“တွန်းဇံမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ပေမယ့် မြို့ပြင်ဘက်မှာတော့ ရှိနေသေးတော့ လုံခြုံစိတ်ချရတဲ့အနေအထား သိပ်ပြီးတော့ မရောက်သေးဘူးလို့ ပြောချင်တယ်။ တိုက်လေယာဉ်ကတော့ ခပ်စိပ်စိပ်လာနေတဲ့ အနေအထားဖြစ်တယ်” ဆလိုင်းထက်နီ – CNF/CNA ပြောရေးဆိုခွင့်ရှိသူ

0
69
ပုံစာ - ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

တွန်းဇံနှင့် ကျီခါး မြို့သိမ်းစစ်ဆင်ရေး အခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချင်းပြည်နယ်မြောက်ပိုင်းဒေသ တွန်းဇံမြို့နယ်တွင် မေလ ဒုတိယ ပတ်ကစ၍ မြို့သိမ်းစစ်ဆင်ရေးကို ပထမဆုံးအကြိမ် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး၊ စစ်ဆင်ရေး စတင်ပြီး ၅ ရက် အကြာ မေလ ၁၉ နှင့် ၂၁ ရက်နေ့တွင် တွန်းဇံမြို့ နှင့် ကျီခါးမြို့တို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မေလ ၁၅ ရက်နေ့က စတင်ခဲ့သော အဆိုပါ မြို့သိမ်းစစ်ဆင်ရေး အခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ချင်းပြည်အစိုးရ ချင်းပြည်နယ်ဝန်ကြီးဌာနက ဒီလိုမျိုး ပထမဦးဆုံး တွန်းဇံမြို့အတွင်း စစ်ဆင်ရေးဖော်ဆောင်မှုက ချင်းတော်လှန်ရေးအတွက် ဘယ်လိုမျိုးအရေးကြီးပါလဲ။

ဖြေ။ ။ ကျွန်တော်တို့က ဒီတော်လှန်ရေးကို နိုင်ငံရေး၊ စစ်ရေးနဲ့ ဟန်ချက်ညီညီ ဖော်ဆောင်တာဖြစ်တယ်။ စစ်ရေးဆိုတာ နိုင်ငံရေးအခြေအခံ ပဋိပက္ခကြောင့် ဒီစစ်ရေးအခြေအနေအထိ ဖြစ်လာတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ အမျိုးသားစုစည်းမှုကို စစ်ရေးနဲ့ နိုင်ငံရေးအရ အခုက ဖော်ဆောင်နေတာဖြစ်တယ်။ အခုလက်ရှိမှာ ချင်းပြည်အစိုးရ ပေါ်လာပြီဆိုတော့ ဒီစစ်ကောင်စီကို တိုက်ထုတ်ဖို့က အားကောင်းကောင်းနဲ့ ကျွန်တော်တို့ သွားချင်တယ်။ အဲ့ဒါကြောင့် ချင်းလဲန်းကောင်စီ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ အခုက CNA ချင်းအမျိုးသား တပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုဖွဲ့ပြီးတော့ ချင်းကာကွယ်ရေး ဝန်ကြီးအောက်မှာထားပြီးတော့ အားကောင်းကောင်းနဲ့ စစ်ရေးကို ဖော်ဆောင်နေတာဖြစ်တယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ စစ်ရေးနဲ့နိုင်ငံရေးအရ စုစည်းမူကြီးတခုအနေနဲ့ ဒီစစ်ဆင်ရေးကို ဖော်ဆောင်နေတာဖြစ်တယ်။

မေး။ ။ တွန်းဇံမြို့က ချင်းပြည်နယ်ရဲ့အစွန်ဆုံးမှာ ရှိတယ်ပေါ့လေ။ ပြီးတော့ မြန်မာ-အိန္ဒိယနယ်စပ်မှာလည်းရှိတော့ စစ်ရေးအရ ၊နိုင်ငံရေးအရ၊ စီးပွားရေးအရမှာ တွန်းဇံမြို့က ဘယ်လိုမျိုးအချက်အချာကျအရေးပါပါလဲ။

