“ဝိုင်းမော်ကို ထိန်းချုပ်တဲ့ အနေအထားလောက်တော့ မဟုတ်ပါဘူး၊ ဝိုင်းမော်ကို ရနိုင်ဖို့အတွက်ကတော့ ဒီဗန်းမော်ဘက်ကတော့ တခြားတပ်စခန်းတွေကတော့ မရှိတော့ပါဘူး။ အဲဒီတကြောကတော့ မရှိတော့ပါဘူး။ ဝိုင်းမော်ကနေ ဗန်းမော် အထိပေါ့နော်၊ သွားတဲ့ကားလမ်းပေါ်မှာက သူတို့တပ်စခန်းတွေ မရှိတော့ပါဘူး။” ဗိုလ်မှူးကြီးနော်ဘူ – KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ

0
64
ပုံစာ - KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

ကချင်တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်များသည် မေလ ၂၁ ရက်နေ့က စစ်ရေးဗျူဟာအရ အရေးပါသည့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်၏ ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA အနေနှင့် ဝိုင်းမော်၊ လိုင်ဇာ၊ ဗန်းမော် လမ်းကြောတလျှောက်ကို ထိန်းချုပ်ထားပြီဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါလမ်းကြောတလျှောက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်း အရေအတွက်၊ နယ်မြေထိန်းချုပ်မှု အခြေအနေနှင့် ကချင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဝိုင်းမော်က ရွှေညောင်ပင် ခမရ ၃၂၁ စခန်းကို ဘယ်အချိန်က သိမ်းယူနိုင်ခဲ့တာပါလဲ။ ပြီးတော့ အဲဒီစခန်းအပြင် တခြားဘယ်စခန်းတွေကို သိမ်းထားပြီလဲ။

ဖြေ။ ။ အဲ့ဒီတကြောက တပ်စခန်းကတော့ ရွှေညောင်ပင်က ၃၂၁ စခန်းတော့ မနေ့က ၈ နာရီ ဝန်းကျင် လောက်မှာ အကုန်လုံး အပြီးအစီးသိမ်းပိုက်လိုက်ပါပြီ။ အဲဒါတစ်ကြောင်းရှိတယ်။ နောက် လုံဇက်ကောင်စခန်း လည်း သိမ်းတာကြာပါပြီ။ နောက် ကဇူးယန်တပ်စခန်းလည်း သိမ်းတာကြာပါပြီ။ အခုတော့ ဝိုင်းမော်ကနေ လိုင်ဇာ ကားလမ်းတကြောမှာတော့ စကစတပ်စခန်းကတော့ မရှိတော့ဘူး ဖြစ်နေတာ။ ဝိုင်းမော်တကြောမှာ ရှိတာကတော့ ကဇူးယန်စခန်း ရှိတယ်။ နောက် လုံဇက်ကောင်ဆိုတဲ့ စခန်းတစ်ခု ရှိမယ်။ အခု ၃၂၁ ရွှေညောင်ပင် ရှိတယ်။ အဲဒီ ၃ ခုပဲ ရှိတယ်။ ကောင်းကောင်း သိမ်းပိုက်လိုက်ပါပြီ။ ဟို တောင်ပေါ်ဘက်မှာ စခန်းထိုင်ထားတာ ကတော့ ဝထောင်ဘွမ်နဲ့ ပြင်ဘိုဘောင်ဆိုတဲ့ စခန်း ၂ ခု ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။

မေး။ ။ ပြီးတော့ မနေ့ကတိုက်ပွဲမှာဆိုရင် လေကြောင်းပစ်ခတ်မှုတွေ ရှိတယ်လို့ ဒေသခံတွေကပြောတယ်။ အဲဒီအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လေကြောင်းပစ်ကူတာတွေလည်း ရှိပါတယ်။ နောက် အတွဲလိုက်ဒုံးကျည်ပေါ့နော အဲဒါမျိုးတွေလည်း ပစ်တာတွေ ရှိတယ်။ လက်နက်ကြီးတွေနဲ့လည်း လှမ်းပစ်တာတွေ ရှိတယ်။

မေး။ ။ နှစ်ဖက်ထိခိုက်ကျဆုံးတဲ့ အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အဲ့ဒါ မကြားရပါဘူး။ ကျနော်တို့ဆီမှာ အချက်အလက် မဝင်ဘူး ဖြစ်နေတာနော။

