“AA အနေနဲ့ စစ်ရေးရည်မှန်းချက်တစ်ခုထိ ရအောင်တိုက်နေပုံရတယ်။ အထူးသဖြင့် ရခိုင်ပြည်မြောက်ပိုင်း တခွင်လုံးနဲ့ အလယ်ပိုင်းတခွင်ကို လုံးဝ လွတ်မြောက်ဒေသဖြစ်သွားအောင် လုပ်နေတာတွေမျိုး။ ဒီလိုမျိုးဖြစ်မှသာ နယ်စပ်ဒေသတွေကို ထိန်းချုပ်နိုင်မယ်။ သီးခြားလွတ်လပ်တဲ့ဒေသတစ်ခု ထူထောင်နိုင်ဖို့သဘောမျိုးနဲ့ စစ်ရေးကို အရှိန်မြှင့်ပြီးတော့ တိုက်နေတာဖြစ်တယ်။ ဒါကြောင့် ဒီနေ့အခါမှာ တရုတ်ဖိအားက ဘယ်လိုမှ ပြေလည်နိုင်မှာမဟုတ်ဘူး” ဦးဖေသန်း – နိုင်ငံရေး၊စစ်ရေးလေ့လာသုံးသပ်သူ

0
98
ပုံစာ - နိုင်ငံရေးစစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်း

AA ၏ နိုင်ငံရေးရည်မှန်းချက်၊ စစ်ကောင်စီ၏ လက်ရှိအခြေအနေ၊ မွတ်ဆလင်အရေး စသည်တို့နှင့်ပတ်သက်ပြီး နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းနှင့် ဆက်သွယ်မေးမြန်းချက်။

“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ မှစ၍ ရခိုင်စစ်မြေပြင်တွင် တိုက်ပွဲများ မရပ်မနား ပြင်းထန်နေဆဲ ဖြစ်သည်။ စစ်ပွဲကာလ ၆ လကျော်ကြာ ရှိလာပြီး အာရက္ခတပ်တော် AA က ပလက်ဝမြို့အပါအဝင် မြို့နယ် ၉ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့များကိုလည်း ဆက်လက်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိနေသည်။

လက်ရှိတွင်လည်း AA သည် ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲမြို့များကို အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း တပ်စခန်းများ မကျဆုံးရေး အကြိတ်အနယ် ခုခံနေသည်။

လက်ရှိရခိုင်စစ်ပွဲအတွင်း ထူးခြားချက်များ၊ AA ၏ နိုင်ငံရေးရည်မှန်းချက်၊ စစ်ကောင်စီ၏ လက်ရှိအခြေအနေ၊ မွတ်ဆလင်အရေး စသည်တို့နှင့် ပတ်သက်ပြီး နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကို ဆက်သွယ် မေးမြန်းထားပါသည်။

(ဦးဖေသန်းသည် ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သည်။)

မေး။ ။ လက်ရှိ ရခိုင်စစ်ပွဲနဲ့ AA ရဲ့ရည်မှန်းချက်က ဘယ်အထိ ခရီးပေါက်နေပြီလို့ မြင်ပါလဲ။

ဖြေ။ ။ AA နိုင်ငံရေးရည်မှန်းချက်ကတော့ ကွန်ဖက်ဒရိတ်အနည်းဆုံးလို့ ပြောထားတဲ့အတွက် ဒီရည်မှန်းချက် ကို ရောက်ဖို့ဆိုရင် အင်အားရှိဖို့လိုတယ်။ သိမ်းပိုက်နယ်မြေတွေ ရရှိထားဖို့လိုတယ်။ အင်အားဆိုတဲ့နေရာမှာ တပ်အင်အား ရှိဖို့လိုတယ်။ သိမ်းပိုက်နယ်မြေ အများကြီးရှိဖို့လိုတယ်။ အဲဒါမှ တစ်ဖက်နဲ့ဆွေးနွေးတဲ့အခါမှာ လိုချင်တဲ့ အတိုင်းအတာကို ရနိုင်လိမ့်မယ်။ နိုင်ငံရေးရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ဆိုရင် စစ်ရေးအင်အား သာလွန်တဲ့အခြေအနေ ကိုယ့်မှာရှိဖို့ လိုမယ်။ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ထိမ်းသိမ်း ထားနိုင်တဲ့အင်အား ရှိရမယ်။ အဲဒီနယ်မြေကို ပြန်မတိုက်နိုင်အောင် ကာကွယ်ထားနိုင်တဲ့ အနေအထားမျိုး ရှိဖို့လိုမယ်။