ဖြေ။ ။ တွန်းဇံမြို့နယ်မှာရှိတဲ့ အထိုင်တပ်စခန်းတွေကို စခန်းသိမ်းဖော်ဆောင်တာက ကျွန်တော်တို့ စစ်ရေးအရ၊ နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့နေရာလို့ သတ်မှတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အခုလက်ရှိ ချင်းပြည်မှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲတွေ၊ အတုအယောင်ရွေးကောက်ပွဲ ဖော်ဆောင်ဖို့ လုပ်တဲ့နေရာမှာ ဒီတွန်းဇံမြို့နယ်ထဲမှာ ဒေသအခြေပြု နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ဆိုပြီးတော့ ပြင်ဆင်နေတာ သန်ခေါင်စာရင်းတွေ ကောက်နေတာတွေ ရှိတယ်။ ဒါက နိုင်ငံရေးအရ စစ်ကောင်စီ ရေရှည်ရပ်တည်ရေးကို ဦးတည်နေတယ်လို့ ကျွန်တော်တို့မြင်တယ်။ စစ်ကောင်စီက သူ့ရဲ့အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေတာ တွေ့ရတယ်။

နောက်ပြီးတော့မှ အဲ့ဒီဒေသမှာအခြေပြုလာတဲ့  ZRO/ZRA ဆိုတဲ့ ဒေသအတွင်းမှာရှိနေတဲ့ လူမျိုးစု၊ လက်နက်ကိုင်တွေကို ပူးပေါင်းပြီးမှ သူတို့ကိုအားပေးအားမြောက်ပြီးမှ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကို ဆန့်ကျင်နေတာတွေ့ရတယ်။ ဒါကတော့ အားလုံးအသိဖြစ်ပါတယ်။ နောက်ပြီးတော့ တွန်းဇံက အိန္ဒိယနယ်စပ်မှာ ဆိုတော့ တဖက်အိန္ဒိယ လူမျိုးစုလက်နက်ကိုင်တွေ လှုပ်ရှားနေတာတွေ့ရတယ်။ ဒါကတော့ ချင်းပြည်ကို ထိပါးလာနေတဲ့ အခြေအနေထား၊ နောက်ပြီးတော့ ကျွန်တော်တို့က တော်လှန်ရေးလုပ်တဲ့နေရာမှာ အိန္ဒိယ နိုင်ငံရေးကို သန့်သန့်ရှင်းရှင်းနဲ့ ဝင်မစွက်ဖက်တဲ့ ပေါ်လစီကို စွဲကိုင်ထားတယ်ဆိုတော့ အဲ့ဒါတွေက ကျွန်တော်တို့အမျိုးသား ရေရှည်ရပ်တည်ရေးအတွက် ခြိမ်းခြောက်နေတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံရေးမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပံ့ပိုးနေတဲ့ အနေအထားရောက်နေတယ်။ အဲဒါကို ကျနော်တို့က  စစ်ရေး၊ နိုင်ငံရေးအရ အင်မတန်မှ အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက် ဒီစစ်ဆင်ရေးကို ဖော်ဆောင်တာ ဖြစ်တယ်။

မေး။ ။ တွန်းဇံမြို့သိမ်းတိုက်ပွဲက (၅) ရက်တာ ကြာမြင့်ခဲ့တယ်။ အဲ့တိုက်ပွဲက ဘယ်လိုမျိုးဖြစ်ပွားခဲ့ပါလဲ။ ဘယ်လိုမျိုး ပြင်းပြင်းထန်ထန်တွေ ရှိခဲ့ပါလဲ။ အဲ့တိုက်ပွဲအကြောင်း ရှင်းပြပေးပါအုံး။

