ဘူးသီးတောင်အခြေစိုက်တပ်ရင်းနှင့် စခန်းအားလုံးအပါအဝင် AA သိမ်းပိုက်ရရှိသည့် မြို့နယ် ၁၀ ခုထိ ရှိလာပြီဖြစ်

0
68

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ် အပါအဝင် ဗျူဟာလက်အောက်ခံ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်း အပါအဝင် စခန်းအားလုံးကို မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း AA က သတင်းထုတ်ပြန်သည်။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်သည့် ရခိုင်ဒေသတိုက်ပွဲများအတွင်း AA က အရှိန်အဟုန်ဖြင့် ချီတက်တိုက်ခိုက် နေသည်မှာ ၆ လကျော် ကြာမြင့်လာပြီ ဖြစ်သည်။

အာရက္ခတပ်တော် (AA) သည် ရခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်မ၊ ဗျူဟာစခန်း အများအပြားကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် လက်ရှိအချိန်ထိ မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

လက်ရှိတွင်လည်း ဘူးသီးတောင်တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များကို လိုက်လံတိုက်ခိုက်နေပြီး ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်၌ တိုက်ပွဲဆက်လက်ဖြစ်နေကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသော နေရာများနှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် AA က အထူးသတိပေးထားသည်။

AA က ထုတ်ပြန်ထားသည့် အချက်လက်များအရ ယခု ၂၀၂၄ ခုနှစ်အတွင်း ပလက်ဝမြို့ကို ဇန်နဝါရီ ၁၄ ရက်၊ ပေါက်တောမြို့ကို ဇန်နဝါရီ ၁၉ ရက်၊ မင်းပြားမြို့ကို ဖေဖော်ဝါရီ ၆ ရက်၊ ကျောက်တော်မြို့ကို ဖေဖော်ဝါရီ ၇ ရက်၊ မြောက်ဦးမြို့ကို ဖေဖော်ဝါရီ ၉ ရက်၊ မြေပုံမြို့ကို ဖေဖော်ဝါရီ ၁၅ ရက်၊ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်၊ ရမ်းဗြဲ မြို့ကို မတ်လ ၁၁ ရက်၊ ရသေ့တောင်မြို့ကို မတ်လ ၁၇ ရက်နှင့် ဘူးသီးတောင်မြို့ကို မေလ ၁၈ ရက် တို့တွင် အသီးသီး ဩသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး AA သည် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်များကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်နေပြီး တိုက်ပွဲများလည်း ဆက်လက် ပြင်းထန်နေသည်။

ရခိုင်စစ်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ULA/AA ဘက်က စစ်သွေးစစ်မာန်အပြည့်နဲ့ ယုံကြည်မှု ရှိတယ်။ စစ်ကောင်စီဘက်ကတော့ “ငါတို့တိုက်ရင်လည်း AA လက်ထဲကျသွားမှာ” ဆိုတာမျိုးကို သိနေတဲ့အတွက် သိပ်ပြီးတော့ ခံမတိုက်ချင်တော့ဘူး။ ထွက်ပြေးတာတွေ အများကြီး။ ခြုံပြောရရင်တော့ ရခိုင်က ကျန်တဲ့မြို့တွေလည်း တစ်မြို့ပြီးတစ်မြို့ ကျသွားမှာပါပဲ” ဟု ပြောဆိုသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လက်နက်ချ အညံ့မခံသေးသည့် တပ်ရင်း၊ တပ်မ၊ ဌာနချုပ်များအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟုလည်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG)ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here