ ဟင်းကောင်းပြီလို့ ပြောကြတဲ့အခြေအနေ ရှိတာပေါ့နော်” ဟု ၎င်းက ဆိုသည်။

အကျဉ်းသားများသည် အာဟာရချို့တဲ့မှုကြောင့် ရောဂါ ဖြစ်ပွားနေကြသည့်အပြင် ဆေးပစ္စည်း မလုံလောက်မှု၊ ဆရာဝန်များက ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တာကြောင့် ထောင်ဝင်စာ ဖြတ်ခံထားရသည့် ၆ လကျော် အတွင်း ကိုယ့်ကိုယ်အဆုံးစီရင်သူနှင့် ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၆ ဦး ခန့် ရှိပြီဟု သိရသည်။

ယခင် ထောင်ဝင်စာ မပိတ်ခင် ကာလများတွင်လည်း နိုင်ငံရေးအကျဉ်းသား (နိုင်ကျဉ်း) မိသားစုဝင်များမှ ပို့ဆောင်သည့် ထောင်ဝင်စာများအား စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနက ကြားဖြတ်ယူခဲ့သောကြောင့် အကျဉ်းသားများထံ ရိက္ခာမရောက်ရှိခဲ့ဟု ကရင်နီနိုင်ငံရေး အကျဉ်းသားအစည်းအရုံး ဆိုသည်။

လတ်တလောတွင် ထောင်တွင်းအကျဉ်းသားများ အားလုံးနီးပါးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံနေရသော်လည်း နိုင်ကျဉ်းများအပေါ် ပြုမူဆက်ဆံပုံမှာ ပိုမိုဆိုးရွားသည်ဟု နိုင်ကျဉ်းဟောင်း ကိုထားဖိုးက ပြောသည်။

“တချို့သော ပုဒ်မအကျဥ်းသားတွေက ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့မှာ အခွင့်အရေးတွေ ပိုရနိုင်လဲဆိုတာ အမြဲတမ်း ရှာဖွေပြီးတော့ အသုံးပြုနေလိမ့်မယ်။ သို့ပေမယ့် နိုင်ငံရေးအကျဥ်းသားတွေက ဒါမျိုးမလုပ်ဘူး။ သူတို့ကို ပေးသလောက်သာ သူတို့ယူတယ်။ ဥပဒေအတိုင်းပဲ သူတို့နေထိုင်ကြတယ်။ အဲ့ဒီအတွက် အကျဥ်းသား အများစုက အနေဆင်းရဲ အစားဆင်းရဲကြတယ်” ဟု ၎င်းက ပြောပါသည်။

စစ်အာဏာသိမ်းကာလ စတင်ချိန်မှ လက်ရှိအချိန်အထိ လွိုင်ကော်အကျဉ်းထောင်ရှိ နိုင်ကျဉ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့မှ တစုံတရာ ကူညီထောက်ပံ့ခြင်းမျိုး မရှိခဲ့ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် နိုင်ငံရေးဦးဆောင်သည့် အဖွဲ့အစည်းများမှ ဦးဆောင်ဖြေရှင်းပေးစေလိုပြီး ယခုကဲသို့ စစ်ရေးအကဲဆတ်သည့် ကာလတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအတွက် ကြားခံညှိနိုင်မည့် နိုင်ငံတကာအဖွဲ့အစည်းများ ပေါ်လာမှသာ အကျဉ်းသားများအတွက် အဆင်ပြေမည်ဟု KPPA တာဝန်ရှိသူများက ပြောသည်။

လွိုင်ကော်ထောင်တွင် အကျဉ်းသားပေါင်း အယောက် ၄၀၀ ကျော် ရှိပြီး လွတ်ရက်စေ့ရန် ကျန်ရှိနေသေးသည့် နိုင်ကျဉ်းပေါင်း ၁၁၀ ကျော် ပါဝင်သည်ဟု အကျဉ်းဦးစီးဌာနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here