“အရွယ်တွေကတော့ အများစုက အသက် ၁၅ နှစ် ကနေ ၆၀ လောက် အထိ ရှိမယ်။ သေသွားတဲ့ သူတွေထဲမှာ သားအဖကြီးပဲ ၃ တွဲတောင်ပါတယ်။ သားနဲ့အဖေ သားနဲ့အဖေ အဲ့ဒီလိုနှစ်ယောက်စီ ၃ တွဲပေါ့။ နောက်ပြီး အသက် ၈၀ ကျော် အဘိုးအို ၂ ယောက်လည်းပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ဒဏ်ရာပြင်းတဲ့ သူတွေပါတယ်” – လုံခြုံရေးအရအမည်မဖော်လိုသူ မြင်းမူဒေသခံတစ်ဦး

0
74
ပုံစာ - စစ်ကောင်စီတပ် ပစ်သတ်ခံခဲ့ရသည့် လက်ထုတ္တောရွာသားများကို သယ်ဆောင်လာစဉ်။

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၃၂ ဦး အစုအပြုံလိုက်တိုက်ခိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအရအမည်မဖော်လိုသူ မြင်းမူဒေသခံအမျိုးသားတစ်ဦးအား ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို မေလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာကာ ရွာကိုပိတ်ဆို့၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး အရပ်သား များကို သတ်ဖြတ်ခဲ့တာကြောင့် ဒေသခံအရပ်သား ၃၂ ဦး တချိန်တည်း အစုအပြုံလိုက် သေဆုံးခဲ့ပါသည်။

လက်ထုတ္တောရွာသားများ ယင်းသို့တိုက်ခိုက် သတ်ဖြတ်ခံရမှုသည် စစ်ကောင်စီက ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၃၂ ဦး အစုအပြုံလိုက်တိုက်ခိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအရအမည်မဖော်လိုသူ မြင်းမူဒေသခံအမျိုးသားတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ထုတ္တောရွာ တိုက်ခိုက်ခံရတဲ့နေ့က ဖြစ်စဉ်ကို ပြောပြပေးပါဦး။

ဖြေ။ ။ မနက်အစောကြီးမှာ သူတို့ (စကစ) က စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာ။ အဲ့ဒီမတိုင်ခင်မှာ ည ၁၂ နာရီ ကျော်လောက်မှာ ကာကွယ်ရေးအဖွဲ့က ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) က ရွာကလူတွေကို ခရာသံပေးပြီး ခေါ်ထုတ်တယ်။ စစ်ကြောင်းလာနေပြီမို့လို့ ရှောင်လို့ရအောင် သတိပေးတာ။ တချို့တွေက မထွက်လို့ တအိမ်တက်ဆင်းတောင် လိုက်ခေါ်ကြရသေးတယ်။ အဲ့ဒီမှာ တချို့ကလည်း ရှောင်ကြတယ်။ တချို့ကလည်း မရှောင်ဘူး။ မသေချာဘဲနဲ့ဆိုပြီး ဘုန်းကြီးကျောင်းပဲ သွားနေကြမယ်ဆိုပြီး သွားကြတဲ့သူတွေ ရှိတယ်။ ဘုန်းကြီးကျောင်းဆို လွတ်မယ်လို့လည်း ထင်ကြတာလည်း ပါမယ်ထင်တယ်။

ဟိုကောင်တွေ (စကစ) က ဝင်လာ‌တော့ သုံးကြောင်းနဲ့ဆိုတော့ ရွာကိုပတ်လည်ဝိုင်းပြီးလာတာ။ ဝင်လာတော့ လက်နက်ကြီးနဲ့လည်း ထုတယ်။ သေနတ်နဲ့လည်း ပစ်တယ်။ နောက်ဘုန်းကြီးကျောင်းထဲဝင်ပြီး အဲ့ဒီထဲမှာ လူတွေအများကြီးတွေ့‌တော့ “ဒီမှာတွေ့ပြီဟေ့” လို့ အော်ပြီး အကုန်ထွက်ခဲ့ဆိုပြီး ဆွဲထုတ်တာ။ ပြီးတော့ မင်းတို့ရွာ PDF တွေ ဘယ်မှာလည်း ဆိုပြီးမေးတော့ ရွာသားတွေက ကျနော်တို့မသိပါဘူးခင်ဗျာဆိုတော့ ဘာမှမမေးဘဲနဲ့ သေနတ်ဒင်တွေနဲ့ထု၊ အကုန်တန်းစီ ပစ်သတ်သွားတာပဲ။ ခေါင်းတွေကိုပဲ ပစ်သွားတာ။ ပြီးရင် ခြေထောက်တွေနဲ့ ကန်ကြည့်ပြီး ဒီကောင် မသေသေးဘူး ထပ်ပစ်ဦးဟဆိုပြီး မသေမချင်းအကုန် ပစ်သတ်သွားတာ။

မေး။ ။ သေဆုံးသူတွေက စုစုပေါင်းဘယ်နှစ်ယောက် ရှိပါလဲ။ အသက်အရွယ်အားဖြင့် ဘယ်အရွယ်တွေထိ ပါဝင်တာကို တွေ့ရလဲ။

