စစ်တွေမှတ်ပုံတင်ကိုင်ဆောင်သူမဟုတ်သည့် စစ်ဘေးရှောင်အမျိုးသား ၄၀ ဦးကို စစ်ကောင်စီဖမ်းဆီး

0
45
ပုံစာ - လူသူတိတ်ဆိတ်ကင်းမဲ့နေသည့် စစ်တွေမြို့တွင်းတနေရာ။ (Photo – Social Media)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် လာရောက်စစ်ဘေးရှောင် နေထိုင်သူများမှ စစ်တွေမှတ်ပုံတင် ကိုင်ဆောင်သူများ မဟုတ်သည့် စစ်ဘေးရှောင်အမျိုးသား ၄၀ ဦး ကို စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက် ည ၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုသို့လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရွှေစေတီဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

“မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင် အဲဒီမှတ်ပုံတင်ရှိသူတွေကို ရွေးပြီးခေါ်သွားတာ။ အယောက် ၄၀” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသား အများစုပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါဘုန်းတော်ကြီးကျောင်းတွင် အနယ်နယ်အရပ်ရပ်မှ စစ်ဘေးရှောင်များနှင့် လုပ်ကိုင်စားသောက်ရ ကျပ်တည်း၍ ဝင်ရောက်နေထိုင်ကြသူ စုစုပေါင်း ၄၀၀ ဦး ခန့်ရှိပြီး ယင်းတို့အထဲမှ ဖမ်းဆီးသွားခြင်း ဖြစ်သည်။

အဆိုပါကျောင်းနှင့် နီးစပ်သူနောက်တစ်ဦးက ယခုဖမ်းဆီးခံရသူများသည် စစ်ဘေးရှောင်ရင်း ပန်းရံအလုပ် ဝင်လုပ်နေကြသူများဖြစ်ပြီး ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသည်။

စစ်တွေတွင် ယခုနောက်ပိုင်း စစ်တွေမှတ်ပုံတင် စတန (နိုင်) ကိုင်ဆောင်သူ မဟုတ်သူများကို စစ်ကောင်စီက ဖမ်းဆီးမှု ကြမ်းလာနေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေစေတီဘုန်းတော်ကြီးကျောင်းအပါအဝင် စစ်တွေရှိ အခြားဘုန်းတော်ကြီး ကျောင်း ၁၀ ကျောင်း ကျော်တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်များ၊ ကျောင်းနေကိုယ်ရင်တချို့နှင့် သံဃာတော်တချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးသွားသူများအနက် တစ်ဦးလျှင် ကျပ် ၂ သိန်း ပေးနိုင်သူများမှာ ပြန်လည်လွတ်မြောက်လာကြပြီး မပေးနိုင်သူများမှာ လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင် ခံနေရဆဲဟု သိရသည်။

ရခိုင်ပြည်တွင် တိုက်ပွဲ စတင် ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်အထိ ၄ လကျော် အတွင်း အရပ်သား ၄၇၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦးနှင့် မွတ်ဆလင်များလည်း ပါဝင်ကြောင်း အာရက္ခတပ်တော် (AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ကြေညာထားပါသည်။

နိရဉ္စရာ ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here