မေး။ ။ အခု သိမ်းပိုက်လိုက်တဲ့ ခမရ ၃၂၁ စခန်းက စစ်ရေးဗျူဟာအရ အရေးကြီးတဲ့စခန်းတစ်ခုလား။ ဘာကြောင့်အရေးကြီးတယ်လို့ ပြောလို့ရနိုင်တာလဲ။

ဖြေ။ ။ အရေးကြီးပါတယ်။ ဝိုင်းမော်မြို့ရဲ့ လုံခြုံရေးယူထားတဲ့စခန်းလည်း ဖြစ်ပါတယ်။ နောက် မြစ်ကြီးနား – ဗန်းမော် ကားလမ်း လုံခြုံရေး ယူထားတဲ့ ဂိတ်ကြီးပေါ့နော်။ ပြည်သူလူထုကို စစ်ဆေးတဲ့ဂိတ်ကြီးလည်း ဖြစ်ပါတယ်။ ဒီ အရှေ့ဖက်ခြမ်းဘက်ကို တက်လာတဲ့ကားတွေ အကုန်လုံး အဲဒီမှာစစ်ဆေးပြီးမှပဲ ပြေးဆွဲလို့ရတဲ့ ဂိတ်တစ်ခု ဖြစ်ပါတယ်။ ဆိုတော့ အဲဒီဂိတ်ကတော့ တော်တော်အရေးကြီးတဲ့ ဗျူဟာမြောက်ဂိတ်တစ်ခု တပ်စခန်းတစ်ခု ဖြစ်ပါတယ်။

မေး။ ။ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၂၁ တပ်စခန်းကို သိမ်းလိုက်တဲ့အတွက် KIA အနေနဲ့ ဝိုင်းမော်ကနေ လိုင်ဇာ- ဗန်းမော် လမ်းကြောကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရလား။

ဖြေ။ ။ ထိန်းချုပ်နိုင်တယ် ဆိုတာကတော့ အခုလောလောဆယ် ကျနော်တို့ အုပ်ချုပ်မှု ယန္တရားတွေချပြီးမှသာ အုပ်ချုပ်တာကတော့ မလုပ်ရသေးပါဘူး။ ဒါပေမယ့် ခုနကပြောတဲ့ ဒီဝိုင်းမော်အထိကတော့ သူတို့တပ်စခန်း ကတော့ မရှိတော့ပါဘူး။ ကျနော်တို့ နေရာယူထားတဲ့ နေရာကြီးပဲ ဖြစ်ပါတယ်။

မေး။ ။ ဝိုင်းမော်ကိုရော ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပါလား။ ဘယ်လိုအနေအထား ရှိနေပါလဲ။

ဖြေ။ ။ အဲ့ဒါမျိုးတော့ စောပါတယ်။ အခုနပြောတဲ့ လမ်းပိုင်းမှာ ကျနော်တို့နေရာယူထားတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ဝိုင်းမော်ကိုထိန်းချုပ်တဲ့ အနေအထားလောက်တော့ မဟုတ်ပါဘူး။ ဝိုင်းမော်ကိုရနိုင်ဖို့ အတွက်ကတော့ ဒီဗန်းမော်ဘက်ကတော့ တခြားတပ်စခန်းတွေကတော့ မရှိတော့ပါဘူး။ အဲဒီ တကြောကတော့ မရှိတော့ပါဘူး။ ဝိုင်းမော်ကနေ ဗန်းမော်အထိပေါ့နော်။ သွားတဲ့ကားလမ်းပေါ်မှာက သူတို့တပ်စခန်းတွေ မရှိတော့ပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ လက်ရှိ ကချင်ပြည်နယ်ထဲက ဘယ်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားနေပါလဲ။ ပြောပြပေးပါအုံး။

ဖြေ။ ။ ကချင်ပြည်နယ်မှာကတော့ တိုက်ပွဲကတော့ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်တာ ရှိပါတယ်။ ဗန်းမော်၊ မံစီဘက်မှာလည်း တိုက်ပွဲက ပြင်းထန်နေပါတယ်။ မိုးမောက် မံစီဘက်မှာ အခုလည်း အဲဘက်မှာလည်း တိုက်ပွဲကတော့ ဆက်ရှိနေပါတယ်။ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ရှိပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here