ဆီဆိုင်ရှိ စစ်ရှောင်ဒေသခံနေအိမ်များမှ တန်ဖိုးရှိပစ္စည်းများ ခိုးယူခံနေရ

0
36
ပုံစာ - ဆီဆိုင်တွင်တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။ (ပုံဟောင်းဖြစ်သည်)

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တို့က လူသူကင်းမဲ့နေသည့် နေအိမ်များထဲမှ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဆီဆိုင်မြို့နယ်ရှိ ထီဗွာ (ရေဖြူ) ၊ ကောင်းဝိန်း၊ နောင်ကျော၊ ကန်တော်လေး စသည့် ကျေးရွာများထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပြည်သူများကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးတိမ်းရှောင်သွားချိန်တွင် ဝင်ရောက်ခိုးယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ဘေးတိမ်းရှောင်နေရသူတစ်ဦးက “သူတို့က စစ်ကြောင်းထိုးတယ်။ ပြည်သူတွေက ထွက်ပြေးကုန်တော့ အဲဒီမှာ သူတို့ ဒီအိမ်ကြီးအိမ်ကောင်းတွေကို ပိုဝင်တာပေါ့နော်။ ဝင်ပြီးတော့မှ ပစ္စည်းတွေခိုးတယ်။ တန်ဖိုးရှိမယ့် ပစ္စည်း တွေ ရှာတာပေါ့။ ခိုးခံရတာအများဆုံးက ဆိုင်ကယ်တွေပေါ့နော်။ ထိုင်းအမျိုးအစား ဆိုင်ကယ်တွေဆိုရင် အကုန်လုံး ခိုးသွားကြတာပေါ့လေ။ ကုန်စုံဆိုင်ဆိုရင် အကုန်လုံ မွှေနှောက်ပြီးတော့မှ အဲဒီအရက်တွေ ဘီယာတွေ၊ တန်ဖိုးရှိတဲ့ပစ္စည်းတွေ အဲ့လိုမျိုးတွေဆို အကုန်လုံးခိုးကြတယ်။ နောက်ဆုံး ပြောင်းမျိုးစေ့တွေ ဘာတွေတောင် ခိုးသွားပြီးမှ ပြန်ရောင်းစားကြတာပေါ့နော်” ဟု ပြောသည်။

ခိုးရာပါပစ္စည်းအချို့ကို ဆီဆိုင်ဈေးတွင် ရောင်းချနေကြသည့်အပြင် အဆိုပါပစ္စည်းအများစုကို ၎င်းတို့အမျိုးသမီး အမည်များရေးထိုး၍ နောက်တန်းသို့ ပြန်ပို့နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

အလားတူ ကျေးရွာနေပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်နေကြပြီး ဝက်များကို ဈေးနှိမ်၍ ဝယ်ယူနေသည်ဟု နောင်ကျောကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ပြည်သူ့စစ်နဲ့ စစ်ကောင်စီတွေ ရောက်တဲ့နေရာဆိုရင် ကြက်တွေကို ပစ်စားကြတာပေါ့နော်။ ရွာသူရွာသားတွေရဲ့ အိမ်မွေးကြက်တွေပေါ့နော်၊ ခွင့်ပြုချက်မရှိဘဲနဲ့ သတ်စားကြတာ။ တချို့ရွာတွေမှာ ခွေးပါသတ်စားကြတယ်လို့ ပြောတယ်။ နောက်ပြီး ဝက်ကြတော့ သူတို့ဝယ်တာပေါ့နော်။ ဝယ်တယ်ဆိုတာလည်း ဓါးပြတိုက်တာပေါ့နော်။ ရွာသူရွာသားတွေ မွေးထားတဲ့ဝက်က ၅ သိန်းတန်တယ်ဆိုရင် သူတို့က တစ်သိန်းခွဲပေးပြီးတော့ သတ်စားလိုက်တာ အဲ့လိုမျိုးပေါ့။”

စစ်ကောင်စီနှင့် PNA ပူးပေါင်းတပ်တို့သည် ကုန်စုံဆိုင်များအား အဓိက ပစ်မှတ်ထားခိုးယူကြပြီး အများစု ယူဆောင်သွားသည့် ပစ္စည်းများမှာ အရက်၊ ဘီယာနှင့် ရိက္ခာခြောက်များဖြစ်သည်ဟု စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။

PNA ၏ လုပ်ရပ်များအား စစ်တပ်လော်ဘီများမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အနေဖြင့် အောက်ခြေ လုပ်ရပ်များကို မသိ၍ အရေးမယူခြင်းဖြစ်သည်ဟု ဝါဒဖြန့်ထားသော်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ၎င်းတို့ မသိဟုဆိုခြင်းမှာ ယုတ္တိမဆန်ဘူးဟု ပြောသည်။

“လက်တွေ့ အခြေအနေမှာတော့ သူတို့မသိတာ တခုမှ မရှိဘူးလေ။ သူတို့မသိတာ မဖြစ်နိုင်ပါဘူး။ ဒါက စစ်ကောင်စီ လက်အောက်ခံတပ် ဖြစ်နေတဲ့အတွက် စစ်ကောင်စီရဲ့ အကျင့်စရိုက် ကူးစက်သွားတယ်လို့ပဲ ပြောရ မှာပေါ့နော်။ လုပ်ချင်တာလုပ် သူတို့စစ်ရေးအောင်မြင်ဖို့ အဓိကပဲ ဆိုတာမျိုး ဖြစ်နေတာပေါ့လေ” ဟု ၎င်းက ပြောသည်။

ယခုမေလအတွင်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များသည် တိုက်ပွဲပြင်းထန်နေသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေကြသည့်အပြင် ခိုးရာပါပစ္စည်းအချို့ကိုလည်း ကန်ထရိုက်ဆွဲသူများထံ ရောင်းချနေကြပြီး ကားများဖြင့် ပေါ်ပေါ်တင်တင် သယ်ယူခွင့်ပြုနေသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here