ဖြေ။ ။ တွန်းဇံမှာရှိတဲ့ ၂၆၉ အထိုင်စခန်းတွေ၊ ရဲစခန်းတွေ၊ စစ်ကောင်စီတပ် ခြေကုတ်ယူတဲ့နေရာတွေ၊ ပြီးတော့ ကျီခါးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေ သိမ်းဖို့ကို ကျွန်တော်တို့က အားကောင်းကောင်းနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ချင်းလဲန်းကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအကုန်လုံး အခုလ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ ဖော်ဆောင်တာဖြစ်တယ်ပေါ့။ ဆိုတော့ အဲ့လိုဖော်ဆောင်တဲ့နေရာမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေကို တွန်းဇံရယ်၊ ကျီခါးရယ် ဆိုပြီးတော့ တကြိမ်တခါတည်း တိုက်ပွဲကိုဖော်ဆောင်ဖို့ ကျွန်တော်တို့ စစ်ဆင်ရေးကိုစတယ်။ အဲ့လိုမျိုးမစခင်မှာ အိန္ဒိယနယ်စပ်မှာရှိတဲ့ ကျီခါးက စစ်ကောင်စီတပ်သားတွေကို တွန်းဇံမြို့ကို ဖြည့်လာတယ်။ တချို့ကျန်နေတယ်လို့ သိရတယ်။

ပြီးတော့ တွန်းဇံမြို့မှာ အဲ့သလိုမျိုး စစ်ဆင်ရေးစနေတော့ သူတို့ဒဏ်ရာရရဲဘော်တွေကို မော်တော်ယာဉ်တစ်စီးနဲ့ ကျီခါးမြို့ကို ပို့တယ်လို့သတင်းရတော့ ကျီခါးမြို့မှာ စစ်ကောင်စီရှိနိုင်သေးတယ်၊ အဲ့လိုအမြင်နဲ့ ကျီခါးမြို့ကို သွားပြီး စစ်ဆင်ရေးလုပ်တော့ အဲ့မှာ သူတို့မရှိတော့ဘူး။ အဲ့ဒီလမ်း ၂ ခုကို ကျွန်တော်တို့က အရင်ဖြတ်တောက် ပြီးတော့ ကျွန်တော်တို့တွန်းဇံမြို့ကို ဝိုင်းပြီးတော့ တွန်းဇံမြို့ထဲက တပ်စခန်းတွေကို သိမ်းတယ်။ ဒါပေမယ့် အဲ့ဒီမှာ ဂျက်ဖိုက်တာ Mi35 နဲ့  ဗုံးတောက်လျှောက်ကြဲလာတယ်။ အတွဲတွဲနဲ့ ဗုံးသီး ၂၀ ၊ ၁၆ ၊ ၈ လုံးတွေနဲ့ တွဲပြီးတော့ ကြဲချတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီခြေကုတ်ယူထားတဲ့နေရာ တပ်စခန်းအားလုံးကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်တယ်။ သိမ်းပြီးတော့ သူတို့က စစ်ကူကို ဟတ်စကီးနဲ့ အင်အား ၅၀ လောက် လာချတယ်။ အဲ့တာကို ပြန်ပြီးတော့ တိုက်ခိုက်ပြီး စစ်ကူလာတဲ့ဟာတွေကို ၁၁ ယောက်လောက် ပွဲချင်းပြီး အဲ့နေရာမှာ ပစ်ခတ်နိုင်ခဲ့တယ်။

