မောင်တောတွင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၃ ဦး ဒဏ်ရာရရှိ

0
40

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက သရီကုန်ဘောင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဘိုးအိုတစ်ဦး အပါအဝင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးလက် ဆေးပေးခန်း အပါအဝင် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသားတစ်ဦးက “ကျနော်တို့မှာက လေကြောင်းကနေ ဗုံးကြဲလို့ အိမ်လေးငါးဆောင်လောက် ပျက်စီး သွားတယ်။ ကျနော်တို့ရွာက သရီကုန်ဘောင်ရွာပါ။ လေယာဉ်နဲ့ ပစ်နေတာလည်း ဆက်တိုက်ပဲ၊ လက်နက် ကြီးလည်း ဆက်တိုက် ပစ်နေပါတယ်။ ကျနော်တို့မှာကလေ အခုက လူသေတာမျိုးတော့ မရှိဘူး။ အိမ်ပျက်စီးကုန်တာတော့ ရှိတယ်” ဟု ပြောသည်။

မေလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီဂျက်တိုက်လေယာဉ်နှင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက် ခဲ့တာကြောင့် ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးလက်ဆေးခန်းနှင့် လူနေအိမ် စုစုပေါင်း ၅ လုံး ထက်မနည်း ထိမှန်ပျက်စီးသွားခဲ့သည်။

“ဒဏ်ရာ ရတဲ့လူလား ၂ ယောက် ရှိတယ်ဗျ။ အဘိုးအို တစ်ယောက်နဲ့ ရွာသားတစ်ယောက်ပါ။ ဒီမှာက နေ့တိုင်း လက်နက်ကြီး ပစ်နေကြတာတော့ အကုန်လုံး အမြဲသတိထားနေရတယ်။ လူတွေ တစုတည်းနေလို့လည်း မရဘူး။ နီးစပ်ရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ရှောင်၊ ပုန်းကြ အဲ့လိုဖြစ်နေတာ” ဟု ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ မောင်တောင်မြို့နယ်ထဲ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက် မှုများ လုပ်နေကြောင်းနှင့် သရီကုန်ဘောင်ကျေးရွာ တိုက်ခိုက်ခံရမှုထဲ ဒဏ်ရာရရှိသူများမှာ အသက် ၇၉ နှစ် အရွယ် ဦးညိုမောင်ဆိုသူနှင့် အခြားရွာသားနှစ်ဦးတို့ ဖြစ်ကြသည်။

ထို့အပြင် မေလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ်တောင်ပိုင်း၊ အငူမော်ကားလမ်းပေါ်ရှိ ကင်းချောင်း ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၂ စီးနှင့် လာရောက်ဗုံးကြဲချခဲ့ရာ ဒေသခံအနည်းဆုံး ၃ ဦး သေဆုံးပြီး ၅ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

သေဆုံးသူ ၃ ဦးထဲ အမျိုးသမီး ၂ ဦး ပါဝင်သည့်အပြင် ထိခိုက်ဒဏ်ရာရသွားသူများထဲတွင်လည်း အမျိုးသမီး ၃ ဦး ပါသည်ဟု ရွာသားတစ်ဦးက ပြောပါသည်။

အလားတူ မောင်တောမြို့၊ ကညင်းချောင်း စီးပွားရေးဇုန်အနီးက ကျေးရွာတစ်ရွာကိုလည်း မေလ ၁၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင်လည်း မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာအုပ်စုတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများသည် မြို့နားအထိ နီးကပ်လာနေသည့် အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here