“အခုလို မြေမြုပ်မိုင်းတွေ တက်နင်းမိလို့၊ မပေါက်ကွဲဗုံးတွေကိုင်မိရင်း ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရလာပြီ၊ ရှိလာပြီ ဆိုကတည်းက ပြန်နေကြတဲ့သူတွေအားလုံး သိရှိထားတဲ့အတွက်ကြောင့် စိတ်ထဲမှာ ‘ဘယ်နေ့ ငါတို့အလှည့်ရောက်လာမလဲ’ ဆိုတာ တွေးမိနေကြတာအမှန်ပဲ” ဆီဆိုင်မြို့ခံအမျိုးသားတစ်ဦး

0
54
ပုံစာ - ဆီဆိုင်မြို့ လက်ရှိမြင်ကွင်း။

ဆီဆိုင်မြို့တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွန်းအကျန်ပစ္စည်းများကြောင့် နေရပ်ပြန်နေထိုင်ကြသည့် ဒေသခံပြည်သူများ နေ့စဥ်နှင့်အမျှ ကြုံတွေ့နေသည့်ဒုက္ခ၊ စားဝတ်နေရေးအတွက် ဘယ်လိုအခက်အခဲ ရင်ဆိုင်နေကြရလဲဆိုသည်နှင့် ပတ်သက်ပြီး ဆီဆိုင်မြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ လ ကျော်ကြာရှိလာပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

ဆီဆိုင်မြို့ပေါ်၌ တိုက်ပွဲများ မရှိတော့ပေမယ့် မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်ဖြစ်နေဆဲ ဖြစ်သည်။ ဆီဆိုင်မြို့ကို PNLA နှင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များ ပြီးခဲ့သည့် မတ်လ ၂၅ ရက်အထိ ထိန်းချုပ် ထားနိုင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။

စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ကြေညာပြီးနောက်ပိုင်း ဌာနဆိုင်ရာဝန်ထမ်းများ အပါအဝင် ဒေသခံများကိုပါ နေရပ်ပြန်ခိုင်းခဲ့သည်။ ယင်းနောက် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည် ပတ်နိုင်ရေး မီးလောင်ပြာကျခဲ့သော ဈေး၊ လျှပ်စစ်မီးများကို ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခဲ့သည်။

ယင်းသို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း နေရပ်ပြန်လာသည့် ဒေသခံပြည်သူများအတွက် မည်သည့်အဖွဲ့အစည်းကမှ နယ်မြေရှင်းလင်းရေး လုပ်ပေးတာ၊ မိုင်းအသိပညာပေး လုပ်ဆောင်တာကို လက်ရှိ အချိန်ထိ လုပ်ဆောင်ခြင်း မရှိခဲ့သေးကြောင်း ဒေသခံများက ပြောပါသည်။

လက်ရှိချိန်၌ ဆီဆိုင်မြို့တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွန်းအကျန်ပစ္စည်းများကြောင့် ပြည်သူများ နေ့စဥ်နှင့်အမျှ ဘယ်လိုဒုက္ခမျိုး ကြုံတွေ့နေကြရပါလဲ။ စားဝတ်နေရေးအတွက် ဘယ်လိုအခက်အခဲနှင့် ရင်ဆိုင်နေကြရလဲဆိုတာ ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ ဆီဆိုင်မြို့ရဲ့ တိုက်ပွဲအခြေအနေ ဘယ်လိုရှိပါလဲ။ ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲတွေ ငြိမ်နေပြီး ပြည်သူတွေလည်း နေရပ်ပြန်နေပြီလို့ ကြားတယ်။ ဆီဆိုင်မြို့က အခြေအနေကို တချက်ပြောပြပေးပါအုံး။

ဖြေ။ ။ လောလောဆယ်တော့ ဆီဆိုင်မြို့ရဲ့ ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်နေသေးပါတယ်။ တိုက်ပွဲက မငြိမ်သေးဘူး။ မြို့ပေါ်မှာတော့ တိုက်ပွဲတွေ မရှိတော့ပါဘူး။ တချို့လည်း ပြန်နေကြပါပြီ။ စိုးရိမ်ကြောက်စိတ်နဲ့ ပြန်နေကြတယ်။ စစ်ကောင်စီနဲ့ PNO ကလည်း ဖိအားပေး ပြန်ခိုင်းတော့ လက်နက်ကြီး ကျန်တဲ့မိုင်းတွေကိုတော့ စိုးရိမ်မှုရှိတာပေါ့။

မေး။ ။ အခုဆီဆိုင်မြို့ကို ဒေသခံတွေအနေနဲ့ ပြန်လာနေဖို့ စစ်ကောင်စီကခေါ်နေတယ်။ ဈေးတွေ၊ လျှပ်စစ်မီး တွေလည်း ပြန်လည်ပြုပြင်ပေးနေတယ်လို့ ကြားထားရတယ်။ ဒေသခံတွေအနေနဲ့ရော အခုချိန်မှာ ပြန်နေဖို့ အဆင်သင့် ဖြစ်ပါပြီလား။

