မောင်တောတွင် AA ဝင်ရောက်လာပါက ဒရုန်းဖြင့်ခုခံတိုက်ခိုက်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

0
39
ပုံစာ - ရွှေဇားသို့ သွားရာလမ်း

ရခိုင်ပြည် အနောက်ဘက်နယ်စပ်ရှိ စစ်ရေးတင်းမာနေသည့် မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲများ ဝင်ရောက်လာပါက ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ရန် စစ်ကောင်စီက ကြိုတင်ပြင်ဆင် စမ်းသပ်မှုများ ပြုလုပ်နေကြောင်း မျက်မြင်ဒေသခံ မွတ်ဆလင်များထံမှသိရသည်။

မောင်တောမြို့ အနီးပတ်ဝန်းကျင်ကို အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်ကလည်း ၎င်းတလက်နက်တပ်ဆင်ပေးထားသည့် မွတ်ဆလင်အင်အား ၁၀၀၀ ကျော်ခန့်နှင် စစ်အင်အားကို လူနေရပ်ကွက်များတွင် ဖြန့်ခွဲကာ ခံစစ်ဖြင့် ခုခံရန် ပြင်ဆင်နေသည်ဟု သိရသည်။

မျက်မြင်မွတ်ဆလင်တစ်ဦးက “မေလ ၂၅ ရက်နေ့ မနက်က စမ်းသပ်တာပါ။ မောင်တောမြို့အတွင်းကို AA တပ်သားတွေ ဝင်လာလို့ရှိရင် ဒရုန်းနဲ့ တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်ပုံရပါတယ်။ စစ်ကောင်စီက မနေ့ မနက်မှာ ပြင်ဆင်စမ်းသပ်မူတွေ လုပ်ပြီး လက်တွေ့ဗုံးချ စမ်းသပ်နေကြတာကို တွေ့ရပါတယ်” ဟု ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီသည် မောင်တောမြို့အား တပ်မ (၂၂) မှ စစ်သားများဖြင့် ထပ်မံ အင်အားဖြည့်တင်း ထားပြီး လက်နက်ကြီးများကိုလည်း အဓိကအားဖြင့် ကညင်ချောင်းစီးပွားရေးဇုန်နှင့် မောရ၀တီဗျူဟာတို့တွင် ဖြည့်တင်းထားကာ ဒရုန်းစမ်းသပ်မှုများကိုလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ရွှေဇားကျေးရွာမှ မျက်မြင်မွတ်ဆလင်တစ်ဦးက “မနေ့က မနက် ၅ နာရီလောက်မှာ စစ်တပ်က ကား ၂ စီးနဲ့ ရွှေဇားတံတား စစ်ဆေးဂိတ်ကို ရောက်လာကြတယ်။ လမ်းတွေကို ပိတ်လိုက်တယ်။ လူသွားလူလာ မပြုလုပ် စေဘူး။ မနက် ၆ နာရီကျော် လောက်မှာ သူတို့မှာပါလာတဲ့ ဒရုန်းတွေကို ရွှေဇားကျေးရွာ အုပ်စုက ကျေးရွာ တွေကို လွင့်တင်ကြပြီး ကြိုတင်စမ်းသပ်မောင်းနှင်ကြတယ်။ ရွှေဇားကပ္ပကောင်း ကျေးရွာနဲ့ ဟိန္ဒူကျေးရွာ ကြားကို ဒရုန်နဲ့ ဗုံးတစ်လုံးချပြီး လက်တွေစမ်းသပ်တယ်။ ရေကန်အနီးမှာ ကျပေါက်တယ်။ ထိခိုက်မှုတော့ ဘာမှမရှိဘူး” ဟု ပြောဆိုသည်။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့အား တိုက်ခိုက်နိုင်ချေရှိနေပြီး စစ်ကောင်စီကလည်း လူနေထူထပ်သည့် ရပ်ကွက်များအတွင်း တပ်ဖွဲ့လိုက် ဖြန့်ခွဲနေရာယူထားသဖြင့် တိုက်ပွဲ ဖြစ်ပွားလာပါက အရပ်သားများ ထိခိုက်မည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

စစ်ကောင်စီသည် မောင်တောမြို့နယ် မြောက်ပိုင်းမှ အရေးပါသည့် ကြိမ်ချောင်း၊ ကျီးကန်းပြင် ဌာနချုပ်နှင့် လှဖိုးခေါင် နခခ (၁၀) နယ်ခြားစောင့်စခန်းများ အပါအဝင် ဒါဇင်နှင့်ချီသော စစ်စခန်းများကို လက်လွှတ်ဆုံးရှုံး ခဲ့ရပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်မခံရရန် နည်းမျိုးစုံဖြင့် ကြိုစားပြင်ဆင်နေကြောင်း သိရသည်။

မြို့တွင်းသို့ ဝင်ရောက်နိုင်သည့် အရေးပါသည့် တံတား ၄ စင်းကိုလည်း AA က အသုံးပြုပြီး မြို့တွင်းထဲသို့ ဝင်ရောက် မလာနိုင်စေရန် စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ သို့အတွက် မေလ ၉ ရက် နံနက်မှစပြီး ယနေ့ အထိ မောင်တောမြို့ အဝင်အထွက် လမ်းများတွင် ပိတ်ဆို့ခံထားရသည်ဟု ဆိုသည်။

မောင်တောသို့ ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းလာရာ၌ စစ်ကောင်စီ၏ ဒရုန်းတပ်ဖွဲ့ပါ လိုက်ပါလာပြီး မောင်တောမြို့ မြို့မအားကစားကွင်း၌ စခန်းချထားကြောင်း၊ အာရက္ခတပ်တော် AA တပ်ဖွဲများ မြို့တွင်းသို့ ဝင်ရောင်လာနိုင်သည့် လမ်းကြောင်များအားလည်း ဒရုန်းများလွင့်တင်ကာ ကြိုတင်အစမ်းဗုံးချခြင်းများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here