“အာဏာသိမ်းတဲ့နောက်ပိုင်းမှာ ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှုးတွေကို ပြန်ပြီးကိုးကွယ်နေရတဲ့ ပုံစံမျိုးတွေနဲ့ ဒီအာဏာရှင်လက်အောက် မနေချင်လို့ ကျနော်တို့တွေ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့လိုချင်တဲ့ အနာဂတ်ပန်းတိုင် ဒီမိုကရေစီပဲဗျ” ရေးဘီးလူးအဖွဲ့ခေါင်းဆောင်

0
56
ပုံစာ - ရေးဘီးလူးအဖွဲ့ခေါင်းဆောင်။

စစ်အာဏာရှင်ကျရှုံးရေးအတွက် ရေးဘီလူးအဖွဲ့ အဓိက လှုပ်ရှားရပ်တည်နေရသည့်အခြေအနေနှင့် ပတ်သတ်ပြီး ရေးဘီးလူးအဖွဲ့ခေါင်းဆောင်နှင့် ဆက်သွယ်မေးမြန်းချက်။

မွန်ပြည်နယ်၊ ရေးတောင်ပိုင်းတွင် ယခု ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီအဖွဲ့က ခံစစ်အနေဖြင့် ကြည်း၊ ရေ၊ လေ တပ်အားလုံးကို အင်အားဖြည့်တင်း ပြင်ဆင်နေခြင်းကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည်ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီတပ်က ယင်းသို့အင်အားဖြည့်တင်းလာသည်နှင့်အမျှ ရေးဘီးလူးအဖွဲ့မှလည်း လက်နက်နှင့် လူအင်အား ဆုံးရှုံးမှုများလာသော်လည်း စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောဆိုသည်။

ရေးတောင်ပိုင်းဒေသ လက်ရှိစစ်ရေးအခြေအနေ၊ စစ်အာဏာရှင်ကျရှုံးရေးအတွက် ရေးဘီလူးအဖွဲ့၏ အဓိက လှုပ်ရှားရပ်တည်နေရသည့် အခြေအနေနှင့်ပတ်သတ်ပြီး ရေးဘီးလူးအဖွဲ့ခေါင်းဆောင်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ လက်ရှိ မွန်ပြည်နယ်၊ ရေးတောင်ပိုင်းမှာ စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ။ ။ လက်ရှိ မွန်ပြည်နယ်၊ ရေးတောင်ပိုင်း စစ်ရေးလှုပ်ရှားမှု အခြေအနေက ပိုပြီးပြင်းထန်လာမှုတွေ ရှိလာ ခဲ့တယ်။ အခုဆိုလို့ရှိရင် စစ်ကောင်စီဘက်ကလည်း ခံစစ်အနေနဲ့ ပြင်ဆင်တာတွေ အများကြီး ရှိလာတယ်။ သူတို့ ဘက်က ရေကြောင်းလိုင်းကနေ အင်အားတွေ ထပ်တိုးမြင့်လာတဲ့ အပိုင်းတွေ ကျနော်တို့ မြင်တွေ့ရတယ်။ လက်နက်ခဲယမ်း အင်အားတွေရော တပ်သားအသစ်တွေရဲ့ အင်အားတွေရော ရေကြောင်းလိုင်းကနေ အများ အပြား မြို့တွင်းမြို့ပြင်တပ်တွေ အကုန်လုံး ဖြည့်ထားတာမျိုးတွေ ရှိတယ်။ ခံစစ်အနေနဲ့ပဲ သူတို့က ဆက်လက်ပြီး လှုပ်ရှားနေပုံရတယ်။ PDF တို့ရဲ့ ခြေကုပ်စခန်းတွေက စစ်ကြောင်းထိုးလာတာမျိုး ကြုံတွေ့ရခြင်း မရှိဘူး။ သူတို့ အခြေအနေက လက်ရှိ လေယာဉ်သုံးမယ်၊ ခံစစ်အနေနဲ့ လှုပ်ရှားနေတာ မြင်တွေ့ရတယ်။ ကျနော်တို့ဘက်က ထိုးစစ်အနေနဲ့ ကစားရမယ်ဆိုရင်တော့ ပွဲတွေက ပိုပြီးပြင်းထန်လာဖို့ ရှိတယ်။

