စစ်ရေးပြင်းထန်နေသည့် မောင်တောနှင့် သံတွဲမြို့နယ်တို့တွင် စစ်ကောင်စီအင်အားဖြည့်တင်းနေ

0
42
Photo - CINCDS

ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်နေသည့် မောင်တောနှင့် သံတွဲမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) ၏ အရှိန်မြှင့်ထိုးစစ်ကို ခုခံရန်အတွက် စစ်ကောင်စီက စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သိရသည်။

မောင်တောမြို့နယ်သို့ ကညင်ချောင်းစီးပွားရေးဇုန်မှတဆင့် စစ်အင်အား၊ လက်နက်အင်အားများကို စစ်တွေမြို့မှ ဇက်ရေယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိနေသည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နှင့် ၂၃ ရက်အတွင်း ဇက်ရေယာဉ် ၄ စီးဖြင့် ပို့ဆောင်လာသည့် စစ်လက်နက် ပစ္စည်းများကို စစ်ကား ၁၀ ကျော်ဖြင့် သယ်ယူ၍ နခခ (၅) တပ်ရင်းသို့ ပို့ဆောင်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုမှုအရ သိရသည်။

“လက်နက်အင်အား၊ လူအင်အားလည်း များတယ်။ ပြီးရင် လောင်စာဆီတွေပါသလို စားနပ်ရိက္ခာတွေလည်း အများကြီးပါတယ်။ သုံးရက်ဆက်တိုက် မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ပို့ကြတာ” ဟု ၎င်းက ပြောသည်။

စစ်အင်အားနှင့် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်နေစဉ်အတွင်း မောင်တောမြို့ပေါ်ရှိ မြို့သူကြီး နခခ (၅) တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ်ထံမှ သိရသည်။

မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး AA က အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ နယ်စပ်မြို့ မကျရှုံးရေး အကြိတ်အနယ် ခုခံလျက်ရှိသည်။

လက်ရှိတွင် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းပိုက်ထားပြီးဖြစ်ကာ မောရဝတီ ဗျူဟာကုန်း၊ မြို့သူကြီး နခခ (၅) ၊ အလယ်သံကျော်စခန်းနှင့် အင်းဒင် နခခ (၆) ၊ မြင်းလွှတ် နခခ (၉) တို့သာ ကျန်ရှိတော့သည်။

“တိုက်ပွဲက မြို့နဲ့ နီးလာပြီဆိုတော့ AA က အလွယ်တကူနဲ့ ဝင်ရောက်သိမ်းပိုက်မှာကို စစ်ကောင်စီက စိုးရိမ်တယ်။ ဒါကြောင့် အင်အားအလုံးအရင်းနဲ့ ခံစစ်ပြင်ဆင်နေတာ။ နခခ (၅) ကို ခံစစ်အခိုင်အမာအဖြစ် လုပ်ထားပုံရတယ်” ဟု မောင်တောမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ယင်းအပြင် သံတွဲမြို့နယ်တွင်လည်း အာရက္ခတပ်တော် (AA) ၏ အရှိန်မြှင့် ထိုးစစ်များကြောင့် တိုက်ပွဲဧရိယာမှာ မြို့အနား နီးကပ်လာ၍ စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းနေကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ဂွမြို့မှတဆင့် သံတွဲမြို့သို့ ပို့ဆောင်ခဲ့ကြောင်းလည်း သတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။

“သူတို့ကို ဂွမြို့က ခမရ (၅၆၃) တပ်ထဲမှာ တဆင့်ထားတယ်။ ပြီးရင် သံတွဲကို ပို့ပေးတယ်။ ဒီတိုက်ပွဲကာလ ကြိုကြားကြိုကြား စစ်ကူပို့တာတွေလည်း ရှိနေတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ လူအင်အားများတယ်။ လက်နက်အင်အားကိုတော့ ကျနော်တို့လည်း အတိကျမသိနိုင်ဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင်လည်း စစ်ကောင်စီက ညကင်းလှည့်လည်ခြင်းနှင့်အတူ စစ်ရေးအရ လှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်လာသည်ကို တွေ့နေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သံတွဲမြို့နယ်တွင် ပြီးခဲ့သည် ဧပြီ ၁၃ ရက်မှ စ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိတွင်လည်း ရွှေလှေ၊ ရေကောက်၊ ပုရစ်ရွာ အနီးတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရွှေလှေတံတားအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးမှုနှင့်အတူ လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိသည့် ဗီဒီယိုရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ရခိုင်ဒေသအတွင်း တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေသော ဒေသများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ များစွာအကျိုးရှိသဖြင့် ထိုဒေသများ မကျရှုံးရေးအတွက် စစ်ကောင်စီက အစွမ်းကုန်ခုခံမည်ဟု စစ်ရေးနိုင်ငံရေးအကဲခတ်သူတို့က ရှုမြင်သည်။

“မောင်တောမှာ နယ်စပ်ကုန်သွယ်ရေး ရှိတယ်။ သံတွဲဆိုရင်လည်း ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား လုပ်ငန်းတွေ ရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီမြို့တွေသာ ကျရှုံးသွားရင် စစ်ကောင်စီအတွက် အရှက်သိက္ခာထက် စီးပွားရေးအင်အားတွေ ဆုတ်ယုတ်သွားမယ်။ ဒါကြောင့် အပြင်းအထန် ခုခံနေတာဖြစ်တယ်” ဟု ရခိုင်က စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

ရခိုင်စစ်ပွဲအတွင်း AA က မြို့နယ် ၁၀ ခုထိ သိမ်းပိုက်ထိန်းချုပ်ထားကာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များတွင်လည်း နှစ်ဖက် စစ်ရေးပြင်းထန်နေမှု၊ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

အောင်ထိန် (DMG)ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here