“တော်လှန်ရေးလမ်းကြောင်းပေါ်မှာ သျှမ်းတပ် (၂) တပ် ရှိနေကြသေးလား” သျှမ်းလူငယ်ထုအမြင်များစုစည်းမှု

0
56
ပုံစာ - (SSPP/SSA) နှင့် (RCSS/SSA)

သျှမ်းလက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေသော သျှမ်းတပ်နှစ်တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့သည် ဘုံရန်သူဖြစ်သည့် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ခြင်း မပြုဘဲ ၂၀၂၂ မှ စတင်ပြီး အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။

စစ်အာဏာရှင် ဖက်စစ်တပ်မတော်၏ လူ့အခွင့်အရေးနှင့်တကွ အထွေထွေဖိနှိပ် အမြတ်ထုတ်မှုများကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် သျှမ်းလူငယ်နွမ်စစ်ဟန် ဦးဆောင်သည့် သျှမ်းလူငယ် (၃၁) ဦးသည် သျှမ်းပြည်တပ်မတော်ကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က မိုင်းတုံမြို့နယ်၊ နမ့်ကျွတ်ချောင်းဘေး တောတွင်းတွင် သွေးသစ္စာရေသောက်ပြီး သျှမ်းလက်နက်ကိုင်တော်လှန်ရေး စခဲ့သည်မှာ ယခုနှစ် မေ ၂၁ ရက်တွင် ၆၆ နှစ် ပြည့် မြောက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်၍ သျှမ်းပြည်မြောက်ပိုင်း၌ “၁၀၂၇ စစ်ဆင်ရေး” ပြင်းထန် နေစဉ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် သျှမ်းတပ်နှစ်တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့သည် နှစ်ဘက်တပ်ဖွဲ့ အချင်းချင်းကြား အချက် (၉) ချက် ပါဝင်သည့် သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲခဲ့ ကြသည်။

ထိုသို့သျှမ်းတပ်နှစ်တပ်အကြား အပစ်အခတ် ရပ်စဲပြီးနောက် ၅ လကျော် အကြာတွင် ရပ်စောက်မြိုနယ်အတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခဲ့ရာ သျှမ်းလက်နက်ကိုင်တော်လှန်ရေးတွင် အဓိက တာဝန်ရှိသည့် သျှမ်းတပ်နှစ်တပ်အပေါ် သျှမ်းလူငယ်များ၏ သဘောထားအမြင်များကို မေးမြန်ပြီး စုစည်းဖော်ပြလိုက်ပါသည်။

ပုံစာ – (SSPP/SSA) နှင့် (RCSS/SSA)

စိုင်းဟက် (တက်ကြွလှုပ်ရှားသူ)

ဘုံရန်သူကို မတိုက်ဘဲနဲ့ အချင်းချင်း ပြန်တိုက်နေတာက မကောင်းဘူးပေါ့။ လူ့အရင်းအမြစ် အလကား ဖြုန်းတီးတယ်။ ဘာမှလည်း အကျိုးမရှိဘူး။ ဒီတပ်နှစ်တပ်ကို အလုပ်အကျွေးပြုနေတဲ့ ပြည်သူလူထုပဲ ပြန်နစ်နာတယ်။ အနာဂတ် သျှမ်းတော်လှန်ရေးလမ်းစဉ်က ဘယ်လိုရောက်သွားနိုင်လဲဆိုတော့ ဒီလိုမျိုး ဒွိဟစိတ်တွေတို့၊ ဘယ်တပ်ကို ဝင်ရမလဲ အချင်းချင်း ပြန်တိုက်နေကြတာတို့ ဖြစ်နေတာကြတော့ ရေရှည် တော်လှန်ရေး အတွက်ကြတော့လည်း မကောင်းဘူးပေါ့။ ဒါက အင်အားဆုတ်ယုတ်စေတဲ့ လမ်းစတစ်ခုပဲ။ တခုမေးစရာ ရှိတာက အခုရော တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ရှိနေလားပေါ့၊ အဲ့တော့ ဒီထက် လမ်းပိုလွဲရုံပဲ ရှိတယ်လို့ ကျနော်ကတော့ အဲ့လိုပဲ မြင်တယ်။ ညီညွတ်ရေးဆိုတာ ယုံကြည်မှုပေါ့၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နေမှ ညီညွတ်ရေးက တည်ဆောက်လို့ရမယ်။ မယုံကြည်ဘဲနဲ့တော့ ကျနော်တို့ ဘာမှ တည်ဆောက်လို့ မရဘူး။

