တနင်္သာရီတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီယာဉ်တန်းကို တစ်ရက်ထဲ ၃ ကြိမ် တိုက်ခိုက်ခဲ့

0
42
Photo – Social Media

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့မှ တနင်္သာရီမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် စစ်ကောင်စီ၏ ရိက္ခာပို့ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ရက်တည်း ၃ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“လသာရွာအနား မိုင်းတစ်ခါဆွဲခံထားရတာဆိုတော့ ဒီဘက်ကိုဖြတ်တဲ့အချိန်မှာ အရှိန်အကြမ်းနဲ့ လက်နက်ကြီး တွေ ပစ်ပြီး ဖြတ်မောင်းသွားတာပါ။ တိုက်ခိုက်ခံရတဲ့ယာဥ်တန်း ထိခိုက်ပျက်စီးမှုကိုတော့ စုံစမ်းနေတုန်းပါပဲ” ဟု တောဗုံးကြီးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ရိက္ခာတင်ဆောင်လာသည့် စစ်ကောင်စီယဉ်တန်းပါ ကား ၉ စီးကို မေလ ၂၀ ရက်နေ့က မြိတ်မြို့နယ် လသာရွာအနီးတွင် တစ်ကြိမ်၊ တနင်္သာရီမြို့နယ် ကမ်းတိုရွာအနီး တစ်ကြိမ်နှင့် ဘန်းလမွတ်ကျေးရွာအနီး တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

ထိုတိုက်ခိုက်မှုကို တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်ခရင်းတပ်ဖွဲ့၊ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပုလော-ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က မြိတ်မြို့နယ် လသာကျေးရွာအနီးရှိ ရဲသေ့တောင်နေရာသို့ စစ်ကောင်စီယာဥ်တန်း ရောက်ရှိလာချိန် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာကား ၃ စီး ရပ်နားကျန်ရှိ ခဲ့သေးကြောင်း ရွာသားများက ပြောသည်။

ဆက်ထွက်ခွာလာသည့် ရှေ့ပြေးကားငယ်တစ်စီးနှင့် ရိက္ခာကား ၆ စီးတို့ကို တနင်္သာရီမြို့နယ် ကမ်းတိုကျေးရွာ အရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ရင်း ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထို့စစ်ကောင်စီယာဉ်တန်းမှာ ဘန်းလမွတ်ကျေးရွာ အနီးသို့ ရောက်ရှိလာချိန် မွန်းတည့် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဘန်းလမွတ်ကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာနှင့် ဘန်းလမွတ်ကျေးရွာအကြား လမ်းတလျှောက်တွင် မိုင်းအလုံး ၂၀ ကျော်ကို ကြိုတင်ထောင်ထားခြင်းဖြစ်ပြီး ရိက္ခာကား ၂ စီး ထပ်မံ မိုင်းထိသွားသည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီး နာရီဝက်ခန့်အကြာ ဘန်းလမွတ်ကျေးရွာ ချောင်းအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေနတ်ထ်မှန် သွားခဲ့သည်ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် ဘန်းလမွတ်ကျေးရွာအနီး မိုင်းထိထားသည့် ကားများအပါအဝင် ရိက္ခာကား ၉ စီးလုံး အရှေ့မော်တုန်း ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမတ (၃၀၆) ထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ကလည်း ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်းမှ ထွက်ခွာလာသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့သေးကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ၏ ပြောဆိုမှုအရ သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here