လက်ကိုင်ဖုန်းတွင် နိုင်ငံရေးစာများတွေ့ရှိသည့်ဆိုပြီး အရပ်သား ၅ ဦးကို စစ်ကောင်စီဖမ်းဆီး

0
36
ပုံစာ - မြစ်ကြီးနားမြို့တွင်းတနေရာ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လက်ကိုင်ဖုန်းထဲ၌ နိုင်ငံရေးနှင့်သက်ဆိုင်သည့်စာများ တွေ့ရှိသည်ဟုဆိုပြီး အရပ်သားပြည်သူ ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံခဲ့ရသူများနှင့် နီးစပ်သူများက ပြောသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင့် (B) မှ ဒေသခံ အရပ်သားပြည်သူ ၅ ဦး ကို မေလ ၁၈ ရက်နေ့က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောပါသည်။

“မြို့ထဲတော့ အစစ်အဆေးများနေတယ်။ မထင်မှတ်တဲ့နေရာ မထင်မှတ်တဲ့အချိန်မှာ ကားတွေနဲ့ ကင်းလှည့်ပြီး စစ်ကြတာ။ အများကြီး စစ်ခံရတယ်။ ဖုန်းနဲ့အိတ်တွေ လမ်းသွားလမ်းလာအားလုံးကို စစ်ကြတာတော့ ဟုတ်တယ်။ ဖုန်းမှာ နိုင်ငံရေးနဲ့ ပတ်သတ်ပြီး တွေ့ရင်တော့ ဖမ်းသွားကြတယ်။ အခု ဖမ်းခံရတဲ့သူတွေတော့ ရှိတယ်။ စနေ့နေ့တုန်းက ၅ ယောက် ဖမ်းခံရတာ ရာဒါကောင့် (B) ဘက်မှာ ဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။

ရာဒါကောင့် B မှ ဖမ်းဆီးခံလိုက်ရသည့် ဒေသခံပြည်သူ ၅ ဦး ကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထား သည်ကိုလည်း ယနေ့ (မေလ ၂၀ ရက်နေ့) အထိ မသိရသေးဘဲ အဆက်အသွယ်ပြတ်နေတာကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။

စီတာပူရပ်ကွက်နေ ပြည်သူတစ်ဦးက “မြို့ထဲမှာတော့ စစ်နေတယ်။ ဒီဘက်မှာရော လမ်းကြိုလမ်းကြားတွေမှာ နေပြီး ဆိုင်ကယ်နဲ့ ကားအားလုံးကို စစ်နေတယ်။ ဆိုင်ကယ်ဆို တူးဘောက်ဖွင့်စစ်တယ်။ ဘာဖြစ်လို့ စစ်တာလည်း တော့ မသိပါဘူး” ဟု ပြောသည်။

မြစ်ကြီးနားမြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများကို မထင်ရင်မထင်သလို စစ်ဆေးနေပြီး ဆိုင်ကယ်၊ ကားများကို ဖွင့် စစ်ဆေးခြင်း၊ ဖုန်းများကို တောင်းရမ်းစစ်ဆေးခြင်းများ လုပ်နေသည်ဟု မြို့ခံအချို့က ပြောသည်။

မြစ်ကြီးနားမြို့ခံ အမျိုးသမီးငယ်တစ်ဦးက “သွားလာရတာ တော်တော်ခက်သွားတယ် သိလား။ သူများတွေက တချို့ လူတွေဆို အပြင်ကို သိပ်မထွက်ရဲဘူး။ အဲ့လိုပုံစံ ဖြစ်နေတာ။ မြို့အတွင်း ပစ္စည်းပို့တဲ့သူတွေတောင် သိပ်မထွက်ရဲဘူး။ မြို့ထဲထိပဲ သွားတယ်။ မြို့စွန်ဘက်ဆို ဒီနေ့မပို့တော့ဘူးနော် ဆိုတာတွေ ဖြစ်လာတယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့တဖက်ကမ်း ဝိုင်းမော်မြို့နယ်ဘက်ခြမ်းတွင်လည်း မေလ ၁၈ ရက်နေ့မှ စတင်၍ စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများ ပြင်းထန်နေပြီး မြစ်ကြီးနား လေတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သုံးရက်ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပြီး မေလ ၂၀ ရက်နေ့ အထိ နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း မြို့ခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here