“နေအိမ်တစ်ခုမကျန် မီးလောင်ပျက်စီးသွားတာက ၂၄ အိမ်လောက် ရှိပါတယ်။ KBC ဘုရားကျောင်း ကတော့ တစ်စစီ ဖြစ်သွားတယ်။ RC ကတ်သလစ်ဘုရားကျောင်းက နည်းနည်းထိသွားတယ်။ လက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့ အိမ်တွေက ၃၀ လောက် ရှိတယ်။ မီးလောင်သွားတာနဲ့ ပျက်စီးသွားတာနဲ့ပေါင်းရင် ၅၀ လောက် ရှိမယ်” နန့်ယားဒေသခံတစ်ဦး

0
83
ပုံစာ - နန့်ယားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတွေ့မြင်ရသည့် လက်ရှိမြင်ကွင်း။

၄ လ ကြာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး နေရပ်သို့ပြန်လည်နေထိုင်သည့် နန့်ယားဒေသခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲရှိ စစ်ကောင်စီတပ်၏ ဗျူဟာကျတပ်စခန်း ၆ နေရာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး စခန်းသိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ပွဲဆင်နွှဲခဲ့တာ ကြောင့် ဒေသခံပြည်သူသောင်းချီသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲနယ်မြေ ဖြစ်ခဲ့ရသည့် တာမခံ၊ ဝှေခါ၊ နမ်တိန့်နှင့် နန့်ယားကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက် သည့်အပြင် လက်နက်နှင့် ပစ်ခတ်တာ၊ ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးတာကြောင့် အဆိုပါ ကျေးရွာများတွင် ရွာ၏သုံးပုံတစ်ပုံနီးပါးရှိ ဒေသခံပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

KIA တပ်က ၄ လတာ ကာလအတွင်း စစ်ကောင်စီတပ်၏ ဗျူဟာမြောက် တပ်စခန်း ၆ ခုကို သိမ်းပိုက်လိုက်နိုင် ပြီးနောက် ပြီးခဲ့သည့် ဧပြီလမှစပြီး ဒေသခံစစ်ဘေးရှောင် ပြည်သူများသည် မိမိနေရပ်ကို ပြန်လည်နေထိုင်ကြပြီ ဖြစ်သည်။

တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့သည့် တာမခံ၊ ဝှေခါနှင့် နန့်ယားစသည့် ကျေးရွာ ၃ ရွာထဲမှ တာမခံကျေးရွာအား KIA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ပေးနေပြီး မီးလောင်ပျက်စီး သွားသည့် အိမ်ထောင်စု ၄၀၀ ကျော်အတွက် တစ်အိမ်ထောင်ကို ငွေကျပ် ၁၀ သိန်းနှင့် ပျဉ် ၄ တန် ထောက်ပံ့ ပေးကြောင်း သိရသည်။

သို့သော် ဝှေခါနှင့် နန့်ယားကျေးရွာတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေးတာကြောင့် လက်ရှိတွင် စစ်ရှောင်ဒေသခံပြည်သူများ နေရပ်ပြန်ရန်အတွက် နေစရာအခက်အခဲ ကြုံတွေ့နေရသည်ဟု ဆိုသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး နန့်ယားဒေသခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ နေရပ်ပြန်လည်နေထိုင်ကြပြီလို့ သိရပါတယ်။ ဘယ်လို အခြေအနေရှိပါလဲ။

ဖြေ။ ။ ဒေသခံတွေကတော့ သူ့အိမ်ကိုယ့်အိမ် အကုန်ပြန်ရောက်လာကြပြီ။ လောလောဆယ်တော့ တချို့က နေအိမ်တွေ မရှိတော့တာဖြစ်တဲ့အတွက် အဆင်ပြေသလို နေကြတာပေါ့။ နေအိမ်ရှိနေသေးတဲ့ မိသားစုတွေက အိမ်သန့်ရှင်းရေးတွေလုပ်ရင်း နေနေကြပါတယ်။