မေး။ ။ စစ်အာဏာသိမ်းတဲ့အချိန်ကနေ ဒီနေ့ထိ ရေးဘီလူးအဖွဲ့အနေနဲ့ မစ်ရှင်ဖော်ဆောင်မှုအပိုင်းမှာ ဘယ်လောက်အထိ အောင်မြင်မှုရှိခဲ့ပါလဲ။

ဖြေ။ ။ အာဏာစသိမ်းပြီးကတည်းက အခုချိန်ထိ မစ်ရှင်ပေါင်းမြောက်များစွာ လုံးဝကို မရေတွက်နိုင်တဲ့ မစ်ရှင်လည်း ပြုလုပ်ထားတာမျိုး ရှိတယ်။ မစ်ရှင်တွေထဲမှာတော့ အောင်တဲ့ မစ်ရှင်ရှိသလို မအောင်ဘဲနဲ့ ဘယ်သူကိုမှ ကျနော်တို့တွေ မထုတ်ပြန်ဘဲနဲ့ ကျနော်တို့တွေ ဆုံးရူံးမှုတွေလည်း အများကြီးရှိတယ်။ အဲပုံစံ မျိုးတွေပေါ့။ ဆုံးရူံးမှုတွေထဲမှာ အသက်တွေ မဟုတ်ဘဲနဲ့ ကျနော်တို့ အသုံးပြုတဲ့ အရာဝတ္ထုတွေ ဆုံးရူံးသွားတာ မျိုးလည်း အများကြီးရှိတယ်။ မစ်ရှင်အရေအတွက် အနေနဲ့ကတော့ လုံးဝရေတွက်လို့ မနိုင်တော့ဘူး။ ပြုလုပ်ခဲ့တဲ့ မစ်ရှင်ပေါင်းလည်း မြောက်များစွာရှိတယ်။

မေး။ ။ မစ်ရှင်ပြုလုပ်တဲ့အချိန်မှာ ဘယ်လိုအခက်ခဲမျိုးတွေ ကြုံတွေရတာရှိခဲ့ပါလဲ။

ဖြေ။ ။ မစ်ရှင်က မြို့မှာလုပ်ရမယ့်အပိုင်း အခန်းကဏ္ဍမျိုးတွေ များတယ်။ နောက်တခုက မစ်ရှင်က စီးချင်းထိုး ပစ်တာ မဟုတ်ဘူး။ အနီးကပ် ဝင်ပစ်ရတာပေါ့နော်။ ကပ်ဖြုတ်ရတယ်၊ လုံးဝ ပြည်သူကနေ အသွင်ပြောင်း ပုံမှားရိုက်ပြီး ကျနော်တို့ ဒီမစ်ရှင်တွေ ပြုလုပ်ရတဲ့အခါကြတော့ အခက်ခဲအများကြီး ကြုံတွေ့နိုင်တယ်။ ကျနော်တို့မစ်ရှင်မှာ စစ်ကူသုံးလို့ မရဘူး။ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ။ ဘယ်သူမှ ကျနော်တို့ကို လာကယ်လို့မရဘူး။ ဘယ်သူမှ စစ်ကူပေးလို့ မရဘူး။ ဘယ်သူမှလာပြီး ဝိုင်းဝန်းကူညီပေးလို့ မရဘူး။ မြို့တွင်းမှာဆိုရင် ပိုပြီးတော့ အန္တရာယ်များတယ်။ ကျနော်တို့တွေ လုပ်ရမှာက ၅၀ ရာခိုင်နှုန်း၊ ကိုယ်ပြန်ခံရတဲ့ အပိုင်းကလည်း ၅၀ ရာခိုင်နှုန်းပဲ သတ်မှတ်ရတယ်။ တဖက်ရန်သူကို တော်လှန်ဖို့အတွက် မြို့အလယ်ပိုင်းမှာ စောင့်ဆိုင်းရတယ်ဆိုပေမယ့် အသက်အန္တရာယ်လည်း အများကြီး ဆုံးရူံးသွားနိုင်တယ်။ ထိတွေ့မှုတွေ ကိုယ့်ဘက်က ပြန်ခံလာရပေါင်းလည်း ရှိတာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျနော်တို့အခက်ခဲတွေကတော့ အမျိုးမျိုး ကြုံတွေ့ရတယ်။ အမျိုးမျိုး ရင်ဆိုင် ခဲ့ရတယ်။ ဒီလိုရင်ဆိုင်ခဲ့ရလို့လည်း အလုပ်ကနေပြီး အများကြီး အကူအညီပြုသွားတဲ့အပိုင်းလည်း ရှိတယ်။ သင်ခန်းစာတွေလည်း အများကြီးရသွားတဲ့အပိုင်းတွေ ရှိတယ်။

