စားဝတ်နေရေးအခက်အခဲများကြောင့် အမျိုးသမီးလိင်ဝန်ဆောင်မှုလုပ်ကိုင်သူ ပိုများလာနေ

0
118
Photo - CJ

မွန်ပြည်နယ်တွင် အာဏာသိမ်းခံရပြီး ၃ နှစ်ကျော်ကာလအတွင်း စားဝတ်နေရေး အခက်အခဲများကြောင့် အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ကိုင်သူ ပိုများလာသည်ဟု အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူများက ပြောဆိုသည်။

အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများကြောင့် အမျိုးသမီးများဟာ ခန္ဓာကိုယ်နှင့်ရင်းပြီး ငွေကြေးရှာဖွေသော လိင်ဝန်ဆောင်မှု လုပ်ငန်းကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြသည်ကို တွေ့ရှိရသည်ဟု အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။

မြေပြင်တွင် စုံစမ်းမေးမြန်းမှုများအရ လိင်ဝန်ဆောင်မှု လုပ်ကိုင်သူများသည် အသက် ၁၆ နှစ် ကနေ ၄၀ ဝန်းကျင် အရွယ်ရှိ အမျိုးသမီးများ ဖြစ်ကြပြီး အများစုက ရွှေ့ပြောင်းလုပ်သားများနှင့် ငွေကြေးချို့တဲ့သူများ ဖြစ်ကြောင်း လေ့လာစုံစမ်းမှုအရ သိရသည်။

အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက အမျိုးသမီးငယ်အများစုဟာ စီးပွားရေး အခြေအနေအရ ဝင်ငွေရလွယ်သော Sex Worker လောကထဲ ဝင်ရောက်မှုနှုန်း သိသိသာသာ မြင့်တက်လာသည်ဟု ပြောဆိုသည်။

“အခုက စီးပွားရေးအခြေအနေကလည်း အမျိုးသမီးငယ်လေးတွေ အများစုက ငွေရလိုတဲ့အလုပ်ကို စိတ်ဝင် စားလာကြတာပေါ့နော်။ အရင်တုန်းကဆိုလို့ရှိရင် ဒါက အင်မတန်အခက်အခဲရှိပြီးတော့ မဖြစ်မနေလုပ်လို့သာ သူတို့က Sex Worker ဘဝကို ရောက်ကြတာပေါ့နော်။ အခုကြတော့လည်း Sex Worker ဆိုတဲ့ ခေါင်းစဉ်က လုပ်ငန်းတစ်ခုလိုမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု အမျိုးသမီးအရေး ကူညီဆောင်ရွက်သူက ပြောသည်။

အမျိုးသမီးငယ်များမှာ အချိန်မရွေး အဆိုပါ Sex Worker လုပ်ငန်းထဲဝင်ရောက် လုပ်ကိုင်လို့ရသည့်အပြင် ဝင်ရောက်လုပ်ကိုင်လာနှုန်းကလည်း များပြားလာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

စားဝတ်နေရေး အခက်အခဲကြောင့် Sex Worker လုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်လာသော အမျိုးသမီးငယ် များဟာ မိမိတို့နေအိမ်များတွင်သာ နေထိုင်ပြီး ဖုန်း အပါအဝင် Viber ၊ Telegram၊ Messenger စသည့် အွန်လိုင်း အသုံးပြုပြီး ချိတ်ဆက် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်တယ်လို့ ၎င်းက ဆက်ပြောသည်။

တက်ကြွလှုပ်ရှားသူတစ်ဦးက အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ကိုင်သူ များပြားလာခြင်းသည် စစ်ကောင်စီ လက်ထက် အလုပ်အကိုင်များ ရှားပါးလာခြင်းနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေအလွယ်ရနိုင်သည့် လုပ်ငန်းကို ရွေးချယ်လုပ်ကိုင်လာခြင်းဟု ပြောပါသည်။

“အစစအရာရာ ကုန်ဈေးနှုန်းက မတန်တဆ မြင့်တက်လာတဲ့အပေါ်မှာ အောက်ခြေလူတန်းစားတွေပေါ့နော်။ အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေ ဒီဆင်းရဲသား ဆင်ခြေဖုံး မြို့စွန်ရပ်ကွက်က လူတွေဆိုရင် အရမ်းကို တအားကျပ်တည်းတာပဲ။ ကျပ်တည်းလာတဲ့အခါမှာ တချို့ တချို့ မလုပ်ဖူးတဲ့ သူ့ဘဝသက်တမ်း တလျှောက်လုံး မှာ မလုပ်ဖူးတဲ့အလုပ်တွေပေါ့။ ဥပမာ အိမ်ထောင်သည် အမျိုးသမီးတွေကအစ မိမိရဲ့ခန္ဓာကိုယ်ကို ရင်းပြီးတော့ ပိုက်ဆံရှာဖွေတဲ့ အလုပ်လုပ်တာပိုပြီး များလာတာပေါ့” လို့ အထက်ပါတက်ကြွလှုပ်ရှားသူက ပြောသည်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီးလိင်ဝန်ဆောင်မှု လုပ်ငန်းများသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်တချို့၌ ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာသည့်အပြင် အွန်လိုင်းကတဆင့် ချိတ်ဆက်လုပ်ကိုင်လာသော ဈေးကွက်တစ်ခု ပေါ်ပေါက်လာနေခြင်းလည်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

စားဝတ်နေရေး အခက်အခဲများကြောင့် ခန္ဓာကိုယ်ကိုရင်းပြီး Sex Worker အလုပ်လုပ်ကိုင်လာကြသော အမျိုးသမီးများဟာ ကျန်းမာရေးအသိပညာရှိမှုလည်း နည်းပါးနိုင်တာကြောင့် HIV ရောဂါ ဖြစ်ပွားမှုနှုန်းပါ မြင့်တက်လာမည်ကို အမျိူးသမီးအရေး ကူညီဆောင်ရွက်နေသူများက စိုးရိမ်နေကြသည်။

မွန်ပြည်နယ်၌ အာဏာသိမ်းမခင်က လိင်လုပ်သား အမျိုးသမီး ၅၀၀ ကျော်ရှိနေပြီး စစ်ကောင်စီလက်ထက်တွင် စာရင်းအတိအကျ ကောက်ယူနိုင်ခြင်း မရှိပေမယ့် လိင်လုပ်သားအဖြစ် လုပ်ကိုင်လာမှုနှုန်း သိသိသာသာ မြင့်တက်လာသည်ဟု အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူများက သုံးသပ်ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here