အဲ့လိုအချိန်ကြရင် လူမျိုးတိုင်းမှာထားရှိတဲ့ လူမျိုးစွဲကိစ္စတွေကော ခဝါချပြီး ထားခဲ့ရမှာပဲ၊ အဲ့တာပြီးမှ ညီညွတ်ရေး တည်ဆောက်နိုင်ပြီး ဘယ်တော့မှမပြီးဆုံးတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မယ်လို့ မြင်တယ်။ ကိုယ်ဘယ်လမ်း ကို သွားနေလဲ၊ ဘယ်လိုလုပ်ရမလဲဆိုရင် ချပြနိုင်သလောက် ချပြပြီး လူငယ်တွေအနေနဲ့ရော အခြေအနေနဲ့ အချိန်အခါကို လေ့လာသုံးသပ်နိုင်တဲ့ Capicity ကိုယ့်ဘာသာ တည်ဆောက်ရမယ်၊ နောက်ပြီးတော့ လူငယ်ကို လူငယ်ပီပီ ရဲရဲဝံ့ဝံ့ နေတတ်ဖို့လိုတယ်။ အခြေအနေ အကျိုးအကြောင်း အကောင်းအဆိုးကို သုံးသပ်ဆင်ခြင်နိုင်တဲ့ ပုံစံနဲ့ အကျိုးအပြစ်တွေကို ဝေဖန်ပိုင်းခြားပြီးမှ အတူတူ ဘယ်လိုရှေ့ဆက်သွားသင့်လဲဆိုတာ ဆုံးဖြတ်သင့်တယ်။ ကျနော်တို့ မျှော်လင့်ချက်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စစ်ပွဲတွေ လုံးဝမရှိတော့ဘဲ နိုင်ငံရေး ပြဿနာတွေ မရှိတော့တဲ့ အခြေအနေတစ်ခု ဖြစ်လာအောင် မျှော်လင့်တယ်။ နောက်ပြီးတော့ အာဏာရှင်တွေ လုံးဝဆိတ်သုဉ်းသွားတဲ့အထိ လိုချင်တယ်။

ဒီထက်ခရီးပေါက်အောင် လုပ်ဖို့ဆိုရင် လူကြီးရောလူငယ်ရော အားလုံးအတူတကွ လုပ်ဆောင်သွားဖို့တော့ လိုတယ်။ အဲ့ဒါမှသာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်နိုင်မယ်။ လူငယ်က လူငယ်လို နေကြပါ၊ လူငယ်အားလုံးကို လွတ်လပ်တဲ့ ကွန်ရက်တစ်ခု အဖွဲ့အစည်းတစ်ခု သူ့ဘာသူ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ကိုယ့်လမ်းအတိုင်း သွားစေချင်တယ်။ အဲ့လိုမျိုး ရှိလာပြီးမှ လူငယ်ကလည်း ပြည်သူလူထုထဲကပဲပေါ့၊ ဒီတပ်နှစ်တပ်ကိုရော တခြားနိုင်ငံရေးပါတီတွေကိုရော ဝေဖန်ရဲရမယ်။ လူငယ်တစ်ယောက်အနေနဲ့ မှားနေရင် ထောက်ပြရဲရမယ်။ ပြီးတော့မှ ဘယ်အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုအောက်ကိုမှ မရှိတဲ့ လူငယ်အဖွဲ့အစည်းမျိုး ဖြစ်စေချင်တယ်။ အဲ့ဒါမှသာ ကျနော်တို့အချင်းချင်းကြားမှာ ထိန်းညှိမှုတွေ ရှိသွားမှ ကျနော်တို့ရဲ့နိုင်ငံရေးက အဆင်ပြေသွားမယ်လို့ မြင်တယ်။

စိုင်းဖဆိုင် (မိုင်းပန်လူငယ်)

သျှမ်းတပ် ၂ တပ် ပြန်တိုက်တာက ကျနော်တို့သျှမ်းတိုင်းရင်းသားအတွက် အဓိက အားနည်းချက်ဖြစ်တယ်။ အဓိကတော့ သျှမ်းလူငယ်အရင်းအမြစ်တွေ အများကြီး ဆုံးရှုံးရတယ်။ သျှမ်းရွာတွေလည်း ပျက်စီးရတယ်။ ပြည်သူတွေလည်း ထွက်ပြေးရတယ်။ ကိုယ့်အချင်းချင်းကြားမှာလည်း မိသားစုတောင်မှ မနွေးထွေးတော့ဘူး။ ကျနော်တို့ ဒီအချက်တွေကြောင့် သျှမ်းအချင်းချင်းတူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ တူညီတဲ့စိတ်ဓာတ်တွေနဲ့ ပြည်သူတွေ ပိုပြီးတော့အားကိုးရတဲ့ သျှမ်းစစ်တပ် ဖြစ်လာဖို့၊ ပြီးတော့ ကျနော်တို့ ဘုံရန်သူကိုလည်း ရှင်းရှင်းလင်းလင်း သိလာပြီးတော့ အတူတူပူးပေါင်းပြီးတော့ တိုက်ထုတ်ရမှာ ဖြစ်ပါတယ်။

