ဂန့်ဂေါကကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ မီးရှို့ဖျက်ဆီး၊ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီး

0
54
Photo - CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့က မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှတဆင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် မေ ၁၆ ရက်နေ့တွင် ရွှေဘိုရွာနှင့် ရေသာရွာတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

မီးရှို့ဖျက်ဆီးပြီးနောက် အဆိုပါကျေးရွာများမှ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန်တွင် အသတ်ခံထားရ သော အသက် ၈၀ ကျော်အရွယ် အဘိုးအိုတစ်ဦးနှင့် မီးလောင်ကျွမ်းထားသော အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “အသက် ၈၀ အရွယ်အဖိုးကြီးရဲ့ အမျိုးသားအင်္ဂါကိုလည်း ထုတ်ယူသွားတယ်။ တော်တော် လူမဆန်တော့တဲ့ ကောင်တွေပါပဲ။ ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကိုလည်း တွေ့ရတယ်” ဟု ပြောသည်။

အမျိုးသားအင်္ဂါထုတ်ယူပြီး ဦးခေါင်းကို သေနတ်နှင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရသူသည် ရွှေဘိုရွာမှ အသက် ၈၀ ကျော် အဘိုးအိုမှာ ဦးသာနွယ် ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

နေအိမ်မီးရှို့ဖျက်ဆီး ခံရသည့်အတွက် ရွှေဘိုရွာမှ နေအိမ် ၃၀၀ ကျော်၊ ရေသာရွာမှ နေအိမ် ၁၄ လုံး မီးလောင်ပျက်စီး ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ နေအိမ် ၆၀၀ ဝန်းကျင်ရှိသော ရွှေဘိုရွာကို မြောက်ခင်ရန်းရွာတွင် အထိုင်ချ ထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ခင်ရန်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် ရွှေဘိုရွာဘုန်းကြီးကျောင်းမှ ဘုန်းကြီး ၇ ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေ ၁၇ ရက်နေ့တွင် ဘုန်းကြီးများ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here