ရေဖြူမြို့ ကလိန်အောင်ရဲစခန်းနှင့် မြို့ဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

0
39
Photo - CJ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့ရဲစခန်းနှင့် မြို့ဝင်စစ်ဆေးရေးဂိတ်ကို မေ ၂၂ ရက်နေ့ မနက် ၅ နာရီခန့်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်များပါ တပ်စွဲထားသည့် ရဲစခန်းနှင့် မြို့ဝင်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်း တပ်ဖွဲ့ဘက်က တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တာကြောင့် နှစ်ဖက်တပ်အကြား အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် လက်ဦးမှု ရယူနိုင်ခဲ့သည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး PDF များဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်များအနီး ကျရောက်ပေါက်ကွဲမှု ရှိနေပေမယ့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း ဒေသခံများထံက သိရသည်။

ရဲစခန်းနှင့် မြို့ဝင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့ဝင်ဂိတ်ကို ဖြတ်သန်းသွား လာခွင့် ပိတ်ချခဲ့ပြီး ထိုနေ့ (မေ ၂၂ ရက်နေ့) နေ့လယ်ပိုင်းမှသာ ပြန်လည်ဖွင့်ပေးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ကလိန်အောင်တွင် ထိုသို့ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများက စိုးရိမ်ပူပန်မှု မြင့်တက်နေကြပြီး အများစုက နေအိမ်အတွင်းမှာပင် ပုန်းခိုနေထိုင်နေကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေ ၇ ရက်နေ့ကလည်း ကလိန်အောင်မြို့ ဇင်းဘာရွာသုသာန်အနီး၌ ခမရ ၄၁၀ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here