ရွှေ့ပြောင်းလုပ်သားများ အစားထိုးစစ်မှုထမ်းစေသည့်ဈေးကွက် မွန်အုပ်ချုပ်ရေးမှူးများက လုပ်ဆောင်ပေးနေ

0
37

မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်း တက်ရောက်ရန် မဲပေါက်ထားသည့်ဒေသခံနှင့် စစ်မှုထမ်းရန် ပျက်ကွက်သူတို့နေရာတွင် ရွှေ့ပြောင်းလုပ်သားများကို အစားထိုးတက်ရောက်စေရန် အုပ်ချုပ်ရေးမှုးအဖွဲ့ ကိုယ်တိုင် ဆောင်ရွက်လုပ်ကိုင်နေသည်ဟု မော်လမြိုင်မြို့ခံများက ပြောဆိုသည်။

အစားထိုးစစ်မှုထမ်းမည့် ရွှေ့ပြောင်းလုပ်သားအား ငွေကြေးပေးချေရန်အတွက် ဒေသခံများထံမှ ငွေကြေး ကောက်ခံလျှက်ရှိပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း မှ သိန်း ၅၀ အထိ ပေးဆောင်ငှားရမ်းနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက အခုလိုပြောပါသည်။

“ဈေးကွက်တစ်ခုလိုကို ဖြစ်နေတာ။ အုပ်ချုပ်ရေးမှုးတွေက ရပ်ကွက်မှာ ပိုက်ဆံကောက်တယ်။ ပြီးရင် သက်သက်သာသာနဲ့ ငှားလို့ရတဲ့သူတွေကို ရှာငှားပေးကြတယ်။ တချို့က ပြောဆိုထားတဲ့ ဈေးလောက် မရနေတာတွေလည်း ရှိတယ်” ဟု အဆိုပါမြို့ခံက ပြောဆိုသည်။

စစ်မှုထမ်းသင်တန်း တက်ရောက်ရန်အတွက် မြို့ပေါ်တစ်ရပ်ကွက်လျှင် ၂ ဦး နှုန်းဖြင့် ပို့ဆောင်ရမည်ဟု ညွှန်ကြား ထားသော်လည်း စစ်မှုထမ်းရန် မဲပေါက်သူနှင့် အလှည့်ကျသူတို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု မြို့ခံများက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ ရွေ့ပြောင်းအလုပ်သား အများစုသည် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်း တို့မှ ပြောင်းရွှေ့ လာရောက်လုပ်ကိုင်သူ အများစုဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သားများကို လုံခြုံရေးပိုင်းဆိုင်ရာ တစုံတရာ ထောက်ခံပေးခြင်းမရှိဘဲ ငွေကြေးဖြင့် မက်လုံးပေး စည်းရုံးနေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်နေဖွယ်ဖြစ်နေသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ပိုက်ဆံရှိတဲ့လူက သူတို့အတ္တနဲ့ သူတို့လွတ်မြောက်ဖို့ပဲ လုပ်နေကြတာဆိုတော့ နောက်ဆိုရင် သူတို့ဆီမှာ လုပ်နေတဲ့ အလုပ်သမားတောင်မှ သူတို့အစားထိုးပြီးတော့ နင်တို့မိသားစုကို ငါဘယ်လောက် ပေးရမလဲ။ ဘယ်လို ထောက်ပံမလဲ စည်းရုံးမှုတွေနဲ့ဆို အောက်ခြေ အလုပ်သမားတွေပဲ အကြိမ်ကြိမ် နစ်နာမှာ။ အောက်ခြေဆင်းရဲသားတွေပဲ ဒုက္ခရောက်မှာ” ဟု ၎င်းက ဆိုသည်။

တဖက်တွင်လည်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စားဝတ်နေရေး အခက်အခဲတို့ကြောင့် ရွှေ့ပြောင်းလုပ်သားများက စစ်မှုထမ်းသည့်ကိစ္စကို မငြင်းဆန်နိုင် ဖြစ်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့စစ်မှုထမ်းရန် အစားထိုးလုပ်ဆောင်လာခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အုတ်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် ကုမ္ပဏီလုပ်ငန်းများတွင် နေစားလုပ်သားရှားပါးမှုနှင့် ရင်ဆိုင် လာနေရသည်ဟု မွန်လုပ်ငန်းရှင်များ ပြောဆိုမှုအရ သိရသည်။

ဗမာရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအပတ်စဉ် (၂) တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ခံထားကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here