အခုအနေအထားက သူတို့က စခန်းထဲကနေ ရွေ့ပြီးတော့ မြို့ထဲမှာရှိတဲ့ နေရာတခုမှာ ပုန်းခိုနေတာ။ အဲ့တာကို ဒီနေ့မနက် ဝေလီဝေလင်းချိန်မှာဝင်စီးတော့ အခုလက်ရှိက တိုက်လေယာဉ်တွေကတော့ တွန်းဇံမြို့ပြင် ကျွန်တော်တို့ရှိတဲ့ နေရာတွေကို ခပ်စိပ်စိပ်လာနေတဲ့ အနေအထား။ အခုစစ်ကောင်စီတွေက မြို့ပြင်နေရာတခုကို ရောက်နေပြီ၊ အဲ့တာချေမှုန်းရေးကို ဆက်လုပ်နေတယ်။ အခုက စစ်ကောင်စီတပ်စီကနေ လက်နက် အလက်ပေါင်း (၅၀) သိမ်းဆည်းရမိတယ်။ အလောင်းကတော့ (၁၁) လောင်း တွေ့ခဲ့တယ်။  ကျီခါးမြို့ကတော့ စစ်ကောင်စီ ကင်းစင်ပြီလို့ စိတ်ချရတဲ့အနေအထား ရောက်နေပေမယ့် တွန်းဇံမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ပေမယ့် မြို့ပြင်ဘက်မှာတော့ ရှိနေသေးတော့ လုံခြုံစိတ်ချရတဲ့အနေအထား သိပ်ပြီးတော့ မရောက်သေးဘူးလို့ ပြောချင်တယ်။ တိုက်လေယာဉ်ကတော့ ခပ်စိပ်စိပ်လာနေတဲ့ အနေအထားဖြစ်တယ်။

မေး။ ။ စစ်ကောင်စီရဲ့သေဆုံးမူက အလောင်း (၁၁) လောင်းဆိုရင် တိုက်ပွဲအတွင်းကျဆုံးမူက ဘယ်လောက်လောက်ရှိပါလဲ။

ဖြေ။ ။ ၁၅ ရက်နေ့ကနေ ဒီနေ့အထိဆိုရင် ၂၀ လောက်တော့ ရှိတယ်။ ထိခိုက်ဒဏ်ရာရဆိုရင်တော့ တော်တော် လေးများမှာ ဘာလို့လဲဆိုရင်တော့ စသိမ်းကတည်းကိုက ကျီခါးကို ဒဏ်ရာရတဲ့သူတွေ ကား (၂) စီးနဲ့ တင်သွားတာတို့၊ ဆေးရုံတက်နေတာတို့ ရှိတယ်။ ZRA တပ်ဖွဲ့ဝင်တွေ ၁၀ ယောက်လောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ၈ ယောက် အဲ့သလိုမျိုးတွေ  သူတို့က လူနာတင်ခဲ့တဲ့ဟာတွေ ရှိခဲ့တယ်။

မေး။ ။ တွန်းဇံမြို့မှာ ZRA (EC) တပ်ကလဲ အခြေချတယ်။ လက်ရှိတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဘက်ကနေ ဝင်တိုက်ပေးတာတွေရှိတော့ ဘယ်လိုမျိုးကြောင့် စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးရတာလဲ။ ဘယ်လိုပုံစံမျိုးတွေနဲ့ ဝင်တိုက်ပေးတာပါလဲ။

ဖြေ။ ။ သူတို့က တွန်းဇံမြို့ထဲမှာ သော်လည်းကောင်း၊ ကျီခါးမြို့ထဲမှာ သော်လည်းကောင်း၊ စစ်ကောင်စီနဲ့အတူတူ တပ်စွဲထားတာကတော့ ကြာပါပြီ။ ပြီးတော့ တွန်းဇံစစ်ဆင်ရေးသွားတဲ့အချိန် တွန်းဇံကို မရောက်ခင် လမ်းတလျောက်လုံးမှာ ပိတ်ပြီးတော့ ခြုံခိုတိုက်ခိုက်တာ ပြီးတော့ ဆွဲမိုင်းတွေထောင်ပြီးတော့ တိုက်ခိုက်တာ အဲ့လိုမျိုးတွေ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က တွန်းဇံကို ၁၅ ရက်နေ့မှပဲ စဆင်းနိုင်ခဲ့တာ ဖြစ်တယ်။  အဲ့ဒီလမ်းတလျှောက်မှာ တိုက်ပွဲမှာလည်း သူတို့ စခန်းငယ် (၃) ခုကို ကျွန်တော်တို့ သိမ်းဆည်းထားခဲ့တာပေါ့။