ဖြေ။ ။ မီးတွေဆိုတာက လမ်းမီးလောက်ပဲ သူတို့ပေးလွှတ်တာပါ။ တန်းကြိုးတွေ အခုမှ ဆွဲတုန်းပဲရှိသေးတယ်။ အိမ်တွေ မီးမသွယ်တန်းရသေးဘူး။ မီးကတော့ တစ်အိမ်မှ မရသေးပါဘူး။ လမ်းမီးပဲ ပေးထားတာပဲရှိတယ်။ နောက်တခါ ဈေးတွေဆိုတာလည်း မီးလောင်ထားတဲ့ဈေးကို ဘတ်ဖိုးကားနဲ့ ထိုးပြီးတော့ အဲ့ဒီမှာ အရင်ရောက်နှင့် နေတဲ့သူ၊ ပြန်နှင့်နေတဲ့သူတွေက ဈေးခင်းပြီးရောင်းကြတာ အဲ့လောက်ပဲ ရှိပါတယ်။ ပြန်နေဖို့က အဆင်ပြေ ပြီလားဆိုရင် အိမ်ရှိတဲ့သူတွေ အတွက်ကတော့ နေလို့အဆင်ပြေတာပေါ့။ မီးလောင်ပြာကျသွားတဲ့ အိမ်မရှိတဲ့ သူတွေအတွက်တော့ အခက်ခဲရှိတယ်လေ။ သူတို့က အဲ့ဒီမီးလောင်သွားတဲ့ ပြည်သူတွေအတွက် ယာယီနေထိုင်ဖို့ စီစဉ်ပေးထားတာမျိုးတွေလည်း တွေ့ရတယ်။

ပုံစာ – အပျက်အစီးများကြားက ဆီဆိုင်မြို့မြင်ကွင်းကို မတ်လအတွင်းကတွေ့ရစဉ်။

မေး။ ။ အခု ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနင်းမိတဲ့သူတွေ ခဏခဏထိခိုက်မှုရှိနေတယ်လို့ ကြားရပါတယ်။ အခုမြို့ပေါ်မှာ မြေမြှုပ်မိုင်းတွေ ဘယ်လောက်ထိ ကျန်ရှိနေတယ်လို့ ခန့်မှန်းရပါလဲ။

ဖြေ။ ။ အဲ့ဒီအပိုင်းက ဘယ်လိုပြောရမလဲ၊ ဘယ်လောက်ထိ ကျန်သေးသလဲဆိုတာက… ဒီရှိနေတဲ့ မြေမြှုပ်မိုင်း တွေကို တစုံတယောက်က မတက်နင်းမိသေးသမျှတော့ မသိနိုင်ဘူး။ ပြီးတော့ စစ်လက်နက်အကြွန်းအကျန် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကလည်း ရပ်ကွက်အသီးသီမှာ ရှိနေသေးတယ်။ အခု ဆီဆိုင်မှာ ပြန်နေလို့ ရပါပြီဆိုကတည်းက မိုင်းနင်းမိပြီး ခြေထောက်ပြတ်တာ ၃ ယောက် လောက် ရှိတယ်။ သေသွားတဲ့ သူလည်း ၁ ယောက် ရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ဒါက မကြာခဏ ဖြစ်နေတယ်။

မေး။ ။ မိုင်းနင်းမိသူ တစ်ပတ်မှာ ၁ ယောက် ရှိတာလား။

ဖြေ။ ။ အဲ့ဒီလိုတစ်ပတ် ၁ ယောက်နှုန်းကိုတော့ ပြောလို့တော့မရဘူး။ ပြန်နေတဲ့ရက်ကနေ စပြီးတော့ မိုင်းနင်းမိတဲ့သူတွေက ၆ ယောက်၊ ၇ ယောက် လောက်တော့ရှိတယ်။ မိုင်းနင်းမိတာရော၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေရော ရှိတယ်။

မေး။ ။ မြေမြှုပ်မိုင်းကိစ္စ လက်နက်ကြီးကြွင်းကျန်ကိစ္စတွေကို ဘယ်အဖွဲ့အစည်းက လာရှင်းပေးပါလဲ။ ဒီတိုင်းပဲ မရှင်းဘဲ နေနေကြရတာလား။

