စစ်ရှိန်မြင့်နေသည့် ရခိုင်ဒေသတွင် မိုးစပါးစိုက်ပျိုးမှု လျော့ကျနည်းနိုင်

0
53

ရခိုင်ဒေသတွင် စစ်ရေးပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆိုထားတာကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းအပါအဝင် စက်သုံးဆီ၊ ဓာတ်မြေဩဇာနှင့် စက်ပစ္စည်းများ ဝယ်ယူရခက်ခဲနေသဖြင့် ယခုနှစ်မိုးရာသီတွင် စပါးစိုက်ပျိုးရန် အခက်အခဲဖြစ်နေရသည်ဟု တောင်သူလယ်သမားများက ပြောဆိုကြသည်။

တိုက်ပွဲ စဖြစ်ချိန်မှစ၍ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်း အားလုံးကို ပိတ်ဆိုလိုက်သဖြင့် စပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့်သွင်းအားစုများကို ဝယ်ယူ၍မရနိုင်သဖြင့် မိုးစပါးစိုက်ပျိုးရန် အခက်ကြုံနေကြခြင်းဖြစ်သည်။

“စပါးစိုက်ပျိုးရာသီမှာ စိုက်ပျိုးနိုင်ဖို ဒီဇယ်ဆီ၊ ဓာတ်မြေဩဇာနဲ့ စက်ပစ္စည်းတွေက ဝယ်မရဘူး။ ဈေးတွေကလည်း တအားထိုးတက်နေတော့ လယ်သမားတွေက လယ်လုပ်နိုင်မယ့် အခြေအနေမှာ ရှိမနေဘူး” ဟု မြောက်ဦးမြိုနယ်မှ လယ်သမားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း စက်သုံးဆီ၊ ဒီဇယ် တစ်ပေပါကို ငွေကျပ် ၁၈ သိန်း၊ ဓာတ်မြေဩဇာ တစ်အိတ်ကို ၂ သိန်း ခွဲမှ ၃ သိန်းအထိ ပေါက်ဈေးရှိနေပြီး စက်ပစ္စည်များမှာလည်း ယခင်နှစ်ကထက် ဈေးနှုန်းလေးဆခန့် မြင့်တက်နေကြောင်း လယ်သမားများပြောဆိုမှုအရ သိရသည်။

သွင်းအားစုစရိတ် ကြီးမားခြင်းအပြင် တောင်သူလယ်သမားများ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရခြင်း၊ မြေမြှုပ်မိုင်းနှင့် စက်ကျန်လက်နက်အန္တရာယ်တို့ကြောင့် ရခိုင်ဒေသတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးနှုန်း သိသိသာသာ လျော့ကျသွားနိုင်သည်ဟု ပြောဆိုကြသည်။

“အခုက လယ်သမားတွေ လယ်လုပ်နိုင်ဖို အခြေအနေမှာ မရှိဘူး။ ရွာတစ်ရွာမှာ လယ်သမားအယောက် တစ်ရာရှိရင် ဆယ်ယောက်လောက်ပဲ လယ်ထွန်နိုင်မယ်။ ကျန် ၉၀ လောက်က လယ်ထွန်နိုင်မယ့် အခြေအနေ မရှိဘူး” ဟု ကျောက်တော်မြိုနယ်၊ ဘုရားပေါင်းကျေးရွာမှ လယ်သမား ဦးမောင်ကျော်လှိုင်က ပြောသည်။

ထိုကြောင့် ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် အာရက္ခပြည်သူ့ အစိုးရအနေဖြင့် မျှတသည့် ဈေးနှုန်းတစ်ခု ဖန်းတီးပေးရန်နှင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် လယ်သမားများက လိုလားနေကြသည်။

“ကျနော်တိုဆီမှာ ကုန်ပစ္စည်းတွေက ပြတ်လပ်လာတဲ့ အဆင့်ရောက်နေပြီ။ အဲဒီလို ပြတ်တောက်နေတာတွေကို အာရက္ခအစိုးရအနေနဲ့ တခုခုဖန်းတီး ပေးစေချင်တယ်။ အဲလိုမှသာ ကျနော်တိုလယ်သမားတွေဟာ အချိန်မီ လယ်ယာ စိုက်ပျိုးနိုင်မယ်လို ထင်မိတယ်” ဟု ကျောက်တော်မြိုနယ်မှ လယ်သမားဦးမောင်စိန်ဖေက ပြောသည်။

ရခိုင်ပြည်တွင် စပါးစိုက်ပျိုးဧက ၁၂ သိန်း ကျော်ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် လယ်ဧက ၁၀ သိန်း ကျော် စိုက်ပျိုးနိုင်ခဲ့သည်။ ရခိုင်ပြည်တွင် လယ်ယာစိုက်ပျိုးရေးသည် အဓိက စီးပွားရေးဖြစ်ပြီး လူဦးရေ ၇၀ ရာခိုင်နှုန်း ကျော်ခန့်မှာ လယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်း ဖြစ်သည်။

အောင်ထိန် DMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here