“အဓိက ကတော့ လေယာဉ်နဲ့ဗုံးကြဲတာ ခံရတယ်။ အများအားဖြင့် သေဆုံးသွားတဲ့ အရပ်သားတွေက လေယာဉ်နဲ့ ဗုံးကြဲခံရတာဖြစ်တယ်။ စစ်ကြောင်းအသုံးပြု လာတဲ့လမ်းမှာ ရက်ရက်စက်စက် ပစ်သတ်ခံရသူ ၅ ဦး ကျနော်တို့ရွာမှာ ရှိပါတယ်” ခူးကိုရယ် – ညှိနှိုင်းရေးမှူး/ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN)

0
99
Photo – KNGY

စစ်ကောင်စီက ဆက်ကျူးလွန်နေသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းပြုစာရင်းကောက်ယူနေသည့် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ညှိနှိုင်းရေးမှူး ခူးကိုရယ်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်တွင်းသာမက ကရင်နီပြည်နှင့် ရှမ်းပြည်အစပ်ဒေသများတွင် စစ်ကောင်စီတပ်က အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့သည့် ဧပြီလအတွင်းက အရပ်သား ၁၆ ဦး အသတ်ခံခဲ့ရသည်ဟု ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က ထုတ်ပြန်သည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ညှိနှိုင်းရေးမှူး ခူးကိုရယ်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နှစ်ပတ်တကြိမ်ထုတ်ပြန်ချက်ထဲ ဧပြီလ ၈ ရက် ကနေ မေလ ၅ ရက် အထိ အရပ်သား ၁၆ ယောက် အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားတယ်ဆိုတော့ သူတွေက ဘယ်လိုအသတ်ခံရတာပါလဲ။ အဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရောပါဝင်ပါလား။

ဖြေ။ ။ အဓိက ကတော့ လေယာဉ်နဲ့ဗုံးကြဲတာ ခံရတယ်။ အများအားဖြင့် သေဆုံးသွားတဲ့ အရပ်သားတွေက လေယာဉ်နဲ့ ဗုံးကြဲခံရတာဖြစ်တယ်။ စစ်ကြောင်းအသုံးပြု လာတဲ့လမ်းမှာ ရက်ရက်စက်စက် ပစ်သတ်ခံရသူ ၅ ဦး ကျနော်တို့ရွာမှာ ရှိပါတယ်။ အဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးဆိုပြီး ကျနော်တို့ ခွဲထားတာမျိုးတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ ကျနော် စာရင်းပြုစုထားတာတော့ရှိတယ်။ အပတ်တိုင်း ကျနော်တို့ အဲ့လိုမျိုး ခွဲထားတာတော့ မရှိဘူးပေါ့နော်။

မေး။ ။ အရင်ကရော စစ်ကောင်စီဘက်က ဒီလိုမျိုးကျူးလွန်တာတွေ ရှိခဲ့လား။ နောက်ထပ် ကျူးလွန်လာနိုင်မယ့် အခြေအနေမျိုးကိုရော တွေ့ရပါလား။

ဖြေ။ ။ ကျနော်တို့ သုံးသပ်လို့ရတာတစ်ခုက စစ်ကောင်စီက မြေပြင်မှာ သူတို့အားနည်းလာပြီဆိုတာ သူတို့ကောင်းကောင်းသိတယ်။ ဒါကြောင့် သူတို့က အရပ်သားတွေရော၊ တော်လှန်ရေး အင်အားစုတွေကိုရော မခွဲတော့ဘဲနဲ့ အကုန်ပစ်မှတ်ထား လာတာပေါ့နော်။ အစကတည်းက သူတို့အဲ့လို နည်းနည်း နည်းနည်း လုပ်လာတာတော့ ရှိတယ်။ နောက်ပိုင်းဖြစ်လာတဲ့အခါမှာ အရပ်သားတွေကို ပစ်မှတ်ထားလာတာတွေတော့ တော်တော်များတယ်ပေါ့နော်။ ဥပမာ ကျောင်းတွေမှာ ကျောင်းသားနဲ့ ဆရာဆရာမတွေပဲ ရှိတဲ့နေရာ သူတို့တမင် ဗုံးလာကြဲတယ်။ လက်နက်ကြီးနဲ့လည်း ထုတယ်။ ဆေးရုံဆေးခန်းရော၊ ဘာသာရေး အဆောက်အအုံတွေနဲ့ ကြီးမားတဲ့ အဆောက်အအုံတွေကို Target ပစ်မှတ်ထားလာတာပေါ့နော်။ နောက်ပိုင်းလည်း ဒီလိုမျိုး ရှိလာအုံးမှာပဲ။

