“ကျနော်တို့ဘက်က ကလေးငယ်တွေကိုလည်း သတ်ဖြတ်ခြင်း မရှိသလို သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်ခြင်း မရှိပါဘူး” ဗိုလ်မိုက်ခဲ – Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင်

0
84
ပုံစာ - ရွာရှည်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် MBT တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်။

မြင်းခြံမြို့နယ်ရှိ ဆုံရွာနှင်ရွာရှည်ရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အုပ်စုလက်အောက်ခံ ပျူစောထီးများ အထိုင်ချစခန်းရှိသည့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆုံရွာကို ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မေလ ၉ ရက်နေ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ ဆုံရွာသည် ပျူစောထီးများ အထိုင်ချသောကြောင့် ဒေသခံများက ပျူရွာဟု ခေါ်ကြသည့် ရွာတစ်ရွာလည်း ဖြစ်ပါသည်။

ဆုံရွာကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း ပျူစောထီး ၅ ယောက် သေဆုံးကာ တချို့ထွက်ပြေး လွတ်မြောက် သွားကြပြီး ပျူစောထီးနေအိမ်များကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။

ထိုသို့တိုက်ခိုက်မှုအပြီး ငါးရက်ခန့်အကြာတွင် စစ်ကောင်စီဘက်က အင်အားနှစ်ရာခန့်ဖြင့် ဆုံရွာအနီးက ရွာရှည်ရွာကို စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

မြင်းခြံမြို့နယ်အတွင်း ဆုံရွာနှင့် ရွာရှည်ရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် စစ်ကောင်စီတပ် အနေအထားတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်သည့် Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဆုံရွာကို တိုက်ခိုက်ခဲ့ပုံနဲ့ အဲ့ဒီတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ ဆုံရွာကို မနက်ခင်း ငါးနာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ အဓိကတော့ သူတို့ဘက်က ပျူစောထီး ၅ ဦးကို ကျနော်တို့ဘက်က သုတ်သင်ရှင်းလင်းခဲ့တယ်။ ဒါတောင်မှပဲ သူတို့ဘက်က ခုခံထွက်ပြေးလို့ ပါ။ ပြီးရင်ကျန်တဲ့ သူတို့စခန်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်။ အရပ်သားပြည်သူ သတ်ဖြတ်မှုနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျနော်တို့ ထိပါးခဲ့တာ လုံးဝမရှိပါဘူး။

မေး။ ။ ဆုံရွာတိုက်ခိုက်မှုအတွင်းမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၃၂ ယောက် သေတယ်ဆိုပြီး စစ်အုပ်စုဘက်က ရေးသားထားကြတာတွေ့ရတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ ပြည်သူသေဆုံးမှု ရှိခဲ့ပါလား။

ဖြေ။ ။ ဒါကတော့ သူတို့ဘက်ကလုပ်တဲ့ သက်သက်မဲ့ဆိုက်ဝါးတခုပါ။ ကျနော်တို့ဘက်က ကလေးငယ်တွေ ကိုလည်း သတ်ဖြတ်ခြင်းမရှိသလို သက်ကြီးရွယ်အိုတွေကိုလည်း သတ်ဖြတ်ခြင်းမရှိပါဘူး။ သူတို့ကိုယ်တိုင် လက်နက်ကြီးနဲ့ ပစ်လို့မှန်တာတွေ၊ နောက်ပိုင်းကြတော့ သူတို့ကိုယ်တိုင် ပြန်ပြီး သတ်ဖြတ်လိုက်တယ်လို့တော့ ကျနော်ကတော့ ထင်ပါတယ်။ တော်လှန်ရေးပုံရိပ်ကို ချဖို့ အတွက်ပေါ့နော်။