မေး။ ။ ဒီလိုဆိုလို့ရှိရင် ZRA (EC) တပ်တွေကရော  ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ သူတို့အခြေအနေက တွန်းဇံမြို့ကနေ အကုန်လုံး ဆုတ်သွားပြီ။ တွန်းဇံမြို့ထဲမှာ မရှိတော့ဘူး။ ကြည့်ရတာကတော့ မဏိပူရ်ဘက်အခြေချတဲ့ ZRA/ ZRO တွေကို စစ်ကူတောင်းပြီးတော့ သူတို့က အင်အားတော်တော်လေးတော့ ဖြည့်တင်းလာတယ်လို့ သိရတယ်။ သိရတယ်ဆိုတာက ZRA ကျွန်တော်တို့နဲ့ တိုက်တဲ့နေရာမှာ ၆ ယောက်၊ ၇ ယောက် လောက်ကတော့ မဏိပူရ်ကိုသယ်သွားပြီးတော့ ဈာပနအခမ်းအနားတွေ လုပ်တယ်လို့ ကြားတယ်။ အခုလည်း သူတို့က လူမစုံလို့ဆိုပြီးတော့ ကျွန်တော်တို့ဆီကို သူတို့ရဲဘော်တွေ ရှိသလား ဆိုပြီးတော့ လာမေးနေတာတွေတော့ ရှိပါတယ်။

မေး။ ။ တွန်းဇံမြို့သိမ်း စစ်ဆင်ရေးမှာ ချင်းတော်လှန်ရေးအင်အားစု ဘယ်နှစ်ဖွဲ့လောက် ပါဝင်ခဲ့ပါလဲ၊ ဘယ်အဖွဲ့တွေလဲဆိုတာ ပြောပေးပါလား။

ဖြေ။ ။ အဓိက ချင်းပြည်ကာကွယ်ရေးဝန်ကြီးဌာနအောက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ (၁၃) ဖွဲ့၊ ချင်းအမျိုးသားတပ်မတော် CNA နဲ့ ဆိုရင်တော့ (၁၄) ဖွဲ့အပြင် မြေပြန့်က ညီအကိုတွေ အရိူချင်းတွေလည်း ပါတယ်။ ပြီးတော့ ကျွန်တော်တို့နဲ့ အတူတူပူးပေါင်းတဲ့ Y-PDF ယောဒေသကသူတွေလည်း ပါတယ်။ အားလုံးဆိုရင် (၁၄) ဖွဲ့တော့ ရှိတာပေါ့နော်။

မေး။ ။ တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ချင်းတော်လှန်ရေး အင်အားစုတွေဘက်ကရော ထိခိုက်ကျဆုံးတာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ တွန်းဇံနဲ့ကျီခါး မြို့သိမ်းပဲခေါ်ခေါ် စခန်းသိမ်းတိုက်ပွဲမှာတော့ ကျွန်တော်တို့ဘက်က (၂) ယောက် အကျဆုံးရှိတယ်။ မစိုးရိမ်ရဒဏ်ရာရရှိတဲ့ဟာ (၁၀) ယောက် ရှိတယ်။ အခုသူတို့လည်း သက်သာစပြုလာပါပြီ။

မေး။ ။ တွန်းဇံမြို့ကို စပြီးတော့ သိမ်းလိုက်ပြီဆိုတော့လေ ချင်းပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်မှုနဲ့ပက်သက်ပြီး ဘယ်လိုမျိုး မှတ်ချက်ပေးလို့ရအုံးမလဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းတွေက မြို့တိုင်းနီးနီးမှာ ရှိနေသေးတယ်ဆိုတော့ အဲ့ဒါတွေကင်းစင်ဖို့က အင်မတန်မှ အရေးကြီးတယ်။ အဲ့ဒါကြောင့် ဆက်လက်ပြီးတော့ဆောင်ရွက်ဖို့ တိုက်ပွဲဝင်ရအုံးမှာပေါ့။ အဲ့ဒီမှာ အားကောင်းကောင်းနဲ့ တိုက်ပွဲဝင်သွားဖို့ကတော့ ပြည်သူရဲ့ပံ့ပိုးမှု၊ တခြားတိုင်းရင်းသားမဟာမိတ်တွေရဲ့ စုစည်းမှု အင်အား၊ အချိတ်ဆက်မိမိနဲ့ ဆက်လက်ဖော်ဆောင်ဖို့အတွက် ကျွန်တော်တို့က ပြင်ဆင်ထားပါတယ်။