မေး။ ။ ဒီလိုမျိုး စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မူတွေကို ပေါ်တင်လုပ်နေပေမဲ့ သူတို့ဘက်က ငြင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်ပါလဲ။

ဖြေ။ ။ ကျနော်တို့မှာ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ရှိတယ်။ သူတို့ဘက်က သူတို့ပိုင်တဲ့ မီဒီယာပေါ့နော်။ ဥပမာ – မြဝတီမှာ ဗြောင်ဗြောင်တင်းတင်းလိမ်တာလို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ ဒါကို ကျနော်တို့ တကူးတကကြီး သူတို့နဲ့ မျက်နှာချင်းဆိုင်ပြီးတော့မှ ခင်ဗျားတို့ လိမ်ပါတယ်ဆိုပြီး သွားမပြောလိုပါဘူး။ တခုရှိတာက ကျနော်တို့မှာက လုံလောက်တဲ့သက်သေ အထောက်အထားရှိတယ်။ ခိုင်မာတဲ့သက်သေ အထောက် အထားနဲ့ ကျနော်တို့ချပြနိုင်တယ်။ နိုင်ငံတကာကို ကျနော်တို့ ပို့နိုင်တယ်။ လူ့အခွင့်အရေးသမားတွေနဲ့ရော အခုလို မီဒီယာသမားတွေနဲ့လည်း ကျနော်တို့ မျှဝေနိုင်တယ်ဆိုတာ ကျနော်တို့မှာ အခိုင်အမာရှိတယ်ဆိုတဲ့ဟာကို ပြောချင်တယ်။

မေး။ ။ အခုလို စစ်ကောင်စီက ရာဇဝတ်မူတွေ လူ့အခွင့်အရေးချိုးဖောက်မူတွေကို ကျူးလွန်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေနဲ့ စစ်ကောင်စီကို တရားစွဲနိုင်ဖို့နဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ယူဖို့ကို ဘယ်လိုဆောင်ရွက်ထားတာရှိပါလဲ။

ဖြေ။ ။ ဒီကြားထဲ ဒီတော်လှန်ရေးကာလထဲမှာ ထိထိရောက်ရောက် သူတို့ကိုအရေးယူနိုင်မယ့် နည်းလမ်းတွေ တော့ နည်းမှာပေါ့နော်။ လာမယ့်အသွင်ကူးပြောင်းရေး ကာလမှာလား သို့မဟုတ် Permanent သွားတဲ့ အချိန်မှာ လား အဲ့ဒီနေရာမှာ ကျော်လွန်ပြီးသားကာလတစ်ခုခုကို သူတို့ပြန်ပေးဆပ်ရပါလိမ့်မယ်။ ဒီတော့ စောနက ကျနော်ပြောတဲ့ လုံလောက်တဲ့သက်သေ အထောက်အထားကို ထုတ်ပြမယ်။ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မူတွေအတွက် သူတို့ပေးဆပ်ရလိမ့်မယ်။

မေး။ ။ ကရင်နီမှာရှိတဲ့ စစ်ကောင်စီရဲ့ကျူးလွန်မူတွေထဲ ပြည်သူတွေ အဓိကသေဆုံးရတဲ့ အကြောင်းအရင်းက ဘာလို့ပြောလို့ရလဲ။

ဖြေ။ ။ များသောအားဖြင့်က လေကြောင်းပေါ့နော်။ လေကြောင်း အဓိကထားပြီးတော့ တိုက်ခိုက်လာတာပေါ့။ ပေါင် ၅၀၀ ဝန်းကျင်လောက်ရှိတဲ့ ဗုံးတွေတောင် သုံးလာတယ် ခပ်များများပေါ့နော်။ နောက်ပိုင်းမှာ လေကြောင်း တစ်ခုတည်း မဟုတ်ဘူး။ လက်နက်ကြီးတွေနဲ့လည်း သူတို့လက်လှမ်းမှီတဲ့ ဧရိယာအထိပစ်တာမျိုး သူတို့တိကျတဲ့ စီမံကိန်း ရှိတယ်။ ဒီတောင်ကို ကျနော်တို့ပစ်မယ် သူတို့မှာမြေပုံရှိတယ်။ ဥပမာ သူတို့သုံးတဲ့ စစ်သုံးမြေပုံအရ ပစ်မှတ်ထားပြီးတော့မှ နေရာအများကြီးကို သူတို့ချိန်ထားတယ်။ အဲ့ဒီ လက်နက်ကြီးပေါ့နော်။ နောက်တခု ကတော့ မြေမြှပ်မိုင်းကြောင့်လည်း ပါတာပေါ့နော်။ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေ အများကြီး ရှိတယ်။ သေဆုံးသွားတဲ့သူတွေလည်း ရှိတယ်။ ကိုယ်လက်အင်္ဂါပေးဆပ်သွားတဲ့ ရွာသူရွာသားတွေ အများကြီး ရှိတယ်။ ဆိုတော့ မြေမြှပ်မိုင်းကလည်း အန္တရာယ်ကြီးတဲ့အထဲပါတယ်။