မေး။ ။ ဒေသခံတွေလည်း ရွာထဲကို ပြန်ဝင်လာကြပြီဆိုတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင် နေပြီလား။ ဘယ်သူကတာဝန်ယူပြီး ဆောင်ရွက်ပေးနေပါလဲ။

ဖြေ။ ။ လောလောဆယ်က ဘယ်သူမှ တာဝန်ယူပြီးလုပ်ပေးတာ မရှိသေးဘူး။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကလည်း စတင်နိုင်ခြင်း မရှိသေးပါဘူး။

မေး။ ။ နန့်ယားမှာက ဒေသခံတွေစုပေါင်းပြီး ပြန်လည်ထူထောင်ရေးတွေ စတင်နေပြီလို့ကြားသိရတယ်။ ဘယ်လို ဆောင်ရွက်နေကြတာပါလဲ။

ဖြေ။ ။ လောလောဆယ်တော့ ဒေသခံတွေ အားလုံးမဟုတ်ဘူး၊ ကျနော်တို့နန့်ယားက ကချင်နှစ်ခြင်း အသင်းတော်ကတော့ အသင်းသားတွေအတွက်စုပေါင်းပြီး ကြီးကြီးမားမားဆောက်တာလည်း မဟုတ်ဘူး၊ ယာယီနေဖို့ ဝါးလုံးတွေထိုးပြီး ခေတ္တ (ယာယီ) တဲဆောက်ပေးတယ်။ ဒါတောင် ကျန်တဲ့အသင်းတော်တွေက ဘာမှဆောက်လုပ်တာ မတွေ့ရသေးပါဘူး။

မေး။ ။ ဒါဆိုရင် ပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး KIO နဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC တို့ကို တင်ပြတောင်းဆိုထားတာတွေရော ရှိပါလား။

ဖြေ။ ။ တခြားတောင်းဆိုထားတာ မရှိပါဘူး။ ဘယ်လိုခက်ခဲနေသလဲဆိုတာ အကုန်သိပါတယ်။ ဘာလို့လဲ ဆိုတော့ အုပ်ချုပ်ရေးစနစ်က KIO ရဲ့ အောက်မှာသွားနေပြီဖြစ်တဲ့အတွက် သူတို့ပိုသိလိမ့်မယ်။

မေး။ ။ ဒါဆိုရင် လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေး ကိစ္စနဲ့ပတ်သက်ပြီး KIO ဘက်ကနေ တစုံတရာ ပြောဆိုလာတာတွေမရှိသေးဘူးလို့ ပြောလို့ရမလား။

ဖြေ။ ။ ဘာမှမရှိသေးဘူး။

မေး။ ။ လက်ရှိနေအိမ်မရှိတော့တဲ့ ဒေသခံပြည်သူတွေကရော ဘယ်လိုနေထိုင်ကြလဲ။

ဖြေ။ ။ အခုက တချို့နေအိမ်မရှိတော့တဲ့သူတွေက အိမ်ဝင်းသန့်ရှင်းရေးတွေ လုပ်ထားတယ်။ တချို့ကတော့ ဆွေမျိုးအိမ်တွေမှာ ကပ်နေရတယ်။ တချို့ကတော့ ယာယီမိုးကာတဲတွေနဲ့ ဖြစ်သလိုနေနေရတယ်။ ဒေသခံတွေက အစကနေ ပြန်လည်တည်ဆောက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ အရမ်းခက်ခဲသွားပြီ။

မေး။ ။ ကျေးရွာထဲမှာက နေအိမ်မရှိတော့တဲ့ ပြည်သူတွေက နေထိုင်စရာအခက်အခဲတွေ ဖြစ်နေကြတယ် ဆိုတော့ ဒီဒေသကို လက်ရှိထိန်ချုပ်ထားပြီဖြစ်တဲ့ KIO အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ပေးဖို့ လိုနေပါလဲ။