မေး။ ။ တွန်းဇံမြို့ကို သိမ်းပြီးပြီဆိုတော့ တွန်းဇံမြို့ပေါ်မှာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဘယ်လိုမျိုး ဖော်ဆောင်ဖို့ အစီစဉ်ရှိပါလဲ။

ဖြေ။ ။ ဒါတွေကတော့ ချင်းပြည်အစိုးရနဲ့ ချင်းပြည်ကောင်စီရဲ့ လုပ်ငန်းတာဝန်များ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒေသခံအုပ်ချုပ်ရေး အဖွဲ့အစည်းတွေက ရှိပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့တွေက ဥပမာ-ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက အဲ့ဒီမှာ လုံခြုံရေးအရပဲ စခန်းတွေသယ်သွားမယ်။ အုပ်ချုပ်ရေးကတော့ ချင်းပြည်အစိုးရကနေပြီး ဆက်လက်ဖော်ဆောင်မယ်။ ဖော်ဆောင်တဲ့နေရာမှာ ဒေသခံများ ကိုယ်တိုင်ဖော်ဆောင်တဲ့ အုပ်ချုပ်ရေးမျိုးတော့ သူ့တို့ဘာသာသူတို့ အုပ်ချုပ်ရေးပိုင်းကိုတော့ ဆက်လက်ပြီးတော့ ကိုင်တွယ်သွားဖို့ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောကြားချင်ပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ တွန်းဇံနဲ့ကျီခါး စခန်းသိမ်းတိုက်ပွဲတွေဟာ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ထူထောင်ပြီးနောက်ပိုင်း အစိုးရအနေနဲ့ ပထမဦးဆုံး ဖော်ဆောင်တဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ ရှေ့ဆက်သွားဖို့ ကတော့ စစ်ရေးအရ ၊နိုင်ငံရေးအရ စုစည်းမှု အားကောင်းကောင်းနဲ့ ကျွန်တော်တို့က ဖော်ဆောင်သွားမှာ ဖြစ်တယ်။ ပြည်သူ့တော်လှန်ရေးကို ဆင်နွဲနေတာနဲ့အညီ ပြည်သူရဲ့ ဘက်ပေါင်းစုံကနေ ပံ့ပိုးမှုကတော့ အဓိက လိုအပ်ပါတယ်။

စစ်ကောင်စီနဲ့ အာဏာရှင်မှန်သမျှ အမြစ်ပြတ် ဖြုတ်ချပြီးတော့  ကျွန်တော်တို့ နိုင်ငံကို ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံအဖြစ် တည်ဆောက်ဖို့ လုပ်စရာတွေကိုင်စရာတွေ အများကြီး ရှိနေသေးတယ်။ ဒီထက် ဆထက်တပိုး ချိတ်ဆက်မှုအားကောင်းကောင်းနဲ့ ဆက်လက်ပြီးတော့ ဖော်ဆောင် သွားကြဖို့ ပြည်သူကို သော်လည်းကောင်း၊ အားလုံးကို သော်လည်းကောင်း မေတ္တာရပ်ခံချင်သလို အခုစစ်ကောင်စီ နဲ့ ပူးပေါင်းနေတဲ့ ပြည်သူဖြစ်ဖြစ်၊ အဖွဲ့စည်းပဲဖြစ်ဖြစ် အချိန်မီ ကျွန်တော်တို့နဲ့ပူးပေါင်းပါဝင်ကြဖို့ ကိုယ့်ပြည်သူကို ငဲ့ညာတဲ့အနေနဲ့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here