သထုံနှင့် ဘီးလင်းကြားရှိ ကျေးရွာများကို စစ်ကောင်စီအမြှောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ

0
40
Photo - KNU

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျေးရွာများကို ကျုံအိတ်တံတား မိုင်းခွဲခံရသည့် မေလ ၁၁ ရက်နေ့ မှစပြီး စစ်ကောင်စီအမြှောက်တပ်မှ နေ့စဉ်လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု စစ်ဘေးရှောင်ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တပ် ထိတွေ့ပစ်ခတ်ခြင်းမရှိသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လှုပ်ရှားနေသည်ဟုဆိုကာ စစ်ကောင်စီ အမတ- ၃၁၄ မှ ကျေးရွာများကို နေ့စဉ်ပစ်ခတ်နေတာကြောင့် ဘီးလင်းမြို့ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောဆိုသည်။

“ရွှေရောင်ပြကျေးရွာအုပ်စုမှာ ၁၀၀၀ လောက် ရှောင်နေရတယ်။ ဘီးလင်းဘက် ရှောင်ရတာ များတယ်။ နောင်ကုလားနဲ့ အလံတစ်ရာဘက်မှာ စစ်ရှောင်ကြတယ်။ တချို့က ခြံနဲ့နီးစပ်ရာ ဆွေမျိုးတွေထံ တိမ်းရှောင် ကြတယ်။ စစ်တပ်က pdf တွေ ရှိမယ်အထင်နဲ့ ပစ်နေတာ ရွာသားတွေကို ဒီရက်ပိုင်းက နည်းနည်းငြိမ်ပေမဲ့ မပြန်ရဲသေးဘူး” ဟု အဆိုပါဘီလင်းဒေသခံက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ မှစ၍ ဘီးလင်းမြို့နယ်ရှိ ရွှေရောင်ပြ ကျေးရွာအုပ်စု၊ ခလောက်အင်း၊ ဒေါက်ရပ်၊ တက်တူကုန်း၊ ခဲမောက် အဝန်းကြီးရွာ စသည့် ကျေးရွာ ၈ ရွာ ထက်မနည်းကို လက်နက်ကြီးနှင့် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေဆဲ ဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်လှုပ်ရှားနေသည်ဟုဆိုပြီး ထိုသို့ကျေးရွာအတွင်း လက်နက်ကြီးနှင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်လာမည်ကို ဒေသခံများက စိုးရိမ်လျှက်ရှိသည်။

“တော်လှန်ရေးတပ်ကိုပစ်ပေမဲ့ သူတို့က ဘယ်မှာမှန်း မသိတာ။ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့ကြဲတာက မလုပ်သေးပေမဲ့ မတိမ်းရှောင်ရတဲ့ ရွာအုပ်စုတွေဆို ကတုတ်ကျင်းတွေ တူးထားကြတယ်။ သဲအိတ်တွေ စုထားရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်မေလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့ တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သထုံနှင့် ဘီးလင်းမြို့နယ် အတွင်းရှိ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အမတ ၃၁၄ ၊ ခမရ ၉၊ ခလရ ၈ တို့မှ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် အတွင်းရှိ ကျေးရွာနှင့် KNU သထုံခရိုင်နယ်မြေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် မေလ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ အရပ်သား ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ဦး ထက်မနည်းရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here