“ချက်ချင်းပြောင်းဖို့က အဆင်မပြေဘူး။ အိမ်ဆောက်ရ၊ အိမ်သာဆောက်ရ၊ ရေတွင်းတူးရနဲ့ဆို ဝါကျွတ်ချိန်မှ ပေးပြောင်းဖို့ တောင်းဆိုကြတော့လည်း မရဘူးတဲ့။ အထက်ကအမိန့် ဆိုတော့တဲ့ ကိုယ်တိုင်မဖြိုလို့ရှိရင် သူတို့လာဖြိုတဲ့ အချိန်ကျရင် အကုန်လုံးပျက်စီးကုန်မယ်လို့ အဲ့လိုပြောတယ်” မုဒုံဒေသခံအမျိုးသမီးတစ်ဦး

0
68
ပုံစာ - မုဒုံမြိုတွင် တည်ဆောက်မည့် နိုင်ငံတကာလေဆိပ်စီမံကိန်း ဧရိယာပြမြေပုံ။

မုဒုံမြိုတွင် တည်ဆောက်မည့် နိုင်ငံတကာလေဆိပ်စီမံကိန်းဧရိယာနှင့် မလွတ်သည့်နေအိမ်များ နှစ်လအတွင်း ဖယ်ရှားရန်ညွှန်ကြားခံခဲ့ရသည့် မုဒုံဒေသခံအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းမြေနှင့် မလွတ်သည့်နေအိမ်များ ၂ လအတွင်း ဖယ်ရှားပေးရမည်ဟု စစ်ကောင်စီက ညွှန်ကြားပြောဆိုလာသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် ဒေသခံများကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က အစည်းအဝေးခေါ်ယူ ပြောဆိုရာ၌ မေလ ၂၃ ရက်နေ့မှစ၍ ဖယ်ရှားရမည်ဟု ညွှန်ကြားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မိုးရာသီအတွင်း နေအိမ်ပြောင်းရွှေ့ရန့် အခက်အခဲဖြစ်ရသည့်အပြင် လျော်ကြေးအဖြစ် ပြန်လည်ပေးထားသော မြေကွက်များ၌ အိမ်ဆောက်နေထိုင်ရန် အဆင်မပြေကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထိုအခြေအနေနှင့် ပတ်သတ်ပြီး နေအိမ်ဖယ်ရှားရန် ညွှန်ကြားခံထားရသူ မုဒုံဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မုဒုံမြို့နယ်အတွင်း လေဆိပ်စီမံကိန်းဧရိယာနဲ့ မလွတ်တဲ့မြေနေရာတွေကို ဖယ်ရှားပေးဖို့ ဘယ်လို ညွန်ကြားထားတာပါလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ လဆုတ် ၁ ရက်နေ့ (မေလ ၂၃ ရက်နေ့) မှာ ကျမတို့ကို မုဒုံမြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့ကနေ အစည်းဝေး ခေါ်တယ်ပေါ့နော်။ အဲမှာသူတို့ (အုပ်ချုပ်ရေးမှုးအဖွဲ့) တွေ ပြောတာက သူတို့က ပြောင်းရွေ့ဖို့ မြေကွက်တွေကို စီစဉ်ထားပြီးပြီ။ ၂၃ ရက်နေ့ အကွက်ချပြီးရင် လေဆိပ်စီမံကိန်းဧရိယာနဲ့ ထိတဲ့နေအိမ်တွေ ဒီ ၂ လ အတွင်း အပြီးဖြိုပြီး ဖယ်ပေးရမယ်ပေါ့။ အဲတော့ ဒီမိုးရာသီနဲ့က ဘယ်လိုလုပ်ဖယ်ပေးရမလဲပြောတော့ အဲ့မှာ တစ်ယောက်တစ်ပေါက်နဲ့ ငြင်းခုံကြတယ်။