သျှမ်းလူငယ် တစ်ယောက်အနေနဲ့ သျှမ်းတော်လှန်ရေးလမ်းစဉ်အပေါ်မှာ မျှော်လင့်ချက်အများကြီး ရှိပါတယ်။ ဘာလို့ဆိုတော့ ဒီတော်လှန်ရေးမှာ သျှမ်းတပ် ၂ တပ်ကပေါ့၊ ရပ်တည်ချက်အမျိုးမျိုး ရှိတယ်။ အကယ်၍ သူတို့က ရပ်တည်ချက် ရှင်းလင်းပြီး သူတို့အချင်းချင်း ဘုံတစ်ခုတည်းအနေနဲ့ ရပ်တည်ချက် ရှိခဲ့မယ်ဆိုရင်တော့ သျှမ်းလူငယ် တစ်ယောက်အနေနဲ့ အားတက်မိမယ်။ အဲ့လိုမျိုး ရပ်တည်ချက် ရှင်းလင်းတဲ့အခါကြရင် သျှမ်းလူငယ် တွေလည်း အားပေးကူညီဖို့ အသင့်ရှိတယ်။ သျှမ်းတော်လှန်ရေး အောင်မြင်ဖို့ ဘာတွေလိုလဲဆိုတော့ အရင်ဆုံး ကျနော်တို့ အချင်းချင်း မတိုက်ကြဖို့၊ အချင်းချင်း ကူညီကြဖို့ပေါ့။ အဲ့အချိန် ရှိလာခဲ့မယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးက မြေကြီးလက်ခက်မလွှဲ အောင်မြင်မှာပါ။

စိုင်းတိုင်းလွယ် (တက်ကြွလှုပ်ရှားသူ / သျှမ်းပြည်မြောက်ပိုင်း)

ကျနော်အနေနဲ့ သျှမ်းတော်လှန်ရေး ၂ တပ် ပြန်တိုက်တဲ့အပေါ်မှာ တကယ်စိတ်မကောင်း ဖြစ်မိတယ်။ အချင်းချင်း အဓိက ကတော့ အဖွဲ့စွဲကြောင့် ဖြစ်တယ်လို့တော့ အဲ့လိုထင်တယ်။ အမျိုးသားရေးကို အဓိက ဘုံအလယ်မှာ ထားပြီး ဆွေးနွေးမယ်ဆိုရင် ဒီလိုမျိုးတိုက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်ပြီးတော့ မူဝါဒ၊ ပေါ်လစီပေါ့ သူတို့ပြောကြတာ မတူဘူး။ ညှိလို့မရဘူးဆိုတာ ကျနော်အမြင် ဒါကအပြောသက်သက်ပဲ။ တကယ်တမ်း အမျိုးသားရေးကို ဘုံအလယ်မှာထားပြီး ညှိမယ်ဆိုရင် ဒါကညှိလို့ရတယ်။ ကျနော်တို့ ရည်မှန်းချက်တစ်ခု ထားလိုက်ပြီးတော့ အချင်းချင်းညှိနှိုင်းပြီး အတူတူလျှောက်ကြမယ်ဆိုရင် သျှမ်းအချင်းချင်းကြား ပြဿနာက ပြေလည်သွားနိုင်မယ်။ အခုကတော့ စစ်ကောင်စီကလည်း စစ်သားစုဆောင်းရေးတွေ လုပ်နေတယ်။ ကျနော်တို့ ဘက်မှာလည်း SSPP နဲ့ RCSS ကလည်း တပ်သားစုဆောင်းတာ လုပ်နေတယ်။ SSPP နဲ့ RCSS နှစ်ဖွဲ့ထဲ ဘယ်ဟာ ဝင်ရမလဲဆိုတာ ကျနော်အနေနဲ့ ဘယ်အဖွဲ့ထဲ ဝင်ပါလို့တော့ ကျနော်မပြောချင်ဘူး။

