စစ်ရှောင်နေရာ အတည်အကျသတ်မှတ်ပေးရန် တောင်းဆို

0
30
ပုံစာ - ကရင်နီစစ်ဘေးရှောင်များ။

ထိုင်း – ကရင်နီ (ကယား) ပြည်နယ်စပ်တွင်ရှိသည့် ဒေါနိုးကူးကရင်နီစစ်ဘေးရှောင်များအတွက် နေရာအတည်အကျ စီစဉ်ပေးရန် စစ်ရှောင်များက ထပ်မံတောင်းဆိုကြသည်။

ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ပြီး ဒေါနိုးကူး ကရင်နီစစ်ရှောင်များက ၎င်းတို့အား နေရာတစ်ခု သတ်မှတ်ပြီး နေရာထိုင်ခင်း အတည်တကျ စီစဉ်ချမှတ်ပေးရန် ထိုင်းအာဏာပိုင်များနှင့် စစ်ရှောင်အရေး လုပ်ဆောင်ပေးနေသူများကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဒေါနိုးကူး စစ်ရှောင်အမျိုးသမီးတစ်ဦးက “စခန်းထဲတော့ ပြန်နေကြပြီ။ ဒါပေမယ့် သုံးပုံတစ်ပုံပဲ ရှိတော့တယ်။ တချို့ကလည်း စခန်းထဲက သူတို့ဆွေမျိုးတွေ ရှိတဲ့နေရာတွေမှာ သွားနေကြတာရှိတယ်။ တချို့ နေရပ်ကိုပဲ ပြန်သွားကြတဲ့သူတွေလည်း ရှိတယ်။ အခုက ဝင်တဲ့သူကဝင် ထွက်တဲ့သူက ထွက်လိုက်ပဲပေါ့” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက ဒေါနိုးကူးစစ်ရှောင်များကို ၃ ကြိမ်တိုင်တိုင် နေရပ်သို့ ပြန်လည်နေထိုင်ရန် ဖိအားပေးခဲ့ ခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဝင်ရောက်ခိုလှုံခဲ့ကြသော ဒေါနိုးကူး စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ယခုနှစ်ဖေဖော်ဝါရီလမှ စတင်၍ လေကြောင်းပစ်ခတ်မှု အန္တရာယ်များ ရှိနေသည့်ကြားမှ ကရင်နီဘက်ခြမ်းကို ပြန်သွားကြခြင်း ဖြစ်သည်။

အချို့စစ်ရှောင်များမှာမူ တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်နီပြည်တွင်းက ၎င်းတို့၏ ရပ်ရွာများဆီသို့ ပြန်သွားသူများလည်း ရှိနေသည်။

ထိုသို့ ထိုင်းအာဏာပိုင်များက ဖိအားပေးမှုများကြောင့် စစ်ရှောင်အိမ်ထောင်စု ၁၀၀၀ ကျော် ရှိသည့်အနက် အိမ်ထောင်စု ၃၀၀ ကျော်မှာ ပြန်လည်နေထိုင်ကြပြီး ကျန်အိမ်ထောင်စုများမှာ အမှတ် – ၁ ကရင်နီဒုက္ခသည် စခန်းအတွင်းရှိ ဆွေမျိုးများနှင့် သွားရောက်နေထိုင်ကြသူများလည်း ရှိသည်။

ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီစစ်ဘေးရှောင်များအရေးနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များဘက်ခြမ်းတွင် တိကျသော မူဝါဒများ ထုတ်ပြန်ထားရန် လိုအပ်သည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောသည်။

“လေယာဉ်နဲ့ လာကြဲပြီးကတည်းက သူတို့မှာ စိတ်ဒဏ်ရာတွေ အများကြီး ရှိတယ်ဆိုတော့ ပြေးလိုက်လာလိုက် ပါပဲ။ ထိုင်းဘက်ကလည်း သူတို့ တိကျတဲ့ပေါ်လစီလည်း မရှိဘူးပေါ့နော်။ မရှိတဲ့အခါကြတော့ သူတို့အတွက် နေရထိုင်ရတဲ့ အခါမှာလည်း အဆင်ပြေတဲ့ အနေအထားတော့ မရှိပါဘူး” ၎င်းက ဆိုသည်။

စစ်ရှောင်အရေးနှင့် ပတ်သက်၍ တိကျသောမူဝါဒများ ချမှတ်ထားခြင်း မရှိသေးသော်လည်း စစ်ရေးအခြေအနေပေါ်မူတည်၍ အချိန်မရွေး ဝင်ရောက်တိမ်းရှောင်နိုင်ရန် ခွင့်ပြုထားခြင်းများရှိသည်ဟု ခူးကိုရယ်က ဆက်ပြောသည်။

“ထိုင်းဘက်ကတော့ သဘောထား နည်းနည်းပြောင်းလာတာတော့ ရှိတယ်။ ဒီဒေါနိုးကူးဘက်မှာပဲ မဟုတ်ဘူး ပေါ့နော်၊ ဟိုးအောက်ဘက်မှာရှိတဲ့ စစ်ရှောင်တွေ ရှိတယ်။ အခြေအနေတည်ငြိမ်ရင် ဟိုဘက်မှာပဲပြန်နေ၊ အဝေးကြီးတော့ သူတို့လည်း မသွားခိုင်းစေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ လေယာဉ်ပဲဖြစ်ဖြစ် အခြေ အနေတွေ တော်တော်လေး ပြန်ဆိုးလာသည်ဖြစ်စေ သူတို့ဘက်က Welcome ပဲပေါ့နော်။ အချိန်မရွေး ပြန်လာလို့ ရတယ်ဆိုတဲ့ဟာမျိုး ပြောတာတွေတော့ ရှိတယ်ပေါ့နော်။”

အလားတူ ဒေါနိုးကူးစစ်ရှောင်များ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာချိန် နေခဲ့သည့် ညောင်ပင်အောက်ဆိုသည့်နေရာမှ တဲများကိုလည်း ယနေ့အချိန်ထိ ဖြုတ်သိမ်းခိုင်းခြင်းမလုပ်ဘဲ အရေးပေါ်အခြေအနေများတွင် ပြန်လည်နေထိုင်ရန် ထိုင်းအာဏာပိုင်များက ခွင့်ပြုပေးထားသည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းနယ်စပ်ရှိ ကရင်နီစစ်ရှောင်များအတွက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အမှတ် – ၁ ကရင်နီ ဒုက္ခသည်စခန်းတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အရေးပေါ်ဆေးကုသခွင့် ပြုထားသလို ကလေးငယ်များကို ပညာသင်ကြားခွင့်လည်း ပြုထားသည်။

သို့သော် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အကူအညီပေးရေး ကိစ္စရပ်များအတွက် များစွာညှိယူရမည့် အခြေအနေမျိုး ဆက်ဖြစ်နေသေးသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ရက် KCSN မှ တာဝန်ရှိသူများက ပြောသည်။

ထိုင်းအစိုးရဘက်မှ ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်များအရေးနှင့် ပတ်သက်၍ ယနေ့အချိန်ထိ သိသာသည့် သဘောထားပြောင်းလဲမှုနှင့် တိကျသောမူဝါဒများ မရှိသေးဘူးဟု စစ်ရှောင်အရေး လုပ်ဆောင်နေသူများက ထောက်ပြကြသည်။

ထိုင်း – ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်များသည် စစ်ရေးအခြေအနေ တည်ငြိမ်သွားသည်အထိ လုံခြုံသောနေရာ တစ်ခုတွင် ခိုလှုံနေထိုင်ခွင့်ရရန် မျှော်လင့်နေကြသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here