ဖြေ။ ။ ကျနော်တို့ရွာတွေက တိုက်ပွဲနယ်မြေ ဖြစ်သွားတာဖြစ်တဲ့အတွက် ရွာရဲ့သုံးပုံတစ်ပုံက နေအိမ်တွေ ပျက်စီးသွားပြီ။ မီးလောင်ပျက်စီးသွားတာ ပါတယ်။ မီးမလောင်ရင်တောင် ထိခိုက်ပျက်စီးသွားတာတွေ ပါတယ်။ အဲလို ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ အချက်အလက်တွေကို ကောက်ခံယူပြီးတော့ KIO အစိုးရအနေနဲ့ အကုန်လုံး မဟုတ်ရင်တောင် ကူညီထောက်ပံ့ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

မေး။ ။ နောက်တခုက နန့်ယားကျေးရွာက KIA ထိန်းချုပ်နယ်မြေဖြစ်သွားပြီဖြစ်တဲ့အတွက် လုံခြုံရေး အတွက်ရော စိတ်ချရပြီလား။ ဘယ်လို စိုးရိမ်မှုတွေ ရှိနေသေးလဲ။

ဖြေ။ ။ တိုက်ပွဲက ငြိမ်သွားပြီဆိုပေမယ့် လုံခြုံရေးအတွက် စိုးရိမ်ရသေးတဲ့အပိုင်းတွေ ရှိနေသေးတယ်။ စစ်တပ်က မရှိတော့ဘူး။ ဒါပေမယ့် မထင်မှတ်ထားတဲ့အချိန်မှာ ဖြစ်ပေါ်မှာလာမယ့် အန္တရာယ်ကိုတော့ ကြိုတင် ကာကွယ်ထားရမှာ ဖြစ်တယ်။ ဥပမာ – ပြောရမယ်ဆိုရင် ဒီဒေသက စစ်တပ်လက်အောက်မှာရှိတဲ့ ပြည်သူ့စစ်တွေ ရှိတယ်။ အခုအချိန်မှာ ပြည်သူ့စစ်တပ်တွေ မရှိတော့ဘူးဆိုပေမယ့် ပြည်သူ့စစ်တွေနဲ့ ဆက်နွယ်တဲ့မိသားစုတွေ ကျန်ရှိနေသေးတယ်။ ပြီးရင် စစ်တပ်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းမထိုးလာနိုင်ဘူးလို့ ပြောလို့ မရဘူး။ ဒါကြောင့် လုံခြုံရေးကတော့ စိုးရိမ်မှုတော့ရှိနေသေးတယ်။

မေး။ ။ နန့်ယားကျေးရွာက အရင်ကတည်းက ပညာရေးနဲ့ပတ်သက်ပြီး ၁၀ တန်းအထိ ရှိတဲ့ရွာဖြစ်တယ်။ အခုက မေလထဲလည်း ရောက်နေပြီဆိုတော့ အရင်လို ကျောင်းတွေပုံမှန်ပြန်ဖို့ရော ပြင်ဆင်နေကြပြီလား။

ဖြေ။ ။ ရွာထဲမှာ ကျောင်းတွေပြန်ဖွင့်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး အခုချိန်အထိ တိတိကျကျပြောဆိုတာ မရှိသေးဘူး။ ပြန်ဖွင့်မှာလား။ ဖွင့်မယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့မြင်တယ်။ ကျောင်းသားရှိတဲ့ မိဘတွေကလည်း ကျောင်းဖွင့်မယ့် ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေကြတာတွေရှိနေပါတယ်။ ရွာထဲမှာက ကလေးတွေလည်းများသလို ပညာရေးလည်း အရေးကြီးတယ်လေ။ အခုချိန်အထိတော့ စစ်ကောင်စီ လက်အောက်မှာ ဖွင့်မှာလား။ KIO ရဲ့ အောက်မှာ ဖွင့်မှာလား မသိရသေးဘူး။