ဖြေ။ ။ ပြန်နေတဲ့ပြည်သူတွေ အခုလို မကြာခဏ မိုင်းနင်းမိတာတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်တွေ ကိုင်တွယ်ထိမိလို့ ပေါက်ကွဲပြီးတော့ ဒဏ်ရာရတာတွေ ရှိနေတယ်ဆိုကတည်းက ဘယ်သူမှ မရှင်းပေးလို့ ဒီလိုဖြစ်နေရတယ်လို့ ပြောလို့ရတာပေါ့။ စစ်ရှောင်တွေကလည်း နယ်ဝေးမှာရှောင်တာ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းက အရမ်းခက်ခဲလာလို့ ပြန်လာကြတာ များပါတယ်။ တချို့ကလည်း ကူညီထောက်ပံ့သူ မရှိတော့ တော်တော်ခက်ခဲကြတယ်။

မေး။ ။ ဒီလိုမြေမြှုပ်မိုင်းအန္တရာယ်ကြားထဲမှာ နေထိုင်ရတော့ လုံခြုံရေးအတွက် ဘာတွေစိန်ခေါ်မှုရှိနေကြလဲ။

ဖြေ။ ။ တခြားလူတွေတော့ မပြောတတ်ဘူး။ အခုလို မြေမြုပ်မိုင်းတွေ တက်နင်းမိလို့၊ မပေါက်ကွဲဗုံးတွေ ကိုင်မိရင်းပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရလာပြီ၊ ရှိလာပြီဆိုကတည်းက ပြန်နေကြတဲ့သူတွေအားလုံး သိရှိထားတဲ့ အတွက်ကြောင့် စိတ်ထဲမှာ Òဘယ်နေ့ ငါတို့အလှည့်ရောက်လာမလဲÓ ဆိုတာ တွေးမိနေကြတာအမှန်ပဲ။ အခု မြို့ကို ပြန်သွားတဲ့သူတွေက ဘယ်လိုပြောရမလဲ၊ အပြင်မှာ စစ်ရှောင်နေရတာလည်း စားဝတ်နေရေး အစစ အရာရာ အခက်ခဲတွေနဲ့ ကြုံနေရတဲ့ အခါကြတော့ ကိုယ့်မြို့ကိုပဲပြန်ပြီးတော့ ဒီဘေးဒုက္ခတွေကို ရင်ဆိုင်မယ် ဆိုတဲ့စိတ်နဲ့ ပြန်ကြတဲ့သူတွေက များတယ်လေ။

မေး။ ။ လက်ရှိပြန်သွားတဲ့သူတွေရော ဆေးဝါး၊ စားဝတ်နေရေးနဲ့ နေထိုင်ဖို့နေရာ ဘယ်လိုအခက်ခဲရှိကြလဲ။

ဖြေ။ ။ အဲ့ဒါကတော့ ဘယ်မှာနေနေ စစ်ရှောင်ရတဲ့သူတွေအတွက်တော့ စားဝတ်နေရေး အဓိကပဲ။ အဝေးမှာ နေလည်း စားဝတ်နေရေးအတွက်က သူတို့မှာ ခက်ခဲနေမှာပဲ။ အလုပ်မရှိတော့ ဝင်ငွေမရှိဘူး။ ဝင်ငွေမရှိတော့ မိသားစုစားဝတ်နေရေး အဆင်မပြေဘူး။ အဓိကတော့ စားဖို့သောက်ဖို့ပဲ။ အခုလည်း ကိုယ့်မြို့ကိုယ်ပြန်နေရ လို့သာ စိတ်က တမျိုးဖြေသာပေမဲ့ ပြန်နေတဲ့သူတွေက အလုပ်အကိုင်အခွင့်အလမ်း ဘာမှမရှိဘူးလေ။ အလုပ် မရှိဘဲနဲ့ စားဝတ်နေရေး နေ့စဉ်ရင်ဆိုင်နေရတာ။ ဒီမနက်ကပဲ ပြန်နေတဲ့သူတွေ စားရေးသောက်ရေး ရင်ဆိုင် နေရတဲ့အကြောင်း၊ အခက်အခဲ ရှိနေတဲ့အကြောင်း လိုင်းပေါ်မှာ၊ လူမှုကွန်ရက်ပေါ်မှာ တွေ့ရတယ်။ ပြောချင်တာက ကိုယ်မြို့ကိုယ်သာ ပြန်နေရတယ်ဆိုပေမဲ့ စားဝတ်နေရေး အခက်အခဲကတော့ ရင်ဆိုင်နေရဆဲပဲ။

မေး။ ။ ဖြည့်စွက်ပြီး ပြောပြချင်တာရှိရင် ပြောပြပေးပါဦးခင်ဗျာ။

ဖြေ။ ။ တခြားသော ပြောစရာတော့ မရှိတော့ပါဘူး။ ပြန်နေကြတဲ့သူတွေအနေနဲ့ ရှေ့မှာနမူနာအနေနဲ့ ဒီမပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေ၊ စစ်လက်နက် အကြွင်းအကျန်ပစ္စည်း အန္တရာယ်တွေကို ဂရုစိုက်ပြီးနေကြဖို့ မှာကြားချင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here