ဒိုက်ဦးမြို့တွင် စစ်သင်တန်း ဒုတိယအပတ်စဥ် ခေါ်ယူရာစာရင်း၌ အသက် ၁၈ နှစ်အောက်လူငယ်များ ပါဝင်နေ

0
57

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်သင်တန်း ဒုတိယအပတ်စဥ်အတွက် နာမည်စာရင်းကောက်ခံရာ၌ အသက် ၁၈ နှစ်အောက် လူငယ်များပါ နာမည်စာရင်းအတွင်း ပါဝင်နေကြောင်း နယ်ခံများထံမှ သိရသည်။

ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှတဆင့် ကုက္ကိုင်း၊ ကိုးတဲစု၊ ကျေးတောစု၊ ရေမအောင် အစရှိသည့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ပေးပို့လာသော စစ်မှုထမ်း ဒုတိယအပတ်စဥ်အတွက် နာမည်စာရင်း ပါဝင်သူ လူငယ်အများစုက တိမ်းရှောင်ကြသဖြင့် ကျန်ရှိနေသော ကျောင်းနေအရွယ် အသက် ၁၈ နှစ်အောက် လူငယ်လေးများကို အစားထိုးစာရင်းသွင်းလာခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အသက် ၁၃ နှစ်မှ စ၍ လုပ်နိုင်ကိုင်နိုင်သော အသက် ၇၀ ကျော်အရွယ်ထိ အမျိုးသားများကိုပါ နာမည်စာရင်း သွင်းလာတာကြောင့် စာရင်းပါသည့် အသက်မပြည့်သေးသော လူငယ် ယောင်္ကျားလေးများပါ နေရပ်စွန့်ခွာ ရှောင်တိမ်းနေသည်ဟု ဒေသခံ အုပ်ထိန်းသူအမျိုးသမီးတစ်ဦးက ပြောသည်။

“အငယ်ဆုံးက ၁၃၊ ၁၄ လောက်ဆို ခေါ်တယ်။ ကျမ မောင်လေးနှစ်ယောက်က ၁၅ နှစ် တစ်ယောက်နဲ့ ၁၈ နှစ် တစ်ယောက်၊ နှစ်ယောက်လုံး နာမည်စာရင်းပါလို့ ပြေးလာကြတာ။ ကျောင်းပြီးပြီး မပြီးပြီး သူတို့နားမလည်ဘူး။ အရင်နာမည်စာရင်း ပါတဲ့သူတွေက ခရီးလွန်ကုန်ပြီလို့ပြောတော့ ကျန်တဲ့လူကြီးနဲ့ ကလေးတွေကို ခေါ်တဲ့ အခြေအနေ ဖြစ်သွားတာ။ ရှိတဲ့သူကို ခေါ်မယ်ဆိုပြီး ဆယ်ကျော်သက်တွေပါ ပါကုန်တာပဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဒေသခံအုပ်ထိန်းသူမိဘများက နာမည်စာရင်းပါဝင်လာမည်စိုးရိမ်ပြီး ကျပ် ၃၀,၀၀၀ ကို သက်ဆိုင်ရာ ရွာလူကြီးမှတဆင့် ပေးခဲ့ရသော်လည်း စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွဲ၍မရဟု ဆိုလာသဖြင့် ငွေကုန်ဆုံးသည့် အပြင် နေရပ်မှစွန့်ခွာရသောကြောင့် ကျောင်းနေအရွယ်လူငယ်များ၏ ပညာရေးလည်း ထိခိုက်ရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

လာမည့် တတိယအပတ်စဥ်တွင်လည်း အမျိုးသမီးများကိုပါ စစ်မှုထမ်း ခေါ်ယူတော့မည့်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် လူငယ်၊ လူရွယ် အမျိုးသားများအပြင် အမျိုးသမီးငယ်အများစုသည်လည်း နေရပ်မှ ရှောင်တိမ်းနေရသည်ဟု အမည်မဖော်လိုသော ဒိုက်ဦးနယ်ခံတစ်ဦးက ပြောသည်။

“တတိယအပတ်စဥ်ကြရင်တော့ မိန်းကလေးတွေပါ ပါမယ်ကြားတယ်။ ရွာထဲမှာ ယောင်္ကျားလေးတွေတောင် မရှိတော့ဘူး။ မိန်းကလေးတွေ ဆိုရင်လည်း လူငယ်မရှိတော့ဘူး။ သူတို့ပြောတာ အခုတော့ ရတဲ့လူ ခေါ်တော့မယ်တဲ့ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ တချို့ကျတော့လည်း မပြေးနိုင်တော့လို့ နေနေရတာမျိုးပဲရှိတယ်” ဟု အဆိုပါဒိုက်ဦးနယ်ခံက ဆိုသည်။

ဒိုက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက စစ်ကောင်စီက ပြည်သူ့စစ်တပ်ဖွဲ့ဝင် စုဆောင်းမှုနှင့်အတူ စစ်မှုထမ်းရန် နာမည်စာရင်းများ ပြုစုကောက်ခံနေတာကြောင့် နာမည်စာရင်းပါရှိသဖြင့် နေအိမ်လုံးကျွတ် တိမ်းရှောင်ပြေးသူ တချို့ရှိနေပြီး ထိုသူတို့၏ နေအိမ်များကို စစ်ကောင်စီတပ်က ချိတ်ပိတ် သိမ်းဆည်း ခံရသည်ဟုလည်း ဒေသခံများက ပြောပါသည်။

အလားတူ ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့နယ်ရှိ ကျေးရွာတချို့တွင် နာမည်စာရင်း ပါဝင်နေသူများအား စစ်မှုထမ်းရန် နေရပ်ရှောင်တိမ်းပါက မိသားစုဝင်များကို အန္တရာယ်ပြုမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ က ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီက ဧပြီလမှစတင်၍ စစ်မှုထမ်းအပတ်စဥ် ၁ ခေါ်ယူမည်ဟု ထုတ်ပြန်ပြောထားသော်လည်း သတ်မှတ် ကာလထက် စောစီးစွာခေါ်ယူ၍ သင်တန်းပေးပြီး တိုက်ပွဲရှိရာကို တပ်သားစေလွှတ်မှုများ ပြုလုပ်ခဲ့သလို လက်ရှိတွင်လည်း စစ်သင်တန်း အပတ်စဥ် (၂) အတွက် တပ်သားသစ် ခေါ်ယူရေးလုပ်ငန်းများကို အလျှင်အမြန် လုပ်ဆောင်လာနေသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here