သရက်ချောင်းမြို့၊ သံတံတားစစ်ဆေးရေးဂိတ် တိုက်ခံရပြီး စစ်ကောင်စီပူးပေါင်းအဖွဲ့ ၄ ဦး သေဆုံး

0
41

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ရှိ သံတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးအဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

သံတံတား စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင်များကို ဒေါင်းညီနောင်စစ်ကြောင်းနှင့် ကော်သူးလေတပ်မတော် KTLA တို့က ပူးပေါင်းပြီး မေလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “မနက်စောစော လဖက်ရည်သောက်နေချိန် စပြီး ပစ်ခတ်လိုက်တာပါ။ ရုတ်ချည်း အလစ်ပစ်ခံရတာဆိုတော့ သေနတ်တောင် ယူလို့မရဘူး။ ၄ ယောက်ကတော့ နေရာမှာတင် သေတာ။ ကျန်တာက ဒဏ်ရာနဲ့ ထပ်သေတယ်လို့တော့ ကြားရတယ်” ဟု ပြောသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့ဝင် ၄ ဦးတို့ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီ သံတံတားစစ်ဆေးရေးဂိတ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက ဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သံတံတား စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီဘက်က ချက်ချင်းပြန်ပိတ်ခဲ့ပြီး ထိုနေ့ နံနက် ၉ နာရီခွဲမှ လမ်းပြန်ဖွင့်ပေးခဲ့ခြင်းကြောင့် ခရီးသွားလာကြသည့်ကားများ သုံးနာရီခွဲခန့်ကြာ ပိတ်မိနေခဲ့ကြသည်ဟု ဆိုသည်။

တိုက်ခိုက်ခံရသည့် သံတံတားကို နံနက် ၆ နာရီ မှ ညနေ ၆ နာရီ အထိသာ ဂိတ်တံတားဖွင့်ပေးခြင်းကြောင့် လမ်းသွားလမ်းလာများ အခက်အခဲဖြစ်ကြရကြောင်း ဒေသခံကားသမားတစ်ဦးက ပြောဆိုသည်။

သံတံတား စစ်ဆေးရေးဂိတ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၅ ဦး ခန့်ရှိနေပြီး အများစုမှာ ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြကြောင်း မြို့ခံများက ပြောသည်။

ယခု မေလအတွင်း အဆိုပါ သံတံတား စစ်ဆေးရေးဂိတ်၌ အသက် ၂၀ နှစ် ဝန်းကျင်အရွယ် လူငယ်အမျိုးသား ၄ ဦး ဖမ်းဆီးခံခဲ့သည်။

အဆိုပါ လူငယ်အမျိုးသား ၄ ဦးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငွေကြေးတောင်းခံပြီးမှ ပြန်လွှတ်ပေးခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here