မေး။ ။ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေက ရခိုင်ပြည်မှာ သက်ရောက်မှုရှိတာကို တွေ့ရပါလား။

ဖြေ။ ။ ရခိုင်ပြည်တောင်ပိုင်း မာန်အောင်တို့မှာတော့ နည်းနည်းပါးပါး စုဆောင်းနိုင်တယ်လို့ ကြားတယ်။ တခြားနေရာတွေမှာတော့ သိပ်မကြားမိဘူး။ မြောက်ပိုင်းနဲ့ အလယ်ပိုင်းကတော့ ULA/AA ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်လို့ (စစ်ကောင်စီက) မခေါ်ဘူး၊ မစုဘူးပေါ့။ မရနိုင်တဲ့ အခြေအနေ၊ ဘာလို့လဲဆိုတော့ သူတို့ကိုယ်နှိုက်က ခံစစ်ကတုတ်ကျင်းထဲက မထွက်နိုင်သေးတဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဘယ်သူမှလည်း သူတို့ခေါ်တာကို လာနိုင်မှာမဟုတ်ဘူး။ ဘယ်သူမှလည်း စစ်သင်တန်းတက်နိုင်မှာ မဟုတ်ဘူး။

မေး။ ။ ရခိုင်စစ်ပွဲမှာ စစ်ကောင်စီက မွတ်ဆလင်တွေကို အသုံးချနေတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အခုမြင်နေရတာက ဘူးသီးတောင်၊ မောင်တော၊ စစ်တွေဘက်မှာ မွတ်ဆလင်တွေကို စစ်ကောင်စီက အချိုကွက်ပြီးတော့ မက်လုံးပေးတယ်။ မွတ်ဆလင်တွေကို ရခိုင်နဲ့ ပြဿနာဖန်တီးပေးချင်တဲ့ သဘောနဲ့ လက်နက် တပ်ဆင်ပေးတယ်။ ပြီးတော့ စစ်မြေပြင်မှာ တာဝန်ထမ်းခိုင်းတယ်ပေါ့။ မွတ်ဆလင်တွေကလည်း စစ်ကောင်စီ ပြောတဲ့စကားကို ယုံကြည်လို့ထင်တယ်။ ကျေကျေနပ်နပ် စစ်မှုထမ်းနေတာကိုလည်း တွေ့ရတယ်ပေါ့။ အဲဒီဟာကတော့ စစ်ကောင်စီက စစ်လည်းတိုက်ခိုင်းမယ်၊ အချင်းချင်းလည်း စိတ်ဝမ်းကွဲအောင်လုပ်မယ်ပေါ့။ သူ့အမြင်နဲ့တော့ နှစ်ဘက်မြတ်တယ်ပေါ့။ အဲလိုပုံစံမျိုး လုပ်နေတယ်။ ဒါတွေကို မွတ်ဆလင်အသိုင်းအဝန်းက သိဖို့လိုတယ်။

ထိန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေက ထိန်းဖို့လိုတယ်။ လိုအပ်ရင် ကြေညာချက် ထုတ်ပြီးတော့ ပြောဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ ကြောက်လို့လုပ်ရတာ၊ မတတ်သာလို့ လုပ်ရတာပါဆိုတဲ့ ပုံစံမျိုးနဲ့ လွှဲချလို့မရဘူး။ အကြောင်းပြချက် မလုံလောက်ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်တွေ လည်း အဲဒီမှာရှိတယ်။ ဘယ်သူမှ စစ်မှုမထမ်းဘူး။ မြို့ကနေ ခြေတစ်လှမ်းခွာလိုက်တာနဲ့ ULA ရဲ့ ထိန်းချုပ် နယ်မြေကို ရောက်သွားပြီ၊။ ULA ကလည်း ဖိတ်ခေါ်ထားတာ ရှိတယ်။ အဲဒါကို သိသိကြီးနဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီးတော့ တိုက်တယ်ဆိုရင် ဒီဘက်က ဘယ်လိုခံစားရမလဲပေါ့။ ကျနော်မြင်တာကတော့ ကိုယ့်ရန်သူရဲ့ မိတ်ဆွေဟာ ကျနော်တို့အတွက် ရန်သူပဲလို့ သတ်မှတ်ရမယ်။