မေး။ ။ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း ကူညီထောက်ပံ့မှုအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ စားနပ်ရိက္ခာအပိုင်းနဲ့ လက်နက်ခဲယမ်းအပိုင်းတွေက ကျနော်တို့ ERO ကနေလည်း ကူညီပေးနိုင် သလောက်တော့ ကူညီတယ်။ ပြည်သူလူထုတွေရဲ့ အထောက်အကူတွေနဲ့ ကျနော်တို့ ဝယ်သလောက်လည်း ဝယ်တာပေါ့နော်။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီး (MOD) ကနေလည်း ကျည်တချို့ အထောက်အကူပြုတယ် ဆိုတော့ စစ်ရေးမှာ တော်တော်လေး အားရှိစေတယ်။ အဓိက ပြည်သူလူထုတွေရဲ့ အထောက်အကူတွေနဲ့ ကျနော်တို့အများဆုံး ရပ်တည်ဖြစ်ခဲ့တယ်။ ပြည်သူလူထုတွေက စားနပ်ရိက္ခာအပိုင်းရော လက်နက်ခဲယမ်း အပိုင်းတွေရော အကုန်လုံး အထောက်အကူပြုတယ်။ အခုလည်း ရေမြေဒေသရဲ့ သတင်းအချက်အလက် အပိုင်းတွေကအစ အထောက်အကူပြုတဲ့ အတွက်ကြောင့် ပြည်သူတွေက လုံးဝ နံပါတ် (၁) ကိုးကွယ်ရာပေါ့နော်။ ပြည်သူ့လူထု အရမ်းအားကိုးရတယ်။ ပြည်သူလူထု ရှိတာကြောင့်လည်း ဒီနေ့ဒီအချိန်ထိ တော်လှန်ရေးထဲမှာ တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေမျိုးတွေရှိတာပေါ့။

မေး။ ။ လက်ရှိရေးဘီလူးအဖွဲ့မှာ လူငယ်တပ်သားအသစ်တွေ အရင်ကထက် ဘာကြောင့်ပိုများလာတယ်လို့ ထင်လဲ။