မေး။ ။ ဖယ်ပေးရမဲ့ လူတွေကရော ဘယ်လိုအခက်ခဲရှိကြလဲ။

ဖြေ။ ။ ကျမတို့မွန်တွေက ကဆုန်လမှာ အိမ်မဆောက်ဘူးလေ။ နယုန်ဆိုလည်း မိုးတွင်းကြီးဖြစ်သွားပြီ။ လက်သမားတွေ ဘယ်မှာသွားရှာရမလဲ။ သူတို့ကတော့ အပေါ်ကအမိန့်ကျလာလို့ ပြောတာပေါ့။ ကိုယ့်ဆီက လျော်ကြေးပေးပြီး ဝယ်ထားတာတော့ ဟုတ်တယ်လေ။ ချက်ချင်းပြောင်းဖို့က အဆင်မပြေဘူး။ အိမ်ဆောက်ရ၊ အိမ်သာဆောက်ရ၊ ရေတွင်းတူးရနဲ့ဆို ဝါကျွတ်ချိန်မှ ပေးပြောင်းဖို့ တောင်းဆိုကြတော့လည်း မရဘူးတဲ့။ အထက်ကအမိန့် ဆိုတော့တဲ့ ကိုယ်တိုင်မဖြိုလို့ရှိရင် သူတို့လာဖြိုတဲ့အချိန်ကျရင် အကုန်လုံးပျက်စီးကုန်မယ်လို့ အဲ့လိုပြောတယ်။

မေး။ ။ အတိအကျအားဖြင့်ဆို ဘယ်ရက်ကစပြီး ဖယ်ပေးရမယ်လို့ ပြောထားလဲရှင့်။

ဖြေ။ ။ အစည်းဝေးမှာပြောထားတာက မေ၂၃ ရက်နေ့မှာ ပြောင်းရွေ့ဖို့ မြေကွက်နေရာတွေကို ကိုယ့်နာမည်နဲ့ ကိုယ်ပေးပြီးလို့ရှိရင် ပြောင်းရတော့မယ်ပေါ့။ ဝါမဝင်ခင် ၂ လအတွင်း နေအိမ်တွေ ဖြိုပေးရမယ်၊ ပြောင်းရမယ်ပေါ့။ ပြောင်းပြီးလို့ရှိရင်လည်း အဲဒီနေရာတွေကို ဟင်းသီးဟင်းရွက်တွေ ဘာမှမစိုက်ထည့်နဲ့တဲ့။

မေး။ ။ ဆိုတော့ လေဆိပ်စီမံကိန်းနဲ့ မလွတ်တဲ့နေအိမ်တွေကို ဘယ်လိုလျော်ကြေးပေးထားတာရှိပါလဲ။ အဒေါ်တို့ရော လျော်ကြေးရပြီးပါပြီလား။

ဖြေ။ ။ လျော်ကြေးကတော့ အကုန်ပေးပြီးပြီ။ စာချုပ်နဲ့ပါ အသေအချာလုပ်ထားတယ်ပေါ့။ စီမံကိန်းနေရာနဲ့ ငြိတဲ့နေရာတွေဆို ဥပမာ- ကိုယ့်မြေကွက်က ပါသွားတယ်ဆို မြေတစ်ကွက်စာ လျော်ကြေးပေးတယ်ပေါ့၊ ကိုယ့်မြေကွက်က ကြီးကြီးသေးသေး မြေတစ်ကွက်ပဲပေါ့။ ပြီးတော့ ခြံရောအိမ်ရော ဆောက်ထားတယ်ဆို သူတို့ပေးတဲ့ မြေတစ်ကွက်နဲ့ အိမ်ရဲ့တန်ဖိုးအတိုင်းကို လျော်ကြေးပေးထားတယ်။ ဟိုးအရင်က အစည်းဝေးတွေ မှာဆို မြေကွက်တင်မကဘူး သူတို့လျော်ကြေးအဖြစ် ပေးထားတဲ့ မြေကွက်တွေအပေါ်မှာ အိမ်ဆောက်ဖို့ မြေဖို့ ပေးမယ်၊ လျှပ်စစ်မီးရော ပေးမယ်ပေါ့။ ပြီးတော့ လျော်ပေးမယ့် မြေကွက်တွေကိုလည်း ပေ ၄၀/ ၆၀ အရွယ် ပေးမယ်။ နောက်ပိုင်းက ၃၀/ ၆၀ ဖြစ်သွားတယ်။ တကယ်လျော်ပေးတာ နေဖို့အိမ်ဆောက်လို့တောင် မရဘူး ဖြစ်နေတယ်။ အခုဆို တိုက်အိမ်ကောင်းကောင်းနဲ့ ဆောက်ထားတဲ့လူတွေတောင် အိမ်ဖြိုပြီးဖယ်ပေးရတော့မယ်။

