တနင်္သာရီစစ်ရှောင်စခန်းများတွင် ကန့်သတ်ပိတ်ဆို့မှုများကြောင့် ငှက်ဖျားဆေးဝါး လုံလောက်မှုမရှိနေ

0
46
ပုံစာ - စစ်ရှောင်စခန်းတခုတွင် ဆေးကုသမှုပေးနေစဉ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဆေးဝါးသွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် စစ်ဘေးရှောင်စခန်းတို့တွင် လက်ရှိ၌ ငှက်ဖျားဆေး လုံလောက်မှုမရှိကြောင်း ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတို့ထံမှ သိရသည်။

တနင်္သာရီဒေသရှိ စစ်ရှောင်စခန်းများတွင် ပြီးခဲ့သည့် ဧပြီလနှင့် ယခုမေလအတွင်း စစ်ဘေးရှောင်သူဦးရေတိုးလာသည့်အပြင် ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားလျှက်ရှိကြောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတို့ ပြောဆိုမှုအရ သိရသည်။

လက်ရှိတွင် ကာကွယ်ကုသရန်အတွက် ငှက်ဖျားစမ်းသပ်ကိရိယာနှင့် ဆေးဝါးများအပြင် ဆေးဝါကျွမ်းကျင်အဖြစ် ကုသပေးမည့် (volunteer) များလည်း ရှားပါးလာသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသည့် နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီကယ်ဆယ်သူရေးအဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“တနင်္သာရီဘက်က ငှက်ဖျားပေါတယ်။ ဒီလအတွင်း ယာယီစစ်ရှောင်စခန်းမှာ အဖြစ်များလာတယ်။ ပိတ်ဆို့ခံ ဒေသတွေမှာ ဆေးဝါးမလုံလောက်မှု၊ ဌက်ဖျားစစ်တံ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်။ မနှစ်က စုထားတဲ့ ဆေးနဲ့က မလောက်ဘူး ဖြစ်နေတယ်။ အမြဲတမ်းစစ်ရှောင်က ရွာကအိမ်မှာ နေခိုင်းထားတယ်။ ဌက်ဖျားကုသရေး အဖွဲ့က စစ်ရှောင်စခန်းမှာ ကုသဖို့မရောက်ရှိဘူး” ဟု အဆိုပါတာဝန်ရှိသူအမျိုးသမီးက ပြောသည်။

ယင်းသို့ဆေးဝါးမလုံမှုကြောင့် မြို့ပေါ်သို့ ဆေးကုသမှု ခံယူသူများနှင့် ဆေးဝါးဝယ်ယူသူများကို စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးမှုပြုလျှက် ရှိသည်ဟု သိရသည်။

လက်ရှိတွင် စုဆောင်းထားသည့် လက်ကျန်ဆေးဝါးများနှင့်သာ ရွာသားများနှင့် စစ်ရှောင်များကို ကုသမှု ပေးနေရခြင်းကြောင့် အရေးပေါ်လူနာများအတွက် စိုးရိမ်ဖွယ် ဖြစ်ရသည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။

“မြို့ပေါ်ကို ဆေးတက်မဝယ်ရဲသလို ရွာကလူနာဆိုလည်း မြို့ပေါ်တက် မကုရဲကြဘူး။ ကျမတို့ တကူကျေးရွာ အုပ်စု သရဘွန်ရွာကဆို အမဲရောင်နယ်မြေ သတ်မှတ်ထားတော့ ဆေးသွားဝယ်တဲ့သူတွေလဲ အဖမ်းခံရတာ ရှိတယ်။ ဆေးရမယ့် လမ်းကြောင်းလည်း မရှိနေဘူး။ ရွာမှာနေတဲ့သူတွေက ရက်လွန်ဖြစ်ပြီး လာတဲ့လူနာတွေ ဆေးပုလင်းကြီးတွေချိတ်ပြီး ကုသရတဲ့အခါတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အထွေထွေကုန်ပစ္စည်း သယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် အဆိုပါစစ်ရှောင်များအတွက် စားနပ်ရိက္ခာအပြင် အမိုးအကာ၊ ခြင်ထောင်နှင့် ဆေးဝါးများလည်း အရေးပေါ်လိုအပ်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း တိုက်ပွဲများကြောင့် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ ပုလောနှင့် တနင်္သာရီမြို့တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးသူ တိုးလာပြီး စစ်ရှောင်ဦးရေ ၆ သောင်း နီးပါးအထိ ရှိလာသည်ဟု Fe 5 Tanintharyi မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“အစားအသောက် ဆန်တွေဆိုလည်း စစ်ရှောင်တွေ လုံလုံလောက်လောက်မရှိဘူး။ အမိုးအကာအောက်မှာပဲ နေထိုင်ရတယ်။ ဆေးခြင်တောင်ဆိုလည်း မရှိဘူး။ အမြဲတမ်း စစ်ရှောင်စခန်း ၅ ခုထဲမှာက လူဦးရေ ၆၀၀၀ ဝန်းကျင် ရှိတယ်။ ကျန်တဲ့သူတွေက ယာယီရှောင်တယ်၊ ကူညီကယ်ဆယ်သူတွေက လက်လှမ်းမှီသလောက်တော့ လုပ်ပေးနေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလယ်ပိုင်းအထိ တနင်္သာရီမြို့ အရှေ့ဘက်ပိုင်း ကျေးရွာအုပ်စုတွင် (PV) အမျိုးအစား ဌက်ဖျား တွေ့ရှိသူ ၃၅ ဦး ရှိနေပြီး၊ တောင်ဘက်ပိုင်း ကျေးရွာအုပ်စုတွင်လည်း (PV) ဌက်ဖျားပိုး တွေ့ရှိသူ ၁၁ ဦး ရှိသည်ဟု ဒေသတွင်းမီဒီယာတို့၏ ဖော်ပြထားချက်အရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here