တကယ်တမ်း ဘယ်အဖွဲ့က အမျိုးသားရေးအပေါ် သစ္စာမဖောက်ဘူးဆိုရင် အဲ့လိုအဖွဲ့မျိုးထဲ ကျနော်ဝင်စေ ချင်တယ်။ လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုသုံးသပ်ပေါ့။ ဘယ်အဖွဲ့က အမျိုးသားရေးအပေါ် သစ္စာမဖောက်ဘူး၊ သျှမ်းအမျိုးသားအတွက် အလုပ်လုပ်နေတယ်၊ အဲ့လိုမျိုးမှာဝင်ရင် ပိုကောင်းတာပေါ့။ မရှိဘူးဆိုရင်တော့ မဝင်နဲ့ပေါ့၊ အဖြေကတော့ ရှင်းရှင်းလေးပဲပေါ့။ သျှမ်းပြည်သူလူထုရဲ့ ဆန္ဒကတော့ သူတို့ ၂ ဖွဲ့ကို ပေါင်းစေ ချင်တယ်။ အဲ့လိုမျိုး ဖြစ်လာတယ်ဆိုရင်တော့ လူငယ်တွေအနေနဲ့က ရွေးစရာ မလိုတော့ဘူး၊ လူငယ်တွေရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်စရာ မလိုတော့ဘူး။ နောက်ပြီးတော့ သူတို့ရဲ့ပေါ်လစီကို ဘယ်လိုချပြထားလဲပေါ့။ အဲ့ဒီအပေါ်ကြည့်ပြီး ဆုံးဖြတ်ပေါ့။ အရင်တပတ်ကလည်း SSPP Info က စစ်အာဏာရှင်ကို တော်လှန်မယ်ဆိုပြီးမှ တင်ထားတာ တွေ့တယ်။ ကြေညာပြီးတော့မှ မကြာပါဘူး အချင်းချင်းကြား ပြန်တိုက်တယ်။ ကိုယ်လုပ်ရမယ့် ဟာနဲ့ လုပ်သင့်တဲ့ဟာပေါ့၊ သူတို့က နည်းနည်းများ လွဲနေမလားပေါ့။

စစ်အာဏာရှင်ကို တော်လှန်မယ်လို့ ကြေညာပြီးတော့ အချင်းချင်း ပြန်လာတိုက်တာကတော့ အနုတ်လက္ခဏာ ဆောင်တယ်။ သျှမ်းတပ် ၂ တပ်က ပူးပေါင်းနိုင်တယ်ဆိုရင် မိဘပြည်သူအတွက်ကတော့ အားအင်ပဲပေါ့။ သျှမ်းတပ် ၂ တပ် ပူးပေါင်းနိုင်ရင်တော့ သျှမ်းပြည်ရဲ့ ပြဿနာ ၅၀ % က ပြေလည်သွားနိုင်တယ်။ လူငယ်တွေ အတွက်ကတော့ နေရာပေးရမှာပေါ့။ သူ့ရဲ့အရည်အချင်းနဲ့ ထိုက်တန်တဲ့ နေရာမှာ ဥပမာ- စစ်တပ်ထဲ ဝင်ရရင် တောင်မှ သူ့ရဲ့အရည်အချင်းနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ ထိုက်တန်တဲ့နေရာမှာ ပေးမယ်ဆိုရင် လူငယ်တွေ စိတ်ဝင်စား လာမယ်။ နောက်တစ်ခုက အမျိုးသားရေးစိတ်ပေါ့၊ တခါတလေ ကျနော်တို့တော်လှန်လာတာလည်း ဘာကြောင့် တော်လှန်လည်းဆိုတာ မေ့နေပြီပေါ့။ တကယ်တမ်းက ကိုယ့်ရဲ့အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန် နေတာ။ ကျနော်တို့ သျှမ်းလူငယ်တွေကြားထဲမှာလည်း အမျိုးသားရေးစိတ်ဓာတ်တွေ နည်းလာသလားလို့ ကျနော်မြင်တာပေါ့။ ဒီလိုမျိုး တက်ကြွရမယ့်နေရာမှာ အကောင်အထည် မမြင်လို့လဲနေမှာပေါ့။

