KIA က ဝိုင်းမော် – လိုင်ဇာ – ဗန်းမော် ကားလမ်းတကြောကို ထိန်းချုပ်နိုင်ပြီ

0
35
ပုံစာ - တိုက်ပွဲဖြစ်ပွားရာပြမြေပုံ

ကချင်ပြည်နယ်တွင် စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်၏ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်နိုင်သည့်အတွက် မြစ်ကြီးနား – ဗန်းမော် ကားလမ်း တလျှောက်ရှိ ဝိုင်းမော် – လိုင်ဇာ -ဗန်းမော် ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဲဒီတကြောက တပ်စခန်းကတော့ ရွှေညောင်ပင်က ၃၂၁ စခန်းတော့ မနေ့ (မေ ၂၁ ရက်) က ၈ နာရီ ဝန်းကျင်လောက်မှာ အကုန်လုံး အပြီးအစီး သိမ်းပိုက်လိုက်ပါပြီ။ အဲ့ဒါတစ်ကြောင်း ရှိတယ်။ နောက် လုံဇက်ကောင်စခန်းလည်း သိမ်းတာ ကြာပါပြီ။ နောက် ကဇူးယန်တပ်စခန်းလည်း သိမ်းတာကြာပါပြီ။ အခုတော့ ဝိုင်းမော်ကနေ လိုင်ဇာ ကားလမ်း တစ်ကြောမှာတော့ စကစ တပ်စခန်းကတော့ မရှိတော့ဘူး ဖြစ်နေတာ။ ဝိုင်းမော်ကနေ ဗန်းမော် အထိပေါ့နော် သွားတဲ့ကားလမ်းပေါ်မှာက သူတို့တပ်စခန်းတွေ မရှိတော့ပါဘူး” ဟု ပြောသည်။

ဝိုင်းမော်မြို့အထွက်ရှိ ရွှေညောင်ပင်ရွာတွင် အခြေစိုက်ထားသည့် ခမရ ၃၂၁ တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များက မေလ ၂၁ ရက်နေ့ ည ၈ နာရီခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO/KIA က ပြောသည်။

အဆိုပါတပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော် ကားလမ်းတကြောကို လုံခြုံရေးယူထားသည့် စစ်ဆေးရေးဂိတ်ဖြစ်သည့်အပြင် စစ်ရေးအရ ဗျူဟာမြောက်စခန်းတစ်ခုလည်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက “ဝိုင်းမော်မြို့ရဲ့ လုံခြုံရေးယူထားတဲ့ စခန်းလည်း ဖြစ်ပါတယ်။ နောက် မြစ်ကြီးနား – ဗန်းမော်ကားလမ်း လုံခြုံရေး ယူထားတဲ့ ဂိတ်ကြီးပေါ့နော်။ ပြည်သူလူထုကို စစ်ဆေးတဲ့ ဂိတ်ကြီးလည်းဖြစ်ပါတယ်။ ဒီ အရှေ့ဖက်ခြမ်းဘက်ကို တက်လာတဲ့ကားတွေ အကုန်လုံး အဲ့ဒီမှာ စစ်ဆေးပြီးမှပဲ ပြေးဆွဲလို့ရတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ၎င်းက “အဲဒီဂိတ်ကတော့ တော်တော်အရေးကြီးတဲ့ ဗျူဟာမြောက်ပဲ။ ဂိတ်တစ်ခု တပ်စခန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ ၃၂၁ ကနေ ဝိုင်းမော်အထိကတော့ တခြားစခန်းတွေလည်း မရှိတော့ဘူး။ အဲကြောင့် ဗျူဟာမြောက်တဲ့ စခန်းကတော့ ၃၂၁ ရွှေညောင်ပင်ပဲ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

ရွှေညောင်ပင် ခမရ ၃၂၁ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ၊ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးပစ်ကူများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်ဟု KIO/KIA က ပြောသည်။

အဆိုပါ ခမရ ၃၂၁ စခန်းအား ပေးလိုက်ရသည့်နောက် ညသန်းခေါင်အချိန်ခန့်တွင် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အား လေကြောင်းမှ ဗုံးကြဲမှုများ ဆက်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ လက်ရှိအချိန်အထိ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here