နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ထောက်ခံစာသတ်မှတ်ချက်ကြောင့် ကရင်နီပြည်သားများ အခက်ကြုံနေရ

0
43
ပုံစာ - နိုင်ငံကူးလက်မှတ်ထုတ်ဝေရေးရုံး(တောင်ကြီး)

ကရင်နီပြည် (ကယား) သားများအနေနှင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပြုလုပ်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ (သို့) တိုင်းစစ်ဌာနချုပ် ထောက်ခံစာရယူပြီး လုပ်နိုင်သည်ဟုဆိုသော်လည်း လက်တွေ့၌ ထိုထောက်ခံစာရရှိရေးတွင် အခက်အခဲများရှိသည်ဟု နိုင်ငံကူးလက်မှတ်ပြုလုပ်နေသည့် ကရင်နီပြည်သားများက ပြောသည်။

လွိုင်ကော်မြို့တွင် “တစ်လေးလုံးစစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးပါ ပိတ်ထားခဲ့ရပြီး ဒေသခံပြည်နယ်သားများမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အခက်အခဲ ဖြစ်နေခဲ့ကြရသည်။

ထိုအခြေအနေကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်တွင် စစ်ကောင်စီက ၂ / မှတ်ပုံတင် ကိုင်ဆောင်သူ ကရင်နီ ဒေသခံများကို ရှမ်းပြည်နယ်၊ တောင်ကြီးရုံးခွဲ၌ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လျှောက်ထားနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

သို့သော် တောင်ကြီးရုံးခွဲ၌ နိုင်ငံကူးလက်မှတ်လျှောက်ထားလုပ်ကိုင်ချိန်တွင် ၂ / မှတ်ပုံတင်ကိုင်ဆောင်သူ ကရင်နီဒေသခံများအနေနဲ့ ပြည်နယ်အစိုးရ ထောက်ခံစာရရန် ခက်ခဲနေသလို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ထောက်ခံစာရရန် သွားရောက်ခဲ့သူတချို့သည်လည်း အကြောင်းအမျိုးမျိုးကြောင့် ထောက်ခံစာ မရရှိခဲ့ကြကြောင်း ပြောပါသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်နေသည့် ကရင်နီဒေသခံတစ်ဦးက “ထောက်ခံစာက စုပေါင်းရုံး (တောင်ကြီး) သွားတော့ ထွေအုပ်ကို သွားခိုင်းတယ်။ ထွေအုပ်ကိုသွားတော့ ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) ကို သွားခိုင်းတယ်။ အဲ့ကိုသွားတော့ အဲ့ဒီမှာရမရတော့ ကျနော်လည်း မသိဘူး တပ်ထဲဆိုတော့ မသွားရဲလို့ မသွားတော့ဘူးလေ” ဟု ပြောဆိုသည်။

နိုင်ငံကူး လက်မှတ်လျှောက်ထားရယူရန် ပထမဦးစွာ အွန်လိုင်းကနေ ရက်ချိန်းယူရသည့် QR စနစ်ဖြင့် လျှောက်ထားပြီး ကျသင့်ငွေ ၃သောင်းခွဲကို အွန်လိုင်းငွေသွင်းစနစ်ဖြင့် ကြိုတင်ငွေ သွင်းထားရသည်ဟု နိုင်ငံကူး လက်မှတ် လျှောက်ထားသူများက ပြောသည်။

“QR တင်တာက လွယ်တယ်။ ရက်ချိန်းလည်း မြန်တယ်။ ထောက်ခံစာမရတော့ ငွေအဆုံးပဲ။ ပြန်လည်း မအမ်းဘူး။ ထုတ်လည်း မထုတ်ပေးဘူး” လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတစ်ဦးက ပြောသည်။

ထိုသို့ထောက်ခံစာရယူရန် ခက်ခဲနေတာကြောင့် ထောက်ခံစာရရှိရေးအတွက် ပွဲစားခ ငွေကျပ် ၅ သောင်း သီးသန့်ပေးပြီး ရယူရတာမျိုးလည်း ရှိနေပေမယ့် ထောက်ခံစာရရှိနိုင်ရန်အတွက် ခိုင်လုံသည့် အာမခံချက် မရှိဘူးဟု နိုင်ငံကူးလက်မှတ် ပြုလုပ်နေသူတချို့ထံက သိရသည်။

ကရင်နီပြည်တွင် “တစ်လေးလုံး စစ်ဆင်ရေး” စတင်ပြီးနောက် စီးပွားရေးပိုမိုကျပ်တည်းလာသည့်အတွက် လွိုင်ကော်ဒေသခံများမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန် နိုင်ငံကူးလက်မှတ် ပြုလုပ်လိုခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here