ဆီဆိုင်မြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ

0
43
ပုံစာ - ဆီဆိုင်မြို့

သျှမ်းပြည်၊ ဆီဆိုင်မြို့တွင် မပေါက်ကွဲသေးသည့်ဗုံးကို သွားရောက်ထိမိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးတစ်ဦနှင့် မိသားစုဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ သီရိရပ်ကွက် နယ်မြေ ၃ တွင် မတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကလေးတစ်ဦး မီးလောင်ပြင်အတွင်း သံတိုသံစ သွားကောက်ရာမှ ဗုံးထိမိကာ ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီး မိခင်ဖြစ်သူနှင့် ဦးလေးပါ ဒဏ်ရာရရှိခဲ့ကြောင်း ဆီဆိုင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“မီးလောင်ပြင်ထဲက သံတိုသံစတွေကောက်ရင်း ဘောပင်အရွယ်လုံးပတ်ရှိတဲ့ တစ်လက်မခန့် အရှည်သတ္ထု ချောင်းကို တူနဲ့ထုမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး လက်ချောင်းသုံးချောင်း ပြတ်ထွက်သွားတာ၊ဒဏ်ရာအပြင်းအထန် ရသွားတာ။ အနားမှာရှိတဲ့ အမေဖြစ်သူက နားရွက်မှာအစမှန် ဦးလေးဖြစ်သူက နဖူးမှာအစမှန် ဒါဏ်ရာ မပြင်းထန်” ဟု အဆိုပါအမျိုးသားက ပြောသည်။

ထိခိုက်ဒဏ်ရာပြင်းထန်သော ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ် ခွန်ရန်ပိုင်စိုးဖြစ်ပြီး ညာဘက် လက်သုံးချောင်း ပြတ်ထွက်သွားသော ဒဏ်ရာအပြင် ဘယ်ဘက်လက်ချောင်း၊ ခြေထောက်တို့တွင်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ၌ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် ယခုချိန်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း မပေါက်ကွဲသေးသည့် စစ်ကျန်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ကြီးများနှင့် မြေမြှေုပ်မိုင်းများစွာ ကျန်ရှိခဲ့သည်။ သျှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားပြီး နောက် စစ်ရှောင်ရင်း နေအိမ်သို့ ရိက္ခာပြန်ယူရာတွင် မြေမြှုပ်မိုင်းနင်းမိသည့် ဒေသခံ ၁၀ ဦးထက်မနည်းရှိနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here