ဒီလိုဆိုတဲ့အခါ သူတို့ကို လူမျိုးတုန်း သတ်ဖြတ်ထားတယ်ဆိုတဲ့ အဖွဲ့အစည်းနဲ့ သွားပေါင်းတယ်ဆိုကတည်းက မဖြစ်သင့်ဘူး။ အတူယှဉ်တွဲ နေထိုင်နေတဲ့ ရခိုင်တွေကို တိုက်တယ်ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စ၊ အကုန်လုံး ပြောင်းပြန်ဖြစ်နေပြီ။ ဒီကိစ္စကို မွတ်ဆလင်တွေအနေနဲ့ သတိထားဖို့လိုမယ်။ စစ်ကောင်စီ ဆိုတာက စစ်ရာဇဝတ်မှု တွေ ကျူးလွန်ထားတဲ့အဖွဲ့အစည်း၊ အထူးသဖြင့် မွတ်ဆလင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ICJ ကို ရောက်နေတဲ့အဖွဲ့၊ လက်မှာတောင် သွေးနံ့မစင်သေးဘူး။ အဲဒီလူတွေနဲ့ သွားပေါင်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ တဖက်မှာ ရခိုင်တွေက မျှော်လင့်ချက်ထားတဲ့ ULA ကို ထွက်သွားဖို့ ဆန္ဒဖော်ထုတ်တာတွေက အကျိုးဆက် အားဖြင့် ရခိုင်တွေရဲ့စိတ်ထဲမှာ တစုံတရာဖြစ်သွားနိုင်တယ်။ AA တပ်တော်ကတော့ ဒီအကွက်ထဲမဝင်အောင် အမြဲတမ်း စည်းရုံးပြောဆိုနေတယ်။

သို့သော်လည်း စစ်ကောင်စီ က ပိုပြင်းအောင် လုပ်လာမယ်ဆိုလို့ရှိရင် ဒီအကျိုးဆက်ဟာ ရေရှည်မှာ ရခိုင်နဲ့ မွတ်ဆလင်ကြားမှာ ပြဿနာဖြစ်သွားနိုင်တာကြောင့် ထိန်းထိန်းသိမ်းသိမ်းနဲ့ စဉ်းစားဖို့လိုတယ်။ ဒါပေမဲ့ ULA/AA က ဒီနေ့ထက်ထိ ထိန်းတယ်။ ဒါကြောင့် စိတ်လိုက်မာန်ပါ မပြောကြဖို့၊ မလုပ်ကြဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေတဲ့အတွက် မွတ်ဆလင်တွေ အပေါ်မှာ ကျနော်တို့ အပြုသဘောနဲ့ ဆက်ဆံတယ်ဆိုတာကို သိကြပါလိမ့် မယ်။ မွတ်ဆလင်တွေကို အရင်တုန်း က ဟိုမသွားရ၊ ဒီမသွားရ ကန့်သတ်ထားတဲ့ ကိစ္စတွေ၊ အိမ်ထောင်မပြုရဘူး တားမြစ်ထားတဲ့ကိစ္စတွေ အခု ULA/AA က အကုန်လုံး ဖြေလျော့ပေးထားတယ်။ ဒါကြောင့်လည်း ဒီကနေ့မှာ ကျောင်းသွား၊ ဆေးရုံသွား၊ ခရီးသွား အကုန်လုံး လွတ်လွတ်လပ်လပ် လုပ်လို့ရနေပြီပေါ့။ အဲဒါ ULA/AA ရဲ့ ပြောဆိုချက်၊ စည်းရုံးချက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါတွေကို ဆန့်ကျင်ဘက် ဆက်လုပ်နေမယ် ဆိုရင်တော့ သမိုင်းအမဲစက် ထင်သွားလိမ့်မယ်။

မေး။ ။ စစ်တွေနဲ့ ဘူးသီးတောင်မှာ မွတ်ဆလင်တွေက “ AA အလိုမရှိ” ဆန္ဒပြနေတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ စစ်ကောင်စီက ကြိုးကိုင်တယ်ဆိုတာ သေချာတာပေါ့၊ စစ်ကောင်စီက လုပ်ခိုင်းတာ။ သူတို့ကို အခွင့်အရေး တခုခုပေးပြီတော့ ဒီလိုလုပ်ခိုင်းတာပေါ့။ စစ်ကောင်စီက နောက်ကွယ်ကလုပ်တယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ မွတ်ဆလင်တွေက လုပ်သင့်၊ မလုပ်သင့် စဉ်းစားဖို့လိုတယ်။ ကလေးတွေ မဟုတ်ဘူး။ အကုန်လုံး လူကြီးတွေပဲ။ မလုပ်သင့်တဲ့ကိစ္စကို မလုပ်ဖို့ သူတို့အနေနဲ့ ဆုံးဖြတ်ချက်ချဖို့လိုတယ်။ အဲလိုမဟုတ်ဘဲနဲ့ စစ်ကောင်စီက ခိုင်းလို့လုပ်ရတာပါ၊ ခြိမ်းခြောက်လို့ လုပ်ရတာပါလို့ ပြောနေရုံနဲ့တော့မရဘူး။ ရခိုင်တွေ ဘယ်သူမှ မလုပ်ဘူး။ ဒါကိုလည်း သတိထားဖို့လိုတယ်။