တခါတလေကျရင် စစ်တပ်ကလည်း အချင်းချင်း ပြန်တိုက်တယ်။ လူငယ်တွေအတွက်လည်း နေရာမပေးဘူး။ တကယ်လက်တွေ့နဲ့ယှဉ်ရင် ဘာမှလည်း မဖြစ်လာဘူး။ ကျနော်တို့က ဘာမှမရသေးဘူး၊ စစ်သားကြတော့ ကောက်တယ်၊ အကောင်အထည်ကြတော့ မဖော်ဘူး ကိုယ့်အချင်းချင်းကြတော့ ပြန်ချနေတယ်ဆိုရင် လူငယ်တွေက မဝင်ချင်ဘူးလေနော်၊ တော်လှန်ရေးထဲ ဝင်ဖို့ တွန့်ဆုတ်နေတယ်လို့ ကျနော်အဲ့လိုမြင်တယ်။ အဓိက ကျနော်တို့ရဲ့ ရည်မှန်းချက်ရောက်အောင် ဘယ်ဟာပဲလုပ်လုပ် ဘုံရည်မှန်းချက် တူရမယ်။ ဥပမာ – MTA ခေတ်ကဆိုရင် သူပြောတာက သျှမ်းပြည် လွတ်မြောက်ရေးပေါ့။ အဲ့လို Propaganda နဲ့ ပြောတော့ အဲ့အချိန်မှာ လူငယ်တွေက စိတ်ဝင်စားတယ်။ အဲ့တုန်းက အကုန်လုံးနီးပါး MTA ထဲကို ဝင်ကြတယ်။ အဓိကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကို လူငယ်တွေကို ချပြတယ်။ ပထမတစ်ခု ကျနော်တို့ ရည်မှန်းချက်ထားရမယ်၊ ဘာလုပ်ရမလဲ ဆိုတာ သေသေချာချာသိရမယ်။ သျှမ်းပြည်လွတ်မြောက်ရေးလား၊ ဖက်ဒရယ်ဒီမိုကရေစီလား။ အဲ့ဒါတစ်ခု အတူတူထားမယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ဒီရည်ရွယ်ချက်အတိုင်းသွားမယ်ဆိုရင် ပန်းတိုင်ကို တနေ့တော့ ရောက်မှာပါ။

သျှမ်းအမျိုးသမီးလူငယ်တစ်ဦး (သျှမ်းပြည်တောင်ပိုင်း)

ကျမတို့ သျှမ်းတပ် ၂ တပ်က အမျိုးသားရေးဆိုတာထက်ကို ကိုယ့်ရဲ့ပေါ်လစီ၊ ကိုယ့်ရဲ့မူဝါဒနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို စွဲကိုင်ကြလို့ပဲ အချင်းချင်းတိုက်ပွဲဖြစ်ရတယ်။ ပြီးရင် အာဏာမက်မောမှုလည်း ပါတယ်။

သျှမ်းတော်လှန်ရေး ဒီထက်ခရီးပေါက်အောင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုတော့ နိုင်ငံရေးရည်မှန်းချက်ပေါ့၊ နောက်နောင် ဘယ်လိုပုံစံမြင်ချင်လဲဆိုတဲ့ တိကျတဲ့ပန်းတိုင်လည်း ရှိရမယ်။ အဲ့လိုမျိုး တိကျတဲ့ ပန်းတိုင်ရှိမှပဲ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မယ်လို့ မြင်မိပါတယ်။ ဒီအချိန်မှာက တိုင်းရင်းသားတိုင်းက တော်လှန်နေကြတာပဲလေ။ ဘုံရန်သူကို တိုက်နေတဲ့အချိန်မှာ ကျမတို့ရဲ့ သျှမ်းတော်လှန်ရေးတပ်ကကြတော့ ဘာလုပ်နေသလဲ။ ဘယ်လမ်းကြောင်းကို သွားမလဲ။ ဘယ်လိုပုံစံ သွားနေသလဲ ဆိုတာလည်း တိတိကျကျနဲ့ ပွင့်လင်းမြင်သာမှု ရှိပြီးတော့မှ ပြည်သူတွေကို ချပြစေချင်တယ်။ တင်ပြစေချင်တယ်။ အဲ့ဒါမှပဲ ပြည်သူတွေရော လူငယ်တွေရော ပူးပေါင်းပါဝင်မှု ရှိလာမှာဖြစ်တယ်။

နန်းခွမ်လိတ် (ငြိမ်းချမ်းရေးဆိုင်ရာ သုတေသနလုပ်ကိုင်သူ)

သျှမ်းလက်နက်ကိုင် တော်လှန်ရေးလမ်းခရီးက ၆၆ နှစ် တိုင်ခဲ့ပြီ။ အဓိက ရည်ရွယ်ချက်ကတော့ အမျိုးသား တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ပြန်လည်ရရှိဖို့ဖြစ်တယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာပေါ့နော်။ အားလုံးသိကြတဲ့အတိုင်း ပင်လုံစာချုပ် ချုပ်ဆိုခဲ့တယ်။ အဲ့ဒီမှာ တန်းတူညီမျှမှုရှိရမယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိရမယ်ပေါ့နော်။ အဲ့တုန်းကဆိုရင် ၁၀ နှစ် ပြည့်လို့မှ ပြည်ထောင်စုထဲမှာ ပူးပေါင်း ပါဝင်ရတာ အဆင်မပြေဘူး။ အခွင့်အရေးတွေ ရသင့်သလောက် မရဘူးဆိုရင် ခွဲထွက်ခွင့် ရှိတယ်ဆိုတဲ့ သဘောတူညီချက် ရှိခဲ့တယ်။ ဒါပေမယ့် အဲ့ဒီသဘောတူညီချက်တွေကို လျစ်လျူရှုခြင်း ခံခဲ့ရတယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ်ပေါ့၊ လူမျိုးတမျိုးအပေါ်မှာ အခြေခံပြီးတော့မှ တောက်လျှောက်အုပ်ချုပ်ခဲ့တယ်။ ဒီပြဿနာ တွေကြောင့်ပဲ သျှမ်းလက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရတယ်။ ဒီနေ့ဒီအချိန်အထိ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီဆိုပေမယ့်လည်း တော်လှန်ရေးလမ်းခရီးက မဆုံးသေးဘူး။ အမျိုးသားတန်းတူညီမျှမှု ဒါတွေက လက်ရှိ အချိန်ကာလအထိ မရှိသေးဘူး။

