စစ်ကောင်စီတပ် မြေမြှုပ်မိုင်းကြောင့် မုန်းမြို့နယ်တွင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိလာ

0
44
Photo - KNU

KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလမှ လက်ရှိအချိန်အထိ စစ်ကောင်စီ၏မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရှိသူ ဒေသခံ စုစုပေါင်း ၁၀ ဦးကျော် ရှိလာပြီဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

မုန်းမြို့နယ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “သူတို့တွေ (စစ်ကောင်စီတပ်) တစ်ပတ် နှစ်ပတ်ကျော်လောက် လာနေသွားပြီးတော့ ရွာတွေထဲက တဲအဝင်တို့ လမ်းမပေါ်တို့မှာ မိုင်းတွေထောင်ထားခဲ့လို့ လူတွေထိတာ ၁၀ ယောက် ကျော်ပြီ။ ကလေး ၁၄ နှစ် တစ်ယောက်ဆို ပုန်းကျင်းထဲမှာ သူပစ္စည်းတွေယူဖို့ ဝင်တဲ့အချိန် ၁၈ မိုင်း ထိပြီး နှစ်ဘက်စလုံးပြတ်တာ။ မပြန်သေးပါနဲ့လို့ပြောတာ ပြည်သူတွေ ဆန္ဒစောတာလည်း ပါတယ်။ ကျွဲနွားတွေလည်း ထိတာများတယ်” ပြောသည်။

မုန်းမြို့နယ်အတွင်းရှိ ရေလဲ (ဗမာ) (ကရင်)၊ အညာစု၊ နောင်ကုန်း အစရှိသည့် ကျေးရွာများသို့ စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် တပ်ပြန်ဆုတ်သွားချိန်တွင် ထောင်ထားခဲ့သော မြေမြှုပ်မိုင်း များကို နင်းမိသဖြင့် အသက် ၁၄ နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံများနှင်းမိကြခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ချိန် ထောင်ထားခဲ့သော မိုင်းများတွင် ပေါက်ကွဲအား ပြင်းထန်သော မိုင်းအမျိုးအစားများလည်း ပါဝင်နေပြီး လူအသွားအလာများသည့် နေရာများကို ရွေးချယ်ထောင်ထားခဲ့ခြင်းကြောင့် ထိုသို့ထိခိုက်ဒဏ်ရာရရှိမှု များပြားလာရသည်ဟု ဒေသခံအချို့က ပြောသည်။

“စစ်တပ် ပြန်ဆုတ်သွားပြီဆိုပြီး အိမ်ခဏပြန်ရင်း ထိတာက များတယ်။ သူတို့ထောင်တဲ့မိုင်းက အရင်ကလို မဟုတ်ဘူး။ ကားမိုင်းတွေ ထောင်လာတာ။ အဲဒီဘက်မှာဆို စစ်တပ်ထောင်တဲ့ မိုင်းပဲထိတာ။ ဒီဘက်က (တော်လှန်ရေးတပ်ဖွဲ့) ထောင်တဲ့ မိုင်းမထိဖူးဘူး။ ဒီဘက်ကလည်း စစ်တပ်ပြန်ဆုတ်တဲ့လမ်းလောက်ပဲ ထောင်တာ။ စစ်တပ်ကတော့ အိမ်ထဲတွေ၊ စပါးကျီထဲတွေပါ ထောင်တော့ အထိခိုက်များတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အဆိုပါမြေမြှုပ်မိုင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မှ လည်း ရှင်းလင်းရေး လုပ်ဆောင်နေသည့်အတွက် နေရပ်ပြန်လာသော ဒေသခံများအနေဖြင့် တာဝန်ရှိသူများအား အသိပေးပြီးမှ သွားလာကြရန်နှင့် မိုင်းအန္တရာယ်စိတ်ချရမှ မိမိတို့ရပ်ရွာအတွင်း ပြန်ဝင်ကြရန်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံများကို တိုက်တွန်းပြောဆိုထားသည်။

“ရွာသားတွေကတော့ အဲဒီရွာတွေမှာ အခုချိန်ထိ ပြန်မနေဘူးဆိုပေမယ့် ပစ္စည်းပြန်ယူဖို့ လုံခြုံရေးအဖွဲ့တွေနဲ့ သွားတာရှိတယ်။ တောထဲကနေပတ်ပြီးတော့ ရွာထဲကို ပြန်ခိုးဝင်တာလည်း ရှိတယ်။ KNLA ဘက်က အဲဒီဘက် အခြမ်းမှာ မိုင်းဖော်တာ ၁၀ လုံးကျော်ကျော် ဖော်မိပြီ။ အကောင်းဆုံးကတော့ တာဝန်ကျတဲ့သူတွေကမိုင်းရှင်းပြီး စိတ်ချရပြီ ဆိုတော့မှ ပြန်ဖို့ပေါ့” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက အသိပေးပြောဆိုသည်။

KNU အနေဖြင့် မိုင်းရှင်းလင်းရေးသာမက မိုင်းအန္တရာယ်နှင့် ပတ်သက်သည့် လူထုအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဧပြီလ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းအပြင် ပေါက်ကွဲစေတတ်သော စစ်လက်နက် အကြွင်းအကျန် များကြောင့် ထိခိုက်သေဆုံးသူ ၁