ဖြေ။ ။ ရွာကိုဝင်လာပြီး လက်နက်ကြီးတွေနဲ့ပစ်တုန်းက ထိလို့သေသွားတာက ၆ ယောက်။ နောက် ပစ်သတ် သွားတာက အမျိုးသား ၂၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဆိုတော့ ၂၅ ယောက်။ ဒဏ်ရာရတဲ့သူတွေထဲက နောက်ထပ် ၁ ယောက် ထပ်သေတယ်။ ဆိုတော့ စုစုပေါင်း ၃၂ ယောက်ပေါ့။ ဒဏ်ရာရတာကပဲ အယောက် ၂၀ နီးပါး ရှိတာလေ။ အရွယ်တွေကတော့ အများစုက အသက် ၁၅ နှစ် ကနေ ၆၀ လောက် အထိ ရှိမယ်။ သေသွားတဲ့ သူတွေထဲမှာ သားအဖကြီးပဲ ၃ တွဲတောင်ပါတယ်။ သားနဲ့အဖေ သားနဲ့အဖေ အဲ့ဒီလိုနှစ်ယောက်စီ ၃ တွဲပေါ့။ နောက်ပြီး အသက် ၈၀ ကျော် အဘိုးအို ၂ ယောက်လည်းပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ဒဏ်ရာပြင်းတဲ့ သူတွေပါတယ်။ နှစ်ယောက် သုံးယောက်လောက်က ဗိုက်မှန်ပြီး အူတွေထွက်ကျထားတာ တွေရော၊သူတို့ကတော့ အခုဆေးကုနေကြတယ်။

ပုံစာ – စစ်ကောင်စီတပ်ပစ်သတ်ခံခဲ့ရသည့် လက်ထုတ္တောရွာသားများ။

မေး။ ။ ပစ်သတ်ခံရတဲ့သူတွေထဲမှာ လွတ်လာတဲ့သူလည်း ရှိတယ်လို့ကြားရပါတယ်။ အဲ့ဒါ ဟုတ်ပါလား။

ဖြေ။ ။ ဟုတ်ပါတယ် လွတ်လာတဲ့သူရှိတယ်။ နှစ်ယောက်လောက် ရှိတယ်။ သူတို့ကကြတော့ ပစ်နေတဲ့ အချိန်မှာ သူများတွေထိပြီး လဲကျသွားတဲ့အချိန်မှာ သူတို့လည်းလဲကျပြီး သေနေတဲ့လူတွေနဲ့ထပ်ပြီး သူတို့ကအောက်မှာ သေချင်ယောင်ဆောင်နေလိုက်တာပေါ့။ ပြီးရင်မလှုပ်ဘဲနေပြီး စစ်ကြောင်းပြန်ထွက်သွားမှ ထလာတဲ့သူပေါ့။ သူတို့လည်း လက်မောင်းထိသွားလို့ ဆေးကုနေတဲ့အထဲပါတယ်။

မေး။ ။ လက်ထုတ္တောရွာကိုဝင်လာတဲ့ စစ်ကြောင်းက ဘယ်ကစစ်ကြောင်းဆိုတာသိရပါလား။

ဖြေ။ ။ ပျူစောထီးတွေနဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်းပဲ။ စစ်မှုထမ်းဟောင်းတွေလည်း ပါတယ်။ ဒီကောင်တွေ (စကစ) အင်အားက‌တော့ ၈၀၊ ၁၀၀ လောက်ရှိမယ်။ ခြေမြန်တပ်မဌာနချုပ် (၃၃) ရဲ့ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ နောက် အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နဲ့ ဆက်သွယ်ရေးတပ်ရင်း၊ စစ်မှုထမ်းဟောင်းတွေ အဖွဲ့တဲ့။ ဒါတွေက အမျိုးသားညီညွတ်‌ရေးအစိုးရက ထုတ်ပြန်တဲ့ အထဲမှာလည်း ပါပါတယ်။

မေး။ ။ အခုရွာအခြေအနေနဲ့ ဒေသခံတွေ အခြေအနေက ဘယ်လိုရှိပါလဲ။ အဲ့ဒီစစ်ကြောင်းနဲ့ ဒေသကာကွယ်‌ရေးတပ်တွေ တိုက်ပွဲဖြစ်တာရော ရှိပါလား။

ဖြေ။ ။ ရွာအခြေအနေကတော့ အဲ့ကိစ္စဖြစ်ပြီးကတည်းက လောလောဆယ် ဒေသခံတွေက ရွာထဲပြန်မနေရဲ ကြသေးဘူး။ တောထဲမှာပဲ လှည့်ပါတ်ရှောင်နေကြရတယ်။ ရွာထဲတော့ ဟိုကောင်တွေ (စကစ) ကတော့ မရှိကြတော့ဘူး။ သူတို့က ပစ်သတ်ပြီး ထွက်သွားကြတယ်။ တိုက်ပွဲက‌တော့ သူတို့နဲ့ PDF တွေနဲ့ ဖြစ်တာ မရှိပါဘူး။ ရွာမှာ အဲ့ဒီလိုဖြစ်သွားတော့ အကုန်လုံးလည်း စိတ်မကောင်းဖြစ်နေကြတယ်။ သေဆုံးသူတွေအတွက် သင်္ဂြိုလ်ဖို့တွေလည်း ရှိသေးတော့ အဲ့ဒီဘက်ကို အာရုံစိုက်ပေးနေကြတာပေါ့။ နောက်ပြီး တိုက်ဖို့ခိုက်ဖို့ ဆိုတာကလည်း လက်နက်ခဲယမ်း လိုသေးတယ်လေ။ နောက်ပြီး ရွာမှာ အခုရေရှားနေတယ်။ သောက်သုံးရေ လည်း လုံးဝပြတ်နေတော့ ရေဘက်ကိုလည်း လှည့်နေကြရတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here