ဖြေ။ ။ သင်တန်းသားအသစ်တွေ အထဲဝင်လာတယ်ဆိုတာက အာဏာသိမ်းပြီးတော့ ၃ နှစ်ကျော် ကာလ အတွင်းမှာ အရင်တုန်းက သပိတ်လမ်းကြောင်းမှာ မပါဝင်ခဲ့တဲ့လူငယ်တွေရော ဒီအခြေအနေအချိန်ခါမျိုးမှာ အကုန်လုံး ကြုံတွေ့နေရတာလေ။ စစ်ကောင်စီရဲ့ဝါဒဖြန့်မှုတွေ စစ်မိစ္ဆာတွေရဲ့ ထိုးနှက်မှုတွေ မတရားစီစဉ်မှုတွေ ဒီလိုအခက်ခဲမျိုးတွေ ဘေးဆိုးအန္တရာယ်ဆိုးတွေကို ကြုံတွေ့နေတဲ့အခါကြတော့ ပြည်သူလူထုတွေက ပိုပြီးတော့ နားလည်လာတယ်ပေါ့။ အခု စစ်မှုထမ်းဥပဒေ သူတို့ဘက်က ထုတ်ပြန်လာတဲ့အခါမှာ ပြည်သူ့စစ်သားနဲ့ အာဏာရှင်ရဲ့ တပ်သားနဲ့ဆိုလို့ရှိရင် ပြည်သူ့စစ်သားဘက်ကပဲ ပါဝင်ကြတာပဲ။ ဘာကြောင့်လဲဆိုတော့ ပြည်သူကနေ ပေါက်ပွားလာတဲ့စစ်သားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်မိစ္ဆာထဲ ဝင်သွားတာ နည်းတာပေါ့ နော်။

မေး။ ။ လက်နက်မကိုင်ချင်ကြတဲ့ အခြားသောလူငယ်များအနေနဲ့ တော်လှန်ရေးထဲမှာ ဘယ်လိုနည်းနဲ့ ပါဝင်နိုင်မလဲ။

ဖြေ။ ။ လက်နက်မကိုင်ချင်တဲ့ တခြားသောလူငယ်များက ကွန်ပျူတာအပိုင်း ကျွမ်းတဲ့သူက ကွန်ပျူတာကို ကိုင်တွယ်တယ်။ တချို့က စာရင်းအပိုင်း ကျွမ်းကျင်တဲ့သူက စာရင်းအပိုင်းမှာ ပါဝင်ပေးတာပေါ့နော်။ အကုန်လုံး တော်လှန်ရေးထဲမှာ လက်နက်ကိုင်ပြီးတော့ တော်လှန်မှသာ တော်လှန်ရေးလို့ ကျနော်တို့ ခေါင်းစဉ်တပ်ထားတာ မဟုတ်ပါဘူး။ တထောင့်တနေရာကနေ ပါဝင်ကူညီပေးတဲ့သူမှန်လို့ရှိရင် အကုန်လုံး တော်လှန်ရေးတပ်သားပဲ၊ ဘယ်နေရာကနေပဲ ပါဝင်တာဝန်ထမ်းဆောင်နေပါစေ အကုန်လုံးက သူ့တာဝန်ကျေပွန်အောင် ထမ်းဆောင်နေ ရင် စစ်မှန်တဲ့ တော်လှန်ရေးတပ်သားအားလုံးပဲ။

မေး။ ။ အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အခန်းကဏ္ဍကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ကျနော်တို့ ပူးပေါင်းသင့်တာကို ပူးပေါင်းမယ်။ လက်ရှိမှာက ကျနော်တို့ ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲ ဆိုတော့ (ERO) အနေနဲ့ပဲ သွားတာများတယ်။ အခြေအနေတရပ်ကိုပဲ စုဆောင်းပြီးတော့ နယ်မြေမှာ အပိုင်းခွဲ ပြီးတော့ ကဏ္ဍတွေ လုပ်ဆောင်ရမဲ့အပိုင်းတွေ အများကြီးရှိတယ်ဆိုတော့ ပူးပေါင်းဖို့ အဆင်မပြေဘူး။ ကျနော်တို့ ဒီကိုယ်ကျတဲ့နေရာ တာဝန်ပေါ့နော်၊ အခန်းကဏ္ဍတွေ လုပ်ဆောင်ဖို့ လိုတယ်။ နောက်တခုက ပူးပေါင်းခြင်း မပူပေါင်းခြင်း တွေထက်ကို လုပ်ဆောင်နေတဲ့ အရာတွေတိုင်းက တော်လှန်ရေးပဲလေ။ လက်နက်စွဲပြီးတော့ တော်လှန်တဲ့သူ မှန်လို့ရှိရင် အားလုံးတော်လှန်ရေးထဲမှာ ပါတယ်။ ကျနော်တို့အဓိကတော့ (ERO) အနေနဲ့ နယ်မြေခံ နယ်မြေပိုင်းတွေနဲ့ပဲ ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်သွားမယ့် အပိုင်းအခန်းကဏ္ဍတွေ ရှိတယ်။