လက်ရှိ သျှမ်းလက်နက်ကိုင်တော်လှန်ရေး အခြေအနေကို ကြည့်ရမယ် ဆိုရင်တော့ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုအုံကြွမှုတွေ ရှိလာတယ်။ အထူးသဖြင့် ပြည်မအင်အားစု လူထုတွေကြားထဲမှာ တောက်လျှောက်တောင်းဆိုလာခဲ့ကြတာက ဒီမိုကရေစီ အရေး လွတ်လပ်ခွင့်ပေါ့။ တော်တော်များများပြောကြတာက ပြည်မဒီမိုကရေစီ အင်အားစုတွေက အစပေါ့လေ။ တိုင်းရင်းသားတွေရဲ့ လိုလားချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်စနစ် ဖော်ဆောင်သွားရေးဆိုတဲ့ တောင်းဆိုချက်တွေကို နားမလည်ခဲ့ဘူး။ ဒါပေမယ့် ၂၀၂၁ နောက်ပိုင်းမှာတော့ အင်အားစုတွေ တော်တော်များများ နားလည် လက်ခံလာကြပြီ။ အနည်းဆုံးကတော့ ကြွေးကြော်လာကြတယ်၊ လက်ခံလာကြတယ်။ ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံပြီးတော့မှ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နည်းလမ်း အမျိုးမျိုးနဲ့ တိုက်ပွဲဝင်နေတဲ့ အခင်းအကျင်း ဖြစ်တယ်။

ဒီလိုအခင်းအကျင်းမှာ နှစ်ပေါင်း ၆၀ ကျော် အာဏာရှင် စနစ်ရယ်၊ လူမျိုးကြီးဝါဒရယ် ဒါတွေကို တောက်လျှောက် တော်လှန်ပုန်ကန်လာတဲ့ အင်အားစုတွေအနေနဲ့ အခွင့်ကောင်း ယူရမယ့် အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ သျှမ်းလက်နက်ကိုင်တော်လှန်ရေးကို ဦးစီးဦးဆောင် လုပ်နေတဲ့ အင်အားစုနှစ်ခုက ညှိညှိနှိုင်းနှိုင်းနဲ့ ဒီအခြေအနေ ကို အခွင့်ကောင်းယူရမယ့်အစား အချင်းချင်းပြန်ပြီး တိုက်နေရတယ့် အခြေအနေမှာ ရှိတယ်ဆိုတော့ တော်တော်များများ ကြားသိရတာကတော့ လူငယ်တွေ ကြားထဲမှာရော လူထုကြားထဲမှာရော လမ်းပျောက်တယ်။ သျှမ်းလက်နက်ကိုင် တော်လှန်ရေးကို ဦးစီးဦးဆောင် လုပ်နေတဲ့ အဖွဲ့တွေက ဘာတွေစဉ်းစားနေတာလဲ။ ဘာကြောင့် အချင်းချင်း ပြန်တိုက်နေရတာလဲ။ သူတို့ရဲ့ လမ်းကြောင်းက ဘယ်ဘက်ကို ဦးတည်နေတာလဲ။ တကယ်ပဲ ကိုယ်မျှော်မှန်းတဲ့ အမျိုးသားတန်းတူညီမျှမှု ရှိဖို့အတွက် အမျိုးသားလွတ်မြောက်ရေးအတွက် တကယ်ပဲတိုက်ပွဲဝင်နေတာ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်း မေးစရာတွေ ဖြစ်လာတော့ လူထုအနေနဲ့ လမ်းပျောက်တယ်။

