ရွာငံတွင် ကျေးရွာဥက္ကဌအပါအဝင် အမျိူးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွား

0
40

သျှမ်းတောင်၊ ရွာငံမြို့နယ်တွင် ကျေးရွာဥက္ကဌအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာဥက္ကဌ ဦးမောင်ထွဋ်နှင့်အတူ အသက် ၄၀ ကျော် အမျိူးသား ၂ ဦးနှင့် ဒေါ်မိုးဝါ ဆိုသည့် အသက် ၄၀ အရွယ် အမျိုးသမီးအပါအဝင် ၄ ဦးတို့ကို ယမန်နေ့ (မေလ ၁၆ ရက်နေ့) ညနေပိုင်းတွင် စစ်ကောင်စီ တပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း ထိုဖြစ်စဥ်ကိုသိရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ရွာလူကြီးကိုလည်း ဖုန်းဆက်မရဘူး၊ ပြန်ဖမ်းသွားတယ်။ မမိုးဝါကိုရော ဖမ်းသွားတယ်။ တခြားလူတွေကိုလည်း ခုထိ ဆက်သွယ် မရသေးဘူး။ ဘာကြောင့်ခေါ်သွားတာလဲ မသိဘူး။ ခုထိ ဘာသတင်းမှ မရသေးဘူး” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

အလားတူ၊ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၄၀ ကျော် အရွယ်ရှိ အမျိူးသား ၂ ဦးကို မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာပင် ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု ရွာငံမြို့နယ် ဒေသခံများက ပြောသည်။

“စစ်တပ်က မနေ့ကညနေပိုင်းမှာ ကိုခင်မောင်ဌေးနဲ့ ကိုအောင်အောင်ကို လာဖမ်းသွားတယ်။ သူတို့အိမ်ထိ တက်ဖမ်းတယ်။ ဘာကြောင့်ဖမ်းလည်းဆိုတာတော့ မသိဘူး” ဟု ဒေသခံအမျိုးသမီးက ဆက်ပြောပါသည်။

စစ်ကောင်စီမှ ဖမ်းဆီးခေါ်သွားသည့် ဒေါ်မိုးဝါ၏ အမျိုးသားကိုလည်း လွန်ခဲ့သည် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်က ဖမ်းဆီးခဲ့ပြီး၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၂၂ ချမှတ်ခံထားရပြီး နေအိမ်ပါ ချိတ်ပိတ်ခံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

ထို့နောက် နေအိမ်ပါချိတ်ပိတ် ခံခဲ့ရတာကြောင့် ဒေါ်မိုးဝါသည် သိမ်းကုန်ကျေးရွာဥက္ကဌ၏ နေအိမ်တွင် နေထိုင်ပြီး လက်ဖက်ရောင်းဝယ် လုပ်ကိုင်နေသူ ဖြစ်သည်ဟု ထိုဖြစ်စဥ်ကိုသိရှိသည့် ဒေသခံအမျိုးသမီးက ဆိုသည်။

“မနှစ်ကလည်း သူ့ (ဒေါ်မိုးဝါ) ယောက်ကျားက ဖမ်းသွားတော့ သူ့အိမ်လည်း ချိတ်ပိတ်ခံရတယ်လေ။ သူက နေစရာ မရှိတော့ သိမ်ကုန်းကျေးရွာလူကြီးအိမ်မှာ နေနေတာ။ အခု သူ့ကို ဘာလို့ဖမ်းသွားလဲ မသိဘူး” ဟု ၎င်းက ပြောသည်။

ထို့စဉ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်က ဒေါ်မိုးဝါ၏ အမျိုးသားနှင့်အတူ သိမ်ကုန်းကျေးရွာ ဥက္ကဌကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်တွင် ဥက္ကဌကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယခုတကြိမ်တွင်လည်း သိမ်ကုန်းကျေးရွာဥက္ကဌ မည်သည့်အကြောင်းပြချက်ဖြင့် ပြန်လည် ဖမ်းဆီးသွားသည်ကို မသိရှိသေးဟု ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here