မေး။ ။ ရခိုင်က စစ်ဘေးရှောင်တွေ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိမှု ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ နိုင်ငံတကာက အကူအညီ အားနည်းနေတယ်။ မိုခါမှာကတည်းက နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီပေးမယ့်ဟာကို စစ်ကောင်စီဘက်က တားမြစ်တာတွေရှိတယ်။ အဲအချိန်ကစပြီးတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကူညီမှုအားနည်းသွားတယ်။ ပြည်တွင်းမှာလည်း ရိက္ခာတွေရှာမရ။ ကုန်းဈေးနှုန်းတွေ ကလည်း အင်မတန်ကြီးတယ်။ ဒါတွေကြောင့်လည်း ပါလိမ့်မယ်။ တခြားစေတနာရှင်တွေကလည်း အရင်လို မကူညီနိုင်ဘူး။ တိုက်ပွဲတွေနဲ့ နေရာတိုင်းမှာ စစ်ဘေးရှောင်တွေများနေတော့ အလှူငွေတွေက နည်းတယ်ပေါ့။ တချို့ဆိုရင် နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေတွေဆီမှာ ခိုလှုံနေရတာရှိတယ်။ တချို့လည်း လုံးဝ စားစရာနေစရာမရှိ။ ဆင်းရဲတဲ့ လူတွေကျပြန်တော့လည်း ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ ပတ်ဝန်းကျင်က တတ်နိုင် သလောက်ပေါ့၊ မြို့နယ် ULA အဖွဲ့ကလည်း ကူညီထားတာတွေရှိမယ်။ စေတနာရှင်တွေက ကူညီထားတာရှိမယ်။ ရွာကနေပြီးတော့ မျှဝေစားတာတွေရှိမယ်။ ဒီလို ရပ်တည်နေကြတယ်။ ဒါပေမဲ့ သူတို့ထင်တာကတော့ စစ်ပွဲတွေ မကြာခင် ပြီးသွားလိမ့်မယ်။ အဲဒီခါကျရင် ကိုယ့်အိမ်ပြန်နိုင်လိမ့်မယ်။ အဲဒီမျှော်လင့်ချက်နဲ့ အံကြိတ်ပြီးတော့ တောင့်ခံနေတဲ့သဘောမျိုး တွေ့ရပါတယ်။

မေး။ ။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အနေအထား၊ အဲဒီဒဏ်ကို ပြည်သူတွေ အလူးအလဲခံနေရတဲ့အပေါ်မှာ ဘာပြောချင်ပါလဲ။

