နောင်ချိုမြို့ တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံး

0
77

သျှမ်းပြည်၊ နောင်ချိုမြို့နယ် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့်မေလ ၁၆ ရက် ည ၉ နာရီကျော်ခန့်တွင် သျှမ်း – မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း တောင်တလုံး နှင့် ရေတားကုန်းကျေးရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပါဟက်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ကလေးငယ်တစ်ဦး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“အခုရွာကနေ တခါထပ် ထွက်ပြေးနေရပြီ၊ အခြေအနေကတော့ ပိုဆိုးလာတယ်။ မနေ့ညကလည်း ပါဟက်ရွာ ထဲက လူနေအိမ်ပေါ် လက်နက်ကြီးလာကျတာ အမျိုးသမီး ၃ ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ တစ်ယောက် ဆိုရင် လုံးဝကြည့်လို့ မကောင်းတော့ဘူး၊ တစ်စစီ ဖြစ်သွားတယ်” ဟု သေဆုံးသွားသူနှင့် နီးစပ်သည့် နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်သည် နောင်ချိုမြို့နယ် ပါဟက်ကျေးရွာအတွင်း ညအချိန် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မထွေးရီ (၄၂ နှစ်)၊ မဝင်းသန္တာ (၃၆ နှစ်) နှင့် မမိုခမ်းဦး (၁၆ နှစ်) တို့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ယနေ့ (မေလ ၁၇ ရက်) တွင် ရွာသားများမှ စုပေါင်းသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၁ နှစ်ခွဲ အရွယ်ခန့်ရှိ ကလေးငယ်တစ်ဦးလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိထားပြီး ထိခိုက်ဒဏ်ရာ ရရှိထားသည့် ကျန်ရွာသား ၄ ဦး တို့ကို မန္တလေး-PDF တပ်ဖွဲ့က ဆေးဝါးကုသပေးနေကြောင်း နောင်ချိုဒေသခံများ က ပြောသည်။

“အိမ်ရှင်ကတော့ နေ့စားခ သွားရှင်းနေတာနဲ့ လွတ်သွားတယ်။ အဲ့အိမ်မှာ စစ်ဘေးရှောင်နေတဲ့ လူတွေကတော့ အကုန်မှန်သွားတာပေါ့။ ရွာသားတွေက ဒီမနက် သင်္ဂြိုဟ်ပေးပြီးတော့ အကုန်လုံး စစ်ဘေးရှောင်နေကြပြီ။ ဒဏ်ရာရတဲ့ လူတွေလည်း ၅ ယောက်နဲ့ အိမ်ပျက်စီးတာ ၆ အိမ်ရှိတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် ပါဟက်ကျေးရွာမှ စစ်ဘေးရှောင် ၄၀၀ ကျော်သည် သုံးဆယ်နှင့် သပြေတိုးရွာ ကြားတွင်ရှိသည့် ကြံခင်းနှင့် လယ်ကွင်းထဲရှိ တဲများတွင် လာရောက်တိမ်းရှောင်နေကြရပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် လက်ရှိအချိန်အထိ ဆက်လက်ပစ်ခတ်နေတာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရကြောင်း နောင်ချိုစစ်ဘေးရှောင်များ ပြောဆိုမှုအရ သိရသည်။

“ဒီနေ့ထွက်ပြေးလာတာ တချို့ဆို ဆန်တစ်ပြည် အဲ့လိုပဲ ရလာကြတယ်။ အကုန်လုံးက နေ့စားပဲလုပ်တော့ စားဝတ်နေရေး ခက်ခဲတယ်။ ကလေးတွေ အမျိုးသမီးတွေလည်း အပူဖုထွက်ပြီးတော့ အရေပြားယားနာ ဖြစ်ကြတာ ရှိတယ်။ ဝမ်းလျှောကြတာလည်းဖြစ်တော့ သောက်ဆေးတောင်မှ မရှိကြဘူး” ဟု နောင်ချို စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါသည်။

နောင်ချိုမြို့နယ်တွင် တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များကို လာရောက်ကူညီသူများလည်း နည်းပါးလာပြီး အင်းဝိုင်း၊ ခြေမြစ်ပင်၊ ဘန့်ဘွေး၊ ကုန်းကြီး၊ ကုန်းသာနှင့် လွယ်တောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း များတွင် စစ်ဘေးရှောင် ၁ ထောင်ကျော် ရောက်ရှိနေကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင် စုစုပေါင်း ၂၀၀၀ ကျော်မှာလည်း နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

တဖက်တွင်လည်း နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်နှင့် ဘန့်ဘွေးကျေးရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်မှ သုံးဆယ်၊ ဆမ္မဆယ်နှင့် ကြူအင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး မေလ ၁၀ ရက် ညပိုင်းကလည်း သုံးဆယ်ကျေးရွာမှ အမျိုးသမီး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန် ခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သျှမ်း – မန္တလေးနယ်စပ်ရှိ သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် မန္တလေး-PDF တပ်ဖွဲ့နှင့် ဖြစ်ပွါးခဲ့သော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု ၄၃ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဓာတုအဆိပ်သင့် ဗုံးများကို လေကြောင်းမှတဆင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က မေလ ၈ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here