မေး။ ။ ဆုံရွာကို တိုက်ခိုက်ပြီး ငါးရက်အကြာမှာ စစ်အုပ်စုဘက်က အဲ့ဒီနားက ရွာရှည်ရွာကို လာတိုက်တယ်လို့ သိရတယ်။ အဲ့ဒီမတိုင်ခင်မှာလည်း စစ်အုပ်စုဘက်က ရွာရှည်ရွာကို လာတိုက်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်တယ်ဆိုတော့ ရွာရှည်ရွာကို ဘာကြောင့်ထိုးစစ်ဆင်လာတာ ဖြစ်မလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ အဓိကတော့ ရွာရှည်ရွာကို သူတို့ (စကစ) ကိုယ်တိုင် အရင်ကတည်းက ငြိုးတာပါ။ ရွာရှည်ရွာက ပြည်သူတွေက ဆုံရွာကို တိုက်ပွဲအပြီး ပြန်လာတဲ့ PDF တွေကို အောင်သပြေနဲ့ ကြိုပေးတယ်။ အအေးဗူးတွေ ပေးတိုက်တယ်။ ညီညီညာညာနဲ့ ကြိုပေးတဲ့အတွက်ကို သူတို့က ပိုပြီးစိတ်တိုသွားတာပေါ့။ အဲ့ဒီအချိန်မှာ လာပြီးတိုက်တဲ့ နှစ်ရက်အတွင်းမှာ ကျနော်တို့ဘက်က ခုခံတိုက်ခိုက်လိုက်တဲ့အတွက် သူတို့ဘက်က အကျအဆုံး တော်တော်များသွားတယ်။ သူတို့ပိုပြီး စိတ်တိုသွားတယ်။ အဲ့မှာတင် သင်္ချိုင်းကုန်းက ဇရပ်ပါမကျန် မီးရှို့သွားတာပါဗျ။

မေး။ ။ ရွာရှည်ရွာတိုက်ပွဲမှာရော နှစ်ဘက်ထိခိုက်ကျဆုံးမှု ရှိခဲ့ပါလား။

ဖြေ။ ။ သူတို့ဘက်က ၆၀ ကျော်လောက် သေတယ်။ ၈၀ ကျော် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ရဲဘော်တွေ ၁၅ ယောက်လောက် ဒဏ်ရာရကြပါတယ်။

ပုံစာ – ရွာရှည်ရွာကို စစ်ကောင်စီအုပ်စုက မီးရှို့ဖျက်ဆီးခဲ့။

မေး။ ။ တိုက်ပွဲအပြီးမှာ ရွာကိုမီးရှို့ပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်သွားတယ်ဆိုတာရော ဟုတ်ပါလား။

ဖြေ။ ။ ဟုတ်ပါတယ် ဒီကောင် (စကစ) တွေက ရွာရှည်ရွာကို မီးရှို့ပြီးတော့ ဒေသခံပြည်သူ ၄ ဦးပေါ့နော်။ ကြားတာကတော့ ၆ ဦးလို့ ကြားပေမယ့် ကျနော်သိထားတာကတော့ လောလောဆယ်မှာ ၄ ဦးပါ။ အဲ့ဒီသူတွေကို ဒီကောင်တွေက PDF ဆိုပြီး စွပ်စွဲပြီး မီးရှို့သတ်ဖြတ်သွားတာပါ။ ဘုန်းကြီးကိုလည်း သူတို့တောင်းတဲ့ဆိုင်ကယ် မပေးလို့ဆိုပြီး ဘုန်းကြီးကျောင်းထဲမှာ ပြည်သူတွေထားခဲ့တဲ့ ဆိုင်ကယ်ကို တောင်းတာပေါ့။ ဘုန်းကြီးက မလုပ်ပါနဲ့လို့ ပြောလို့ ဘုန်းကြီးကိုပါးရိုက်ပြီး စမိတ်ခုံကို ခေါ်သွားတယ်လို့ သိရပါတယ်ဗျ။

မေး။ ။ လက်ရှိ မြင်းခြံနယ်ထဲမှာ စစ်အုပ်စု ရှိနေပါသေးလား။ နှစ်ဖက်တိုက်ပွဲ အခြေအနေကရော ဘယ်လို ရှိနေပါလဲ။

ဖြေ။ ။ လက်ရှိအနေအထားမှာလည်း ဒီကောင်တွေ (စကစ) ရှိပါတယ်။ ဒီကောင်တွေ စစ်ကြောင်းက ပျောက်နေတာပါ။ အခုတောင်မှ တခြားအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေပြီလို့လည်း ကြားပါတယ်။ ဒီဘက်ကို ကျော်လာတဲ့ ဟာတွေပေါ့နော်၊ ကိုင်းဘက်တွေမှာ ဖြစ်နေပြီ။ စစ်ဘေးရှောင် အရေအတွက်ကလည်း အခု တစ်ထောင်ကျော်လောက် ရှိနေပါပြီ။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here