မေး။ ။ ဒါဆိုရင် နန့်ယားကျေးရွာကို KIA က ထိန်းချုပ်လိုက်တဲ့နောက်ပိုင်းမှာ သူရဲ့အုပ်ချုပ်မှုစနစ် လုပ်ဆောင်နေ သွားနေပါပြီလား။

ဖြေ။ ။ အုပ်ချုပ်ရေးစနစ်ကတော့ သွားနေပြီလို့ ပြောလို့ရပါတယ်။ ရွာက တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းပြီးတော့ ကော်မတီတစ်ခုလည်း ဖွင့်ထားကြပြီ။ အဲအဆင့်ပဲ ရောက်သေးတယ်လို့ ပြောလို့ရမယ်။ သူတို့ထဲမှာလည်း အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းပြောဆိုရမယ့်အပိုင်းတွေ ရှိနေသေးတာထင်တယ်။

မေး။ ။ ဖားကန့်လမ်းမှာရှိတဲ့ နန့်ယားနဲ့ နန်တိန့်ကျေးရွာ ၂ ခုစလုံးက KIA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်သွားပြီဖြစ်တဲ့အတွက် စစ်ရေးနဲ့ပတ်သက်ပြီး ဘာစိုးရိမ်မှုတွေ ရှိနိုင်သေးလဲ။

ဖြေ။ ။ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေက စိုးရိမ်မှုတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနား ဘက်က တက်လာတဲ့ ဖားကန့်လမ်းမှာက ကားမိုင်းမြို့က စစ်တပ်ဗျူဟာကုန်း ရှိနေသေးတယ်။ နောက်တခုက အချိန်ပြည့်လေယာဉ်နဲ့ လာပစ်နိုင်တယ်။ ဒီအပိုင်းတွေတော့ စိုးရိမ်စရာ ဖြစ်သေးတာပေါ့။

မေး။ ။ နန့်ယားမှာ တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေရဲ့နေအိမ်တွေ ဘယ်လောက်ထိ ထိခိုက်ပျက်စီးခဲ့ပါလဲ။

ဖြေ။ ။ နေအိမ်တစ်ခုမကျန် မီးလောင်ပျက်စီးသွားတာက ၂၄ အိမ်လောက် ရှိပါတယ်။ KBC ဘုရားကျောင်း ကတော့ တစ်စစီ ဖြစ်သွားတယ်။ RC ကတ်သလစ်ဘုရားကျောင်းက နည်းနည်းထိသွားတယ်။ လက်နက်ကြီးထိလို့ ပျက်စီးသွားတဲ့ အိမ်တွေက ၃၀ လောက် ရှိတယ်။ မီးလောင်သွားတာနဲ့ ပျက်စီးသွားတာနဲ့ပေါင်းရင် ၅၀ လောက် ရှိမယ်။

မေး။ ။ နန့်ယားကျေးရွာကို KIA က ထိန်းချုပ်ထားပြီဖြစ်ပေမယ့် ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးဘူး။ နေထိုင်စရာအခက်အခဲ ဖြစ်နေကြတဲ့အပေါ် ဒေသခံတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ KIA သိမ်းလိုက်တဲ့ နောက်ပိုင်းတော့ သွားလာရေးကတော့ လွတ်လွတ်လပ်လပ် ဖြစ်သွားပြီ။ ဒါပေမယ့် ဒေသခံပြည်သူတွေက အရမ်းကြပ်တည်းနေရသေးတဲ့ အချိန်ကာလ တစ်ခုဖြစ်နေတယ်။ နေအိမ်တွေ ထိခိုက် ပျက်စီးသွားတာတွေ အများကြီး ကြုံတွေ့ရတယ်။ တချို့က ကိုယ်ဘဝရပ်တည်ရေးအတွက် ပြန်လည်ရပ်တည်ဖို့ အတွက် အစကနေ ပြန်လုပ်ရတော့မယ်။ ဒါကြောင့် အဖက်ဖက်ကနေ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် အားလုံး ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here