မေး။ ။ လက်ရှိတော်လှန်ရေးကာလမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ရဲ့ခံယူချက်က ဘာလဲ။ ပြောပြပေးပါ။

ဖြေ။ ။ တော်လှန်ရေးကာလမှာ ခံယူထားတဲ့ခံယူချက် စစ်ကောင်စီ အာဏာစသိမ်းပြီးကတည်းက ကျနော်တို့ လိုချင်တာ ဒီမိုကရေစီလမ်းစဉ်ပဲ။ ဒါက ကျနော်တို့ရဲ့ ခံယူချက်ပဲ။ ဒီမိုကရေစီ ပြန်ရဖို့အတွက်ကို တော်လှန်ရေး ထဲမှာ ပါဝင်နေရခြင်းဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ အာဏာမသိမ်းခင်ကာလပေါ့နော်။ လူငယ်တွေ လူကြီးတွေ အကုန်လုံး အာဏာရှင်စနစ် အလိုရှိတဲ့အထဲမှာ မဟုတ်ဘူးလေး။ အကုန်လုံး လွတ်လွတ်လပ်လပ် နေရမယ်။ မှန်နေလို့ရှိရင် ကျနော်တို့ အမှန်တရားကို ထပြောလို့ရတယ်။ အာဏာသိမ်းတဲ့ နောက်ပိုင်းမှာ ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှုးတွေကို ပြန်ပြီးကိုးကွယ်နေရတဲ့ ပုံစံမျိုးတွေနဲ့ ဒီအာဏာရှင်လက်အောက် မနေချင်လို့ ကျနော်တို့တွေ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ လိုချင်တဲ့ အနာဂတ်ပန်းတိုင် ဒီမိုကရေစီပဲဗျ။ ဒီမိုကရေစီကလွဲပြီး ကျနော်တို့ ရင်ဘတ်မှာ ဘာမှမရှိဘူး။ အားလုံးက လူထုအတွက် အမှန်တရားကို ပြန်ယူပေးမယ်။ လူထုအတွက် ကျနော်တို့တွေ ကာကွယ်ရေးအနေနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်မယ်။ အကောင်းဆုံး ရပ်တည်မယ်။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို ရောက်အောင် ပြန်ယူမယ်။

မေး။ ။ ဒီတော်လှန်ရေး ဘယ်တော့ ပြီးဆုံးနိုင်မလဲလို့ထင်လဲ။

ဖြေ။ ။ ဒီစစ်ကောင်စီဘက်က အမြစ်ပြတ် အကုန်လုံး တခါထဲ နိဂုံးချုပ်တဲ့နေ့ကတော့ တော်လှန်ရေး ပြီးဆုံးတဲ့နေပဲ။ ကျနော်တို့မှာ နှစ်အကန့်အသတ်မရှိဘူး။ တော်လှန်ရေးကာလ တလျှောက်လုံးမှာ အသက်ရှင်နေတဲ့ အတောအတွင်းမှာ တော်လှန်ရေးထဲမှာ ပါဝင်နေအုံးမယ်။ တော်လှန်ရေးထဲမှာ ရှိနေအုံးမယ်ဗျ။ ဘယ်နေ့ပြီးဆုံးမလဲ၊ ဘယ်တော့မှ တိုက်ပွဲဝင်တဲ့အရာ ဘယ်တော့ရပ်တန်မလဲဆိုတော့ ဒီအာဏာရှင်တွေ အမြစ်ပြတ် ချေမှုန်းသွားတဲ့ တနေ့က ကျနော်တို့ တော်လှန်ရေးပြီးဆုံးတဲ့တနေ့ပဲ။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here