စစ်တွေမြို့တွင် စစ်ကောင်စီက လူ ၁၀၀ ကျော်ကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးနေ

0
52

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်တွေဒေသခံ မှတ်ပုံတင်ကတ် ၁၁ /စတန (နိုင်) မဟုတ်သည့် အခြားမြို့ရွာများမှ ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၇ နှင့် ၁၈ ရက်နေ့ ညအချိန်များတွင် စစ်တွေမြို့ရှိ ရက္ခမဏ္ဏိုင်ဘုန်းကြီးကျောင်း၊ ရွှေစေတီ ကျောင်း၊ ဗုဒ္ဓေါမော်၊ ဗုဒ္ဓတက္ကသိုလ် အပါအဝင် ရွာကြီးမြောက်၊ အုန်းတပင်နှင့် ဆင်ကူးလမ်း၊ ရူပမြောက် ရပ်ကွက်တို့မှ နေအိမ်များကို ဧည့်စာရင်းအကြောင်းပြချက်ပြီး လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်။

စစ်တွေမှတ်ပုံတင် ကိုင်ဆောင်ထားသူများ မဟုတ်သဖြင့် သံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မြို့တွင်းနေထိုင်သူများက ပြောသည်။

“ဖမ်းဆီးခံရတာက ၁၀၀ ကျော်လောက် ရှိမယ်။ စာရင်းအတိကျတော့ မသိရသေးဘူး။ သူတို့က ပြန်မလွတ်သေးဘူး။ စစ်တွေအမှတ် (၁) နဲ့ အမှတ် (၂) ရဲစခန်းတွေမှာ လူခွဲပြီးထားတယ်။ မိသားစုနဲ့တွေ့ခွင့်လည်း မပေးဘူးလို့ သိရတယ်” ဟု စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော စသည့် မြို့နယ်များမှ ပြောင်းရွေ့ နေထိုင်သူများ၊ လူမှုရေးကိစ္စဖြင့် လာရောက်ရာမှ မြို့တွင်းပိတ်မိနေသူများဖြစ်ကာ အမျိုးသမီးနှင့် လူလတ်ပိုင်းများ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားသူ၏ မိသားစုဝင်များနှင့် ဆက်သွယ်မေးမြန်းမှု ရရှိရန် ကြိုးပမ်းနေဆဲ ဖြစ်ပါသည်။

ရခိုင်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်တွေမြို့တွင် စစ်ကောင်စီက တအိမ်ဝင်တအိမ်ထွက် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ရွာကြီးမြောက်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “အရင်တလောက နည်းနည်းလောက် ငြိမ်နေခဲ့တယ်။ အခုပြန်ပြီး တင်းတင်းကြပ်ကြပ် လုပ်လာတာ။ တင်းကြပ်တာနဲ့ ဒေသခံတွေ ဖမ်းဆီးခံရတယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးနေတာပါ။ ပြီးရင် ဧည့်စာရင်းသွားတိုင်ရင်လည်း တစ်ယောက်ကို ပိုက်ဆံ ၅,၀၀၀ လောက် ပေးရတယ်” ဟု ပြောသည်။

စစ်တွေမြို့တွင် လက်ရှိအချိန်ထိ နေထိုင်ဆဲဒေသခံများမှာ လက်လုပ်လက်စားများ၊ အိမ်စောင့်ကျန်ခဲ့သူများ ဖြစ်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်မှု၊ ကုန်စည်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရချိန် စစ်ကောင်စီကိုလည်း ကြောက်လန့်နေကြရခြင်း ဖြစ်သည်။

မြို့တွင်းပိတ်မိနေသူတချို့မှာ နေထိုင်စားသောက်ရေး အဆင်မပြေသောကြောင့် ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံစားသောက် နေထိုင်ကြကြောင်း ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“စစ်ကောင်စီက လမ်းပိတ်လိုက်လို့ နေရပ်မပြန်နိုင်သူတွေလည်း ရှိတယ်။ စားရေးသောက်ရေး အဆင်မပြေလို့ ဘုန်းတော်ကြီးကျောင်းမှာ လာနေသူတွေလည်း ရှိပါတယ်။ ဒါတွေကို သိသိရက်နဲ့ အဓမ္မ ဖမ်းဆီးနေတာပါ” ဟု ၎င်းက ဆိုသည်။

ရခိုင်ဒေသတွင် AA သည် မောင်တောမှလွဲ၍ မြောက်ပိုင်းမြို့နယ်များကို သိမ်းပိုက်ထားပြီး စစ်တွေမြို့နှင့် အနီးဆုံး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များသည်လည်း AA လက်အောက်တွင် ရှိနေသည်။

ထို့အခြေအနေကြောင့် မကြာမီအတွင်း စစ်တွေမြို့ကို AA ဝင်တိုက်မည်ကို စိုးရိမ်သည့်အတွက် မြို့တွင်းနေ စစ်တွေမှတ်ပုံတင် မဟုတ်သည့် ဒေသခံများကို သံသယဖြင့် ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မောင်တောကို အလုံးစုံ သိမ်းပိုက်ပြီးရင် စစ်တွေကို AA လာတော့မှာဆိုတော့ စစ်ကောင်စီက လိပ်ပြာမလုံ ဖြစ်နေပြီ။ ကြောက်ရမ်း ရမ်းနေကြတာ။ မြို့ထဲဝင်ပြီး တက်သိမ်းမှာကို အရမ်းကြောက်နေတော့ ပြည်သူတွေကို AA ထင်ပြီး လိုက်လံဖမ်းဆီးနေတာ။ အမှန်တော့ ရခိုင်ပြည်မှာ ရခိုင်သားတွေ ဘယ်မြို့နေနေ ရတာပဲဟာကို” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီလက AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်တွေမြို့ခံများကို ဘေးလွတ်ရာ တိမ်းရှောင်ကြရန် အသိပေးထားသည်။

ထို့ကြောင့် စစ်ကောင်စီသည် မြို့တွင်းနေထိုင်သူများ ထွက်မပြေးနိုင်စေရန် မြို့ပတ်လည်၌ မိုင်းများ ထောင်ထားခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေပြီး စက်လှေ၊ ဘုတ်၊ သဗ္ဗာန်များကို မီးရှို့ ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်လျက်ရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here