ပုဏ္ဏားကျွန်းမြို့ရှိ စစ်ဘေးရှောင်များ အရေးပေါ်အမိုးအကာများ လိုအပ်နေ

0
30

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းနေသည့်အတွက် စစ်ဘေးရှောင်စခန်းများ၌ အရေးပေါ် အမိုးအကာများ အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုဏ္ဏားကျွန်းရှိ အဆိုပါစစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်က တည်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မောင်တောမြို့နယ်တို့မှ အိမ်ထောင်စု ၁၃၀ ကျော် နေထိုင်ကြကာ လူဦးရေ ၇၀၀ ကျော်ခန့်ရှိသည်ဟု ထိုမြတ်လေးစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်မြင့်က ပြောပါသည်။

“အခုက မိုးတွေရွာလာပြီ။ မနက်မိုးရွာရင် ထမင်းချက်စားရတာ အဆင်မပြေဘူး။ ညအချိန် မိုးရွာလည်း မအိပ်ရဘူး။ နည်းနည်းခိုလှုံလို့ရတဲ့ အိမ်တွေမှာ ကပ်ခိုနေကြရတယ်။ မိုးရွာ၊ လေတိုက်တော့ တာပေါ်လင်တွေ အကုန်လန်ကုန်ပြီ။ ကူညီကယ်ဆယ်ရေးပေးတာတွေလည်း လုံးဝမရသေးပါဘူး။ စားသောက်ဖို့တောင် အဆင်မပြေတာ။ အမိုးအကာအတွက် ဝယ်နိုင်ဖို့ လုံးဝမတတ်နိုင်ကြပါဘူး” ဟု ဦးအောင်မြင့်က ပြောသည်။

ယခုရက်ပိုင်းအတွင် မိုးရွာသွန်းမှုများ ရှိလာ၍ မိုးသက်လေပြင်းများ ကျရောက်ချိန် တာပေါ်လင်များနှင့် ကောက်ရိုးမျှင်များဖြင့် အုပ်မိုး၍ ကာမိုးထားသည့်အိမ်အမိုးများမှာ လေဖြင့်လွင့်ထွက်သွားသည်ဟုလည်း ပန်းနီလာ စစ်ဘေးရှောင်စခန်း တာဝန်ခံမမြသန်းအေးက ပြောသည်။

“ မိုးရွာတော့ နေထိုင်လို့ အဆင်မပြေဘူး။ အပေါ်ကမိုးရွာချရင် အောက်ကိုအကုန်စီးကျတော့ အကုန်လုံးက ရေအိုင်တင်နေတယ်။ ညဘက်ဆို မိုးရွာရင် လုံခြုံတဲ့နေရာကို ဝင်ခိုရတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ဆို ပိုဆိုးကြတာပေါ့။ အခက်အခဲတွေက စားသောက်ဖို့တောင် ကျပ်တည်းနေတဲ့အချိန်မှာ ကိုယ်ထူကိုယ်ထ အမိုးအကာတွေဝယ်ဖို့က မတတ်နိုင်ကြဘူး” ဟု မမြသန်းအေးက ပြောသည်။

ပန်းနီလာ စစ်ဘေးရှောင်စခန်းတွင် မေလ တတိယအပတ်က တာပေါ်လင်စ ၆ ထောင် ပတ်လည် ထောက်ပံ့ လှူဒါန်းမှု ရှိခဲ့သော်လည်း အိမ်ထောင်စု ၅ စုသာ ရရှိခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“လာလှူတဲ့သူတွေကလည်း အကုန်လုံးအတွက် မလောက်လို့ဆိုပြီး လုံးဝအဆင်မပြေတဲ့ အိမ် ၅ ဆောင် အတွက် လှူခဲ့တယ်။ အမိုးအကာအတွက်ကတော့ အကုန်လုံး လိုအပ်နေကြတာပါ။ တတ်နိုင်သလောက် အမိုးအကာအတွက် ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မမြသန်းအေးက ဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်း၌ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ရွာဟောင်း၊ မြို့သစ်နှင့် စံပြရပ်ကွက်တို့မှ စစ်ရှောင်များ လာရောက်နေထိုင်ကြပြီး၊ ထိုစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တည်ထားခဲ့ကာ အိမ်ထောင်စု ၈၅ စု လူဦးရေ ၃၀၇ ဦး နေထိုင်လျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် မြတ်လေး၊ ပန်းနီလာ၊ သရက်ချို၊ အောင်ဖြူပြင်၊ ကြံခင်းနှင့် ကဏန်းတောင် စသည့်ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လမ်းဘေးတို့တွင် ယာယီတဲထိုးကာ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်လျက် ရှိကြသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here