တိုက်ပွဲပြင်းထန်နေသည့် ရခိုင်တွင် မြို့နယ် ၇ ခု၌သာ အခြေခံစာသင်ကျောင်းဖွင့်နိုင်

0
31
ပုံစာ - စစ်တွေမြို့နယ်အတွင်းရှိ အခြေပညာတွဲဖက်အထက်တန်းကျောင်းတစ်ခု။

တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်တွင် စစ်ကောင်စီက မြို့နယ် ၇ ခုတွင်သာ ကျောင်းဖွင့်နိုင်ပြီး ယခု ၂၀၂၃ – ၂၀၂၄ စာသင်နှစ်တွင် ကျောင်းအပ်နှံကြသည့် ကျောင်းသားဦးရေသည် မေလ ၂၆ ရက်နေ့ အထိ ၃၈,၀၀၀ ကျော်သာ ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်ရှိ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲ၊ အမ်း၊ ဂွနှင့် စစ်တွေမြို့နယ် စသည့် မြို့နယ် ၇ ခု တွင်သာ ကျောင်းဖွင့်နိုင်ပြီး ကျောင်းသား ၃၈,ဝဝဝ ကျော် ကျောင်းအပ်နှံကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောဆိုသည်။

“လျာထားတာတော့ မရှိဘူး။ ဝင်လာတာကို လက်ခံတာပဲပေါ့။ လောလောဆယ် ခုနှစ်မြို့နယ်မှာ သုံးသောင်းကျော် လောက်ပေါ့” ဟု ဦးဘထွီးစိန်က ပြောသည်။

တစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ ၂၃ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့ အထိ ကျောင်းအပ်နှံကြရန် စစ်ကောင်စီက ကြေညာထားသည်။

ကျန်နေသည့် မြို့နယ်များတွင် ကျောင်းများဖွင့်လှစ်နိုင်မည် မဟုတ်သည့်အတွက် ကျောင်းမဖွင့်နိုင်သည့် မြို့နယ် ၁ဝ ခုမှ ကျောင်းသားများအတွက်လည်း တစ်စုံတရာအစီအစဉ် မရှိကြောင်းနှင့် လက်ရှိ ၇ မြို့နယ် တွင်သာ ဆက်လက်ဖွင့်လှစ်သွားမည်ဟု ဦးဘထွီးစိန်က ဆက်ပြောသည်။

“အဲဒါတွေက လုပ်ဖို့အစီစဉ်က လောလောဆယ်မရှိသေးဘူး။ ကျောင်းလည်းမဖွင့်ဘူးဆိုတော့ သူတို့ကို ဘယ်လို လုပ်ရမလဲမသိဘူး” ဟု ၎င်းက ပြောသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ် တိုက်ပွဲများ ဖြစ်ပွားချိန်မှစ၍ စာသင်ကျောင်းများ ယာယီပိတ်ထား ခဲ့ရပြီးနောက် ဖုန်းနှင့် အင်တာနက်လိုင်းများ အပိတ်ခံရခြင်း၊ လမ်းခရီးများ ပိတ်ပင်ခံရမှုများ ကြောင့် ဒေသခံကျောင်းသားလူငယ်များသည် ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ကြရသည်။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,ဝဝဝ ကျော် ရှိပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊ မြေပုံနှင့် ပေါက်တော မြို့နယ်တို့တွင် စာသင်ကျောင်းများ ထောင်နဲ့ချီ၍ ပိတ်ထားရကြောင်း သိရသည်။

ရခိုင်တွင် ယခင် ၂ဝ၂၁ ခုနှစ် မှ ၂ဝ၂၃ ခုနှစ် အတွင်း ကျောင်းသားကျောင်းသူဦးရေ ၃ သိန်းမှ ၅ သိန်းကျော်အထိ ကျောင်းအပ်နှံပညာသင်ယူခဲ့ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here