ပြီးရင် ပိုဆိုးတာက ဒီလိုဦးစီးဦးဆောင် တာဝန်ယူ ထားတဲ့လူတွေ ကိုယ်တိုင်က မပေါင်းစည်းနိုင်ဘူး၊ ညှိညှိနှိုင်းနှိုင်းနဲ့ မလုပ်နိုင်တဲ့ အခြေအနေမှာ လူထုတွေ လူငယ်တွေကြားထဲမှာ အကွဲကွဲအပြဲပြဲ ဖြစ်စေတယ်။ နင်ကသူ့ဘက် ငါကဒီဘက်၊ နင်မှန်တယ် ငါမှားတယ်ဆိုတဲ့ အပြစ်ဖို့တဲ့ ဓလေ့ကနေ မရုန်းထွက်နိုင်ဘူး။ လက်ရှိအခြေအနေမှာဆိုရင်တော့ ကူရာကယ်ရာမဲ့တဲ့အချိန်၊ တော်လှန်ရေးအဖွဲ့တွေ အနေနဲ့လည်း သူတို့သွားချင်တဲ့ လမ်းကြောင်းအပေါ်မှာ မရှင်းမလင်းဖြစ်တယ်။ လက်ရှိအခြေအနေမှာတော့ ဒီလိုဖြစ်တယ်။ ဒါ့အပြင် သျှမ်းတော်လှန်ရေးအဖွဲ့တွေအနေနဲ့ ညှိညှိနှိုင်းနှိုင်း မလုပ်နိုင်တဲ့ အခြေအနေမှာ သျှမ်းပြည်မှာရော၊ တခြားပြည်နယ်မှာ သျှမ်းတွေနေတဲ့ နေရာဒေသမှာရော သျှမ်းတွေပဲ နေတာမဟုတ်ဘူး၊ တခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့ ပေါင်းပြီးတော့မှ နေကြတယ်။ တခြားညီအစ်ကို မောင်နှမတွေနဲ့ကလည်း သျှမ်းအချင်းချင်းကြားထဲမှာ ညီညွတ်မှုမရှိတဲ့ အခြေအနေမှာ သျှမ်းနိုင်ငံရေးသမိုင်းမှာ ပင်လုံစာချုပ်ကိုပဲ ကြည့်လိုက်ပေါ့နော်။

ဒါတွေကို ဦးစီးဦးဆောင်ပြုခဲ့တဲ့ အခြေအနေ တစ်ခုမှာ သျှမ်းအင်အားစုတွေ ခေါင်းဆောင်တွေ ပါခဲ့တယ်။ လက်ရှိအခင်းအကျင်းမှာ ခေါင်းဆောင်မှုနေရာ မယူနိုင်တဲ့အပြင် အချင်းချင်းပြန်ပြီးတော့မှ တင်းမာမှုလေးတွေ ရှိနေတဲ့အခြေအနေမှာ သူများအနေနဲ့လည်း မလေးစားချင်တဲ့ ပုံရိပ်ကို ဖန်တီးနေတဲ့ အနေအထားမှာတော့ ရှိနေတယ်။ အားလုံးအတွက်လည်း မကောင်းဘူး၊ တော်လှန်ရေးအတွက်လည်း လမ်းပျောက်စေတယ် လမ်းလွှဲစေတယ်။ လူထုတွေအနေနဲ့လည်း ဇဝေဇဝါဖြစ်တယ်၊ ကူကယ်ရာမဲ့တဲ့ အနေအထားကို ရောက်တယ်။ မျှော်လင့်ချက်မဲ့တဲ့ အနေအထားကို ရောက်စေတာဆိုတော့ အဓိက သျှမ်းလက်နက်ကိုင်တော်လှန်ရေးကို ဦးစီးဦးဆောင်လုပ်နေတဲ့ အဖွဲ့တွေအနေနဲ့ အဖွဲ့တစ်ခုတည်းအနေနဲ့ ဖြစ်စရာ မလိုရင်တောင်မှ အချင်းချင်း အပြန်အလှန်ညှိညှိနှိုင်းနှိုင်းနဲ့ အနည်းဆုံးတော့ လုပ်သင့်တယ်။ ဘာလို့လဲ ဆိုတော့ သျှမ်းလက်နက်ကိုင် အင်အားစုတွေ၊ သျှမ်းလူမှု အသိုင်းအဝိုင်းကို ကြည့်လိုက်မယ်ဆိုရင် တခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ပဲပြောပြော ယှဉ်ကြည့်လိုက်မယ်ဆိုရင် ဘာသာစကား အရရော၊ ကိုးကွယ်တဲ့ ဘာသာတရား အရရော အကုန်လုံးတူတယ်။ ဘာမှညှိနှိုင်းစရာမလိုတဲ့ အနေအထားမှာ ရှိတယ်။

