ဝိုင်းမော်၊ ရွှေညောင်ပင် ခမရ ၃၂၁ စစ်ကောင်စီတပ်စခန်းမှ တပ်မိသားစုဝင်များစီးနင်းလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရ

0
46
ပုံစာ - KIA လွှတ်ပေးလိုက်သော စစ်ကောင်စီတပ်မိသားစုနှင့် တစ်သျှူးငှက်ပျောလုပ်သားများ စီးနင်းလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် လူမှုကူညီရေးအသင်းများသွားရောက်ကယ်ထုတ် (Photo - မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့က မြို့စောင့်တပ်ဖြစ်သည့် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းမှ KIA တပ်က ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်မိသားစုဝင်များနှင့် တစ်သျှူးငှက်ပျောလုပ်သားများ ပါဝင်စီးနင်းလာသော ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

KIA က ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်မိသားစုဝင်များနှင့် ငှက်ပျောလုပ်သားတချို့ အပါအဝင် လူအင်အား ၁၀၀ လောက်သည် မေလ ၂၆ ရက်နေ့ ညအချိန်က ဝိုင်းမော်မြို့နယ်ထဲကို ဝင်ရောက်လာချိန် တိုက်ခိုက်ခံရတာ ဖြစ်ကြောင်း ဝိုင်းမော်ဒေသခံများက ပြောပါသည်။

ယခုလို ပစ်ခတ်ခံရတာကြောင့် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိသူ ၂၀ ကျော်ကို ဝိုင်းမော်လူမှုကူညီရေး အဖွဲ့များက မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ကယ်ထုတ် နိုင်ခဲ့တယ်လို့ ဝါရှောင်ဆရာတော် အရှင်ဝိဇိယက ပြောဆိုသည်။

“ဒီမနက်ကယ်ခဲ့တဲ့အထဲမှာ ၂၃ ယောက် ရှိတယ်။ ချစ်ဦးမောင်ဆိုတဲ့ တစ်ယောက်က ဒီမှာရောက်မှ ဆုံးသွားတယ်။ ကားမှာ ပါလာတဲ့သူတွေက ၁၀၀ လို့လည်း ပြောကြတယ်။ ၆၀ လို့လည်း ပြောကြတယ်။ လက်နက်ကြီးတွေထိလို့ ပြန့်ကြဲကုန်တယ်” လို့ ဝါရှောင်ဆရာတော်က ပြောပါသည်။

ဖမ်းဆီးထားရာကနေ လွတ်ပေးလိုက်သော တပ်မိသားစုဝင်များနှင့်အတူ လိုက်ပါလာသော တစ်သျှူးငှက်ပျော အလုပ်သမား ၁၀၀ ခန့်က တစ်သျှူးငှက်ပျောတင်အတွဲကားတစ်စီး၊ 4 Wheel ကား ၃ စီး၊ ဆိုင်ကယ် ၁၀ စီးနှင့် ဝိုင်းမော်မြို့ဘက်ကို ဝင်ရောက်လာချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဝိုင်းမော်လူမှုကူညီရေးအဖွဲ့များက ပြောသည်။

ထိုသို့တပ်မိသားစုတွေ စီးနင်းလာသည့်ယာဉ်တန်း ပစ်ခတ်ခံရတာကြောင့် တချို့က ပစ်ခတ်ခံရသောနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားသလို တချို့ကထွက်ပြေးလွတ်မြောက်သွားပြီး လူမှုကူညီရေးအသင်းများက ဒဏ်ရာရရှိသူ ၂၃ ယောက်ကို သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ဖမ်းဆီးခံရမိထားသော စစ်ကောင်စီတပ်မိသားစုဝင်များကို KIA တပ်က မေလ ၂၆ ရက်နေ့ နေ့လည်ပိုင်းလောက်တွင် လွတ်ပေးခဲ့ပေမယ့် ညတွင်းအချိန် ဝိုင်းမော်ဘက်ကို ဝင်ရောက်လာတာကြောင့် အခုလိုပစ်ခတ်ခံရတာ ဖြစ်တယ်ဟု KIA နှင့် နီးစပ်သည့် ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“KIA ဘက်က နေ့လည်လောက်ကနေ စစ်ဆေးမေးမြန်းတာတွေ အကုန်လုပ်ပြီးမှ သွားခိုင်းလိုက်ပြီးလို့ သိရပါတယ်။ ဒါပေမယ့် ညအချိန်မှာမှ ဘယ်လိုဖြစ်လို့ ဝင်သွားကြလဲတော့ မသိရဘူး။ ညအချိန်အဆိုတော့ အကြည့်မှားပြီးတော့ မှားသွားတယ်လို့ထင်တယ်” ဟု ၎င်းက ပြောပါသည်။

ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြကြောင်း သိရသည်။

လက်ရှိ၌ တစ်သျှူးငှက်ပျောအတွဲကားနှင့် ပါလာသူ စုစုပေါင်း ၁၀၀ ဝန်းကျင်လောက်ရှိသည်ဟု ပြောဆိုနေကြပေမယ့် ထိခိုက်ဒဏ်ရာရရှိသူ ၂၃ ယောက်သာ သိရပြီး ပစ်ခတ်ခံရတဲ့နေရာမှာတင် သေဆုံးသွားသူနှင့် ထွက်ပြေးလွတ်မြောက်သွားသူတို့၏ စာရင်းအတိအကျ သိရှိနိုင်ရန် ခက်ခဲနေသေးသည်။

ဝိုင်းမော်မြို့အဝင် ခတ်ချိုလမ်းခွဲတွင် တပ်မိသားစုများ စီးနင်းလာသည့်ယာဉ်တန်း ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲနယ်မြေဖြစ်နေသော ဝိုင်းမော်မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကြောင့် စစ်ကောင်စီဘက်ကနေ မှားယွင်းပစ်ခတ်ခဲ့တာဖြစ်နိုင်သည်ဟု ဝိုင်းမော်ဒေသခံများက ပြောဆိုနေကြသည်။

ဝိုင်းမော်မြို့နယ်တွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေပြီး ဝိုင်းမော်မြို့စောင့်တပ်ဖြစ်သည့် ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း ၂ ခု အနက် ခလရ (၅၈) သာ ကျန်ရှိတော့ကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here