ချောင်းဆုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ရာသီပွဲတော်နှင့်အတူ လောင်းကစားဝိုင်းများဆက်တိုက်ဖွင့်နေ

0
45
ပုံစာ - ပွဲတော်အကြောင်းပြ လောင်းကစားဝိုင်းများ။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ရာသီပွဲတော်အကြောင်းပြ၍ ဇာတ်ပွဲများ သွင်းနေပြီး လောင်းကစားဝိုင်းများပါ ဖွင့်လှစ်နေသည်ဟု ချောင်းဆုံဒေသခံများက ပြောသည်။

ချောင်းဆုံမြို့နယ်ရှိ ရွာလွတ်၊ ကွမ်ရိုက်၊ သက္ကော၊ ဒေါင်ဥ၊ ကမနင်းရွာနှင့် ချောင်းဆုံမြို့အတွင်းရှိ ရပ်ကွက်တို့တွင် မကြာမီကျရောက်မည့် ညောင်ရေသွန်းပွဲတော် စည်ကားရန်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က ဇာတ်ပွဲများ စတင်သွင်းနေပြီး လောင်းကစားဝိုင်းများပါ ဖွင့်လှစ်စည်ကားလျှက်ရှိသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောဆိုသည်။

“ညောင်ရေသွန်းပွဲကို စည်းကားဖို့ဆိုပြီးတော့ ပွဲဆက်တိုက် သွင်းနေတယ်။ ကမနင်းရွာမှာဆို ၅ ည ရှိနေပြီ။ ပွဲတော်မရှိပေမဲ့ မေလ စကတည်းက ပွဲသွင်းနေတယ်။ အဓိကက သူတို့ လောင်းကစားဝိုင်း ဖွင့်လှစ်ဖို့ပဲ။ အဲ့လို ဖွင့်တာက အုပ်ချုပ်ရေးမှူးတို့က ရန်ပုံငွေရှာဖို့ လုပ်နေတယ်လို့ ပြောတယ်။ နေ့ဘက်ဆို သက္ကောဘက် ကတောင်စိန်ဘက် ဖွင့်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ယင်းအပြင် ဇာတ်ပွဲနှင့် ပွဲလမ်းသဘင်များ မရှိသော်လည်း တနှစ်ပတ်လုံး လောင်းကစာဝိုင်း သက်သက်ဖွင့်လှစ် ထားသည့် ကျေးရွာများလည်း ရှိသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

အဆိုပါလောင်းကစားဝိုင်းများကို စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ညီမဝမ်းကွဲဆိုသူအပါအဝင်၊ ချောင်းဆုံ မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့၊ ကြံ့ခိုင်ရေးပါတီဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့မှ ဦးဆောင်စီမံ ခန့်ခွဲလျှက် ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“အန်ဂလုံ ဝိုင်းသက်သက်ဆို ၅၀ ဝိုင်း အထက်ရှိတယ်။ တစ်ဝိုင်းဆို တစ်သိန်း ကောက်ခံတယ်။ အုပ်ချုပ်ရေးမှူး အဖွဲ့တွေ ၉၀ နီးပါး လောက်ရတယ်။ အဲ့တာကနေ ပွဲဌားခက ဆယ်သိန်းလောက်ပဲ ရှိတယ်။ အုပ်ချုပ်ရေးမှူးတို့ အဖွဲ့ပေးတယ်၊ ကောက်တယ်ပေါ့” ဟု ချောင်းဆုံမြို့နယ်မှ နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုသည်။

လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် ကျေးရွာတစ်ရွာလျှင် သိန်းရာကျော် အကောက်ခံခွန်ကြေး ရရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့အထိ အဆင့်ဆင့်ဝေမျှလျှက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများတွင် အနီထောင်၊ အန်ဂလုံ ၊ ဖဲနှင့် ကြက်ဝိုင်းများ ပါရှိပြီး ချောင်းဆုံမြို့နယ် ဒေသခံအပြင် ဘားအံ၊ ပေါင်၊ မော်လမြိုင် စက်မှုဇုံ၊ ကျိုက်မရောနှင့် မုဒုံမှ ဒေသခံအမျိုးသား အမျိုးသမီးတို့ လာရောက်လျှက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ချောင်းဆုံမြို့နယ်တွင် လောင်းကစားဝိုင်း စတင်ဖွင့်လှစ်လာကြောင်း ဒေသခံများက ပြောသည်။

လောင်းကစားဝိုင်း စည်ကားလာသည့်နောက် ချောင်းဆုံဒေသအတွင်း ခိုးဆိုးလုယက်မှုအပြင် မူးယစ်ဆေးဝါး အမှုလည်း ပိုမိုများပြားလာသည်ဟု ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here