မေး။ ။ လျော်ကြေးအဖြစ်ပေးထားတဲ့ မြေကွက်တွေကရော ဘယ်နေရာမှာပါလဲ။

ဖြေ။ ။ ကျမတို့စိုးရိမ်တာက လျော်ကြေးမြေကွက်တွေက ပုံစံ ၇ လည်း မပါဘူး။ အဆက်ဆက်က စာကျက်မြေ ဖြစ်နေတာ။ အဲတော့ ပေးထားတဲ့မြေတွေကို ပုံစံ ၇ ပြန်လုပ်လို့ရလားလို အုပ်ချူပ်ရေးမှုးကို သွားမေးတော့ မရဘူးတဲ့။ အကွက်သေးသေးလေးတွေပေါ့ လုပ်ထားပေးတာ။ နေရာကတော့ ညောင်ကုန်းနဲ့ ကျိုက်ရွဲရွာရဲ့ အစွန်းမှာ ရှိနေတယ်ပေါ့။ လိုင်းပေါ်မှာ တင်ပြီးပြောထားတာက မုဒုံမြို့နယ် ပိုင်ကမာအရှေ့ရွာလို့ ပြောထားတယ်။ အဲ့တော့ ဘာအထောက်ထားမှမရှိတဲ့ မြေကွက်တွေကို ပေးထားတော့ တနေ့ကျရင် ပြန်သိမ်းသွားမှာလည်း စိုးနေကြတာ။

မေး။ ။ လောလောဆယ် ဖယ်ပေးရမဲ့နေအိမ်တွေက ဘယ်လောက်လောက်ရှိပါလဲ။

ဖြေ။ ။ ဒီညောင်ကုန်းနဲ့ ကျိုရွဲတဝိုက်မှာဆို နေအိမ်ကတော့ ၂၀ ဝန်းကျင်လောက်ပါပဲ၊ အခြားမြေကွက် သက်သက်ပဲ ပါသွားတဲ့သူတွေက များတယ်ပေါ့။ အဒေါ်တို့လည်း ခြံတစ်ဝက်နဲ့ တဲအိမ်တစ်လုံး ပါသွားတယ်ပေါ့။ သိန်း ၃၀ လောက် လျော်ကြေးရထားတယ်။

မေး။ ။ လက်ရှိ ရွာသားအများစုရဲ့ သဘောထားကရော ဘယ်လိုရှိကြပါလဲ။

ဖြေ။ ။ ရွာသားအများစုကတော့ မကျေနပ်တာတွေချည်းပါပဲ။ နေတိုင်းပဲပေါ့ ကားကြီးတွေနဲ့ မြေကြီးတွေဖို့ မြေတွေတူး လုပ်နေတာ။ မြေကွက်တွေကို အများကြီး ဝယ်လိုက်တော့ နောက်ပိုင်းကိစ္စတွေကို အားလုံးက စိုးရိမ်နေကြတာပဲ။ ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်ဘူးဖြစ်နေတယ်။ နေရောညပါ စိုးရိမ်နေရတယ်။ ကျမတို့ကလည်း ဗမာရေလည်တာလည်းမဟုတ် ဗမာစာလည်း ဖတ်မတတ်။ နားလည်း သိပ်မလည်၊ သူတို့ပြောထားတဲ့အတိုင်း မလုပ်ပေးတော့ ရန်သွားတွေ့ရတာလည်း ရှိတယ်။ ကျမတို့ရွာကလူတွေက မြေကွက်သေးသေးနဲ့ မြို့သားတွေလို မနေတတ်ဘူးလေ။ ရွာဓလေ့အတိုင်း ထင်းထားတဲ့နေရာ၊ ရေတွင်းနေရာနဲ့ ဟင်းသီးဟင်းရွက်တွေလည်း စိုက်တတ်တော့ မြို့ကခြံတွေလိုမဟုတ် နေလို့မတတ်ဘူး။ အဲ့တော့ ပြောရ ဆိုရတာပေါ့။ သူတို့ရောက်တဲ့နေ့ကနေ ဒီနေ့အထိက စိုးရိမ်စိတ်နဲ့ နေ့တိုင်းငိုနေရတာပဲ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here