ဖြေ။ ။ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေထဲမှာ လေကြောင်းကတော့ အကန့်အသတ်မဲ့ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ကာကွယ်နိုင်တဲ့လက်နက်တွေ မရှိသလောက်ကို အားနည်းနေတယ်။ ကြည်းတပ်အင်အား အလုပ်မဖြစ်တဲ့အခါမှာ သူတို့ (စစ်ကောင်စီ) အနေနဲ့ ပြည်သူတွေကိုပဲ မဲပြီးတော့ လေယာဉ်နဲ့ ပစ်တာတွေ၊ အဝေးက လက်နက်ကြီးနဲ့ပစ်တာ တောက်လျှောက်လုပ်နေတယ်။ ပြည်သူကို အကြပ်ကိုင်ပြီးတော့ အနိုင်တိုက်မယ်ဆိုတဲ့ နည်းဗျူးဟာတစ်ခုပေါ့။ ဒါပေမဲ့ ပြည်သူတွေက ကြောက်သွားသလားဆိုတော့ ဒုက္ခတော့ ရောက်တယ်။ ဒါပေမဲ့ သူတို့အပေါ်မှာ ပိုပြီးတော့နာကျည်းလာတယ်။ ဘာမှမဆိုင်တဲ့ ပြည်သူတွေ၊ ရွာ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို ပစ်တယ်။ ပြည်သူကိုပဲ ဒုက္ခပေးတဲ့အတွက် ပြည်သူတွေက ပိုပြီးတော့ နာကျည်းသွားတယ်။ ပိုပြီးတော့ မထောက်ခံတော့ဘူးဆိုတဲ့သဘောမျိုး တွေ့ရပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ဒီလေကြောင်း တိုက်ခိုက်မှုဟာ မထိရောက်ဘူးလားဆိုရင် ပြည်သူတွေတော့ ဒုက္ခရောက်တယ်။ AA တပ်ဖွဲ့ဝင် တွေကတော့ တောတောင်ထဲမှာ၊ အခြားနေရာတွေမှာ၊ အကာအကွယ် ယူထားကြတာမို့ ဒီလောက် အခက်အခဲ မရှိဘူး။ အဓိက ဒုက္ခရောက်တာက ပြည်သူတွေပဲ ဖြစ်တယ်။ ဘယ်နေရာမှာ ဘယ်ကိုလာပြီးပစ်မလဲ။ မသိတဲ့ အတွက်ကြောင့် ပြည်သူတွေဟာ အသက်စွန့်ပြီးတော့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်း ပစ်ခတ်မှုဟာ တိုက်ပွဲအောင်မြင်ဖို့အတွက် အထောက်အကူ မပြုဘူး။ ဘယ်လောက်ပဲ လေကြောင်းနဲ့ပစ်ပစ် သူတို့ရဲ့စခန်းတွေ တစ်ခုပြီးတစ်ခု ကျဆုံးလာ နေတာကို အကုန်လုံး မြင်တွေ့နေကြရတယ်။ ဒါကြောင့် ဒီလေကြောင်းတိုက်ခိုက်မှုဟာ အဟန့်အတား တစ်ခုအနေနဲ့ပဲ ပြည်သူကို ဒုက္ခပေးနိုင်တဲ့သဘောပဲ ရှိတယ်၊ ခရီးမရောက်ဘူးလို့ ပြောချင်တယ်။

မေး။ ။ စစ်ကောင်စီကို လေယာဉ်ဆီမရောင်းကြဖို့ ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ခဲ့မှုက ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်မယ် ထင်ပါလဲ။

ဖြေ။ ။ ကုလသမဂ္ဂကတော့ သတ်မှတ်တယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းမှာက စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ထောက်ခံတဲ့ အမာခံနိုင်ငံတွေ ရှိတယ်။ အထောက်အကူပြုမယ့် နိုင်ငံတွေဆီက လမ်းကြောင်းမျိုး နဲ့တော့ ရှိမှာပေါ့။ ပြောင်ပြောင်တင်းတင်း မဟုတ်ရင်တောင်မှ ခိုးကြောင်ခိုးဝှက်ဝင်မှာပေါ့။ ပြီးတော့ သူ့ကို ကာကွယ်ပေးတဲ့နိုင်ငံ တရုတ်၊ ရုရှားတို့ပေါ့။ ဒီနိုင်ငံတွေဆီက အများအစားရနိုင်တယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ တခါတလေမှာ တိတိကျကျ အကောင်အထည်ဖော်နိုင်တာ မဟုတ်ဘူး။ ဆိုတဲ့အခါ အဲဒီယိုပေါက်တွေက ရှိနေလိမ့်မယ်။ ကုလအနေနဲ့ ခိုးကြောင်ခိုးဝှက်ရောင်းဝယ်တဲ့ နိုင်ငံတွေကို တိတိကျကျ အရေးယူ ဖော်ထုတ်နိုင်တဲ့ အခြေအနေ မရှိဘူးဆိုရင်တော့ အဲဒီလမ်းပေါက်ကနေ ဝင်နေဦးမှာလို့ ကျနော် ထင်တယ်။ ဒါပေမဲ့ ရေရှည်အတွက် အကန့်အသတ်တော့ နည်းနည်းဖြစ်သွားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ခိုးကြောင်ခိုးဝှက်ပဲဖြစ်ပြီး ပေါ်တင်မဟုတ်တဲ့အတွက် အကန့်အသတ်တော့ အနည်းအကျဉ်း ဖြစ်သွားနိုင်တယ်။ လုံဝကြီး ဆီပြတ်သွားအောင်အထိ အဲလိုမျိုးတော့ ဖြစ်မှာမဟုတ်ဘဲ စစ်ကောင်စီအနေနဲ့ ဆီကိုချွေတာပြီးတော့ ရတဲ့နည်းနဲ့ ဝယ်လိမ့်မယ်။