ဒီလိုအနေအထားမှာတောင်မှ မညှိနှိုင်းနိုင်ဘူးဆိုရင်တော့ မဖြစ်သင့်ဘူး။ လောလောဆယ်ကတော့ လူထုတွေ လူငယ်တွေအနေနဲ့ လမ်းပျောက်တယ်။ ကူကယ်ရာမဲ့တဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ပြောလို့ ရတယ်။ သျှမ်းလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ တုံ့ပြန်ချက်ကို ကြည့်လိုက်မယ်ဆိုရင် စစ်ကောင်စီ ကနေ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တဲ့အချိန်မှာ သူတို့တွေကနေ တုံ့ပြန်ပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ ရှိတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကဆိုရင် ကမောက်ကမဆန်တယ်။ အားလုံးသတိပြုမိမယ် ထင်ပါတယ်။ ဥပမာ – သျှမ်းလက်နက်ကိုင်တစ်ဖွဲ့ကနေ ကြေငြာချက်ထုတ်လိုက်တယ်၊ သူ့အနေနဲ့လည်း လူငယ်တွေကို ဖိတ်ခေါ် တယ်ပေါ့။ အဲ့တုန်းက လူငယ်တွေအနေနဲ့ကလည်း သွေးလှန့်နေကြတော့ ထိုင်းဘက်ကို ထွက်မယ်ဆိုတဲ့ပုံစံနဲ့ သွားကြတယ်။ သွားကြတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေက လူထုတွေကို ကောင်းကောင်းမွန်မွန် စနစ်တကျနဲ့ သိမ်းသွင်းစည်းရုံးမယ့်အစား သူတို့ကို ထိုင်းကိုမသွားဖို့ ဖမ်းဆီးတာတို့ ဒဏ်ငွေတပ်တာတို့ပေါ့။ ပြင်းထန်တဲ့ ပုံစံမျိုးနဲ့ လုပ်တာကို တွေ့ရတော့ အဲ့မှာလည်း လူထုတွေအတွက် ကူကယ်ရာမဲ့စေတယ်။

အမှန်ဆိုရင် လက်ရှိအခင်းအကျင်းမှာဆိုရင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန် လိုက်တယ်ဆိုတာ သူတို့တွေက အင်အားချိနဲ့လာတယ်။ သူ့ရဲ့ တရားဝင်မှုအရလည်း ယိုင်နဲ့လာတာကို ပြတာ။ အဲ့တာကို တိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ရဲ့ Legitimacy ကို မြှင့်တင်ရမှာ။ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ လူထုကို သိမ်းသွင်းစည်းရုံးရမှာ။ အဲ့လိုမဟုတ်ဘဲနဲ့ ပိုပြီး ကမောက်ကမဆန်တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်တွေ တွေ့ရတော့ အထင်ကြီးစရာမကောင်းတဲ့ လူငယ်တွေအားကိုးလို့မရတဲ့ ပုံရိပ်ကို ထွက်စေတယ်။ လက်ရှိ အခင်းအကျင်းကို ကြည့်လိုက်မယ်ဆိုရင် တပ်ဖွဲ့နှစ်ဖွဲ့ကလည်း အချင်းချင်း ပြန်တိုက်နေတယ်။ ဆိုတော့ တချို့ဆိုရင် ညီအစ်ကိုတွေ၊ သူ့ညီက RCSS ဘက်မှာ သူ့အစ်ကိုက SSPP ဘက်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတာတွေ ရှိတယ်။ တကယ်လို့မြေပြင်မှာ ထိပ်တိုက်ထိတွေ့မှု ဖြစ်တယ်ဆိုရင် ညီအစ်ကိုချင်း ပြန်ပစ်ခတ်ကြ သတ်ဖြတ်ကြသလို မဖြစ်နေဘူးလား။ ဒီလိုမျိုး အခင်းအကျင်းက လုံးဝကို မဖြစ်သင့်တာဘဲ။ သျှမ်းလက်နက်ကိုင် တော်လှန်ရေး စတင်လာခဲ့တာက သျှမ်းအမျိုးသား လွတ်မြောက်ရေး လွတ်လပ်ခွင့် ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်းနဲ့ နေရဖို့အတွက်ကို ဦးတည်ပြီးတော့မှ တော်လှန်ရေး စတင်လာခဲ့တာ ဖြစ်တယ်ဆိုတော့ ဒီနေ့ဒီအချိန် အခြေအနေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အချင်းချင်း ပြန်ပြီးသတ်ဖြတ်နေရတဲ့ အခြေအနေမှာ ဖြစ်တယ်ဆိုရင် ဒါက လုံးဝ မဖြစ်သင့်ဘူး။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here