မေး။ ။ထိခိုက်မှုနည်းအောင်ရော ဘယ်လို ပြင်ဆင်မှုတွေရှိလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့က ထိခိုက်မူနည်းအောင် တော်လှန်ရေးအင်အားစုအနေနဲ့ရော အစိုးရဘက်ကရော အရပ်ဘက် အဖွဲ့အစည်းတွေကရော နည်းလမ်းတွေ ရှာကြံကြတာပေါ့နော်။ မြေမြှုပ်မိုင်းတစ်ခုထဲ မဟုတ်ဘဲ လက်နက်ကြီးပစ်ခတ်လိုက်လို့ လေယာဉ်ဗုံးကြဲလိုက်လို့ မပေါက်ကွဲတဲ့ကျည်တွေ မြေပြင်မှာ အများကြီးရှိတယ်။ ဒါကို ကျနော်တို့ မရှင်းနိုင်သေးဘူးပေါ့နော်။ မရှင်းနိုင်သေးဘူး ဆိုတာကလည်း မြေပြင်အရ ကျနော်တို့ရဲ့ ထိန်းချုပ်နိုင်တဲ့ ဧရိယာတွေ အများကြီးရှိတယ်လို့ ပြောပေမဲ့ လက်တွေ့မှာအစီအစဉ်တကျ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းမတွေ့ရသေးဘူးနော်။ ဒါမျိုးလည်း ပါတာပေါ့နော်။

မေး။ ။ အခုလိုမျိုး စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေ ပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မူ တွေနဲ့ပတ်သက်ပြီး တခြားရော ဘာများဖြည့်စွက်ပြောဖို့ရှိပါလဲ။

ဖြေ။ ။ ကျနော်တို့မှာ ဒီဘက်အစီအစဉ်တွေနဲ့က လေယာဉ်ကိုကာကွယ်နိုင်မယ့် နည်းစနစ်တွေမရှိသရွေ့ ကျနော်တို့ကဆက်ပြီးတော့ ခံနေအုံးမှာပဲပေါ့နော်။ နောက်ပိုင်းမှာလည်း ကျနော်တို့ အများကြီးကြုံနေရမယ့် ကိစ္စဖြစ်တယ်ပေါ့နော်။ ကျနော်ပြောချင်တာတစ်ခုက တောထဲတောင်ထဲမှာ ပြေးသွားနေတဲ့ ကျနော်တို့ ပြည်သူလူထုတွေ အများကြီးရှိတယ်ဆိုတော့ ဒီလူတွေကလုံခြုံတဲ့နေရာမှာပဲ လုံခြုံတဲ့နေရာဆိုလည်း မရှိပါဘူး။ ကျနော်တို့ပြည်နယ် ကြည့်လိုက်ရင်ပေါ့။ ဒါပေမဲ့ ပိုမိုလုံခြုံတဲ့နေရာမှာ နေကြဖို့တော့ တိုက်တွန်းလိုပါတယ်။ ရွာမှာပဲအေးဆေးပြန်နေမယ်လို့တော့ မဖြစ်စေချင်ဘူး။ သူတို့က လက်လှမ်းမှီတယ်ပေါ့နော် လက်နက်ကြီးက လေယာဉ်ကတော့ သူတို့ကြိုက်တဲ့နေရာကို သွားလို့ရတယ်ဆိုတော့ ဒါကို ကျနော်တို့ကာကွယ်နိုင်မယ့် အစီအစဉ်မရှိရင်တော့ ကျနော်တို့ဆက်ပြီးတော့မှ ခံနေရဦးမှာပဲပေါ့။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here