မေး။ ။ ရခိုင်စစ်ပွဲ ရပ်တန့်ရေးနဲ့ပတ်သက်ပြီး တရုတ်ကြားဝင်မှုက အလုပ်ဖြစ်၊မဖြစ် သိပါရစေ။

ဖြေ။ ။ ဖိအားကြောင့်လည်း မကြာခဏ ရပ်ခဲ့တာတွေ ရှိတာပေါ့။ စစ်ကောင်စီက အထူးသဖြင့် ဆာဆာကာဝါတို့၊ တရုတ်တို့ကို အကူအညီတောင်းပြီး လုပ်ခဲ့တာရှိတယ်။ ဖြစ်ခဲ့တယ်။ ဒီအချိန်မှာတော့ ULA/ AA ဘက်က တစ်မြို့ပြီးတစ်မြို့ တိုက်နေတဲ့ကာလ။ အရင်တိုက်ပွဲနဲ့ မတူဘူး။ ရှမ်းမြောက်မှာ ညီနောင်သုံးဖော်က တိုက်ပွဲတွေ ဖော်ခဲ့ကြတယ်။ တရုတ်ဖိအားပေးတဲ့အခါကြတော့ ရပ်ခဲ့တယ်။ ဒါပေမယ့် ရခိုင်မှာ မရပ်ဘူး။ အခုလည်း တရုတ်ကဖိအားပေးပြီး ဆွေးနွေးတာတွေ ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ULA/AA ကတော့ ဘယ်လိုမှ မရပ်တန့်ဘဲ ပြင်းပြင်းထန်ထန် တိုက်တယ်။

ဆိုလိုတာက AA အနေနဲ့ စစ်ရေးရည်မှန်းချက်တစ်ခုထိ ရအောင် တိုက်နေပုံရတယ်။ အထူးသဖြင့် ရခိုင်ပြည် မြောက်ပိုင်းတစ်ခွင်လုံးနဲ့ အလယ်ပိုင်းတစ်ခွင်ကို လုံးဝ လွတ်မြောက်ဒေသ ဖြစ်သွားအောင် လုပ်နေတာတွေမျိုး။ ဒီလိုမျိုးဖြစ်မှသာ နယ်စပ်ဒေသတွေကို ထိန်းချုပ်နိုင်မယ်။ သီးခြားလွတ်လပ်တဲ့ ဒေသတစ်ခု ထူထောင်နိုင်ဖို့ သဘောမျိုးနဲ့ စစ်ရေးကို အရှိန်မြှင့်ပြီးတော့ တိုက်နေတာ ဖြစ်တယ်။ ဒါကြောင့် ဒီနေ့အခါမှာ တရုတ်ဖိအားက ဘယ်လိုမှပြေလည်နိုင်မှာ မဟုတ်ဘူး။ AA က သူ့စစ်ရေးရည်မှန်းချက် မအောင်မြင်သေးသမျှတော့ တိုက်နေအုံးမှာ။

မေး။ ။ နောက်ဆုံးအနေနဲ့ ရခိုင်တိုက်ပွဲအခြေအနေကို ခြုံငုံသုံးသပ်ပေးပါအုံး။

ဖြေ။ ။ တိုက်ပွဲအခြေအနေက ပလက်ဝကစပြီးတော့ ဒီနေ့အထိ ၉ မြို့နယ်၊ နောက်မြို့နယ်တွေ ကျန်သေးတယ်။ ULA က အနိုင်နဲ့ပဲ တိုက်လာတာ။ AA သိမ်းထားတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီက ဘယ်လိုမှ ပြန်တိုက်လို့ မရဘူး။ ဒါ့အပြင် ULA/AA ဘက်က စစ်သွေးစစ်မာန်အပြည့်နဲ့ ယုံကြည်မှုရှိတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေကတော့ အကြောက်တရားတွေနဲ့ “ငါတို့တိုက်ရင်လည်း AA လက်ထဲ ကျသွားမှာ” ဆိုတာမျိုးကို သိနေတဲ့အတွက် သူတို့ဒီနေ့အချိန်အခါမှာ သိပ်ပြီးတော့ ခံမတိုက်ချင်တော့ဘူး။ ထွက်ပြေးတာတွေ အများကြီးလုပ်လာကြတယ်။ ခြုံပြောရရင်တော့ ရခိုင်က ကျန်တဲ့မြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ ကျသွားမှာပါပဲ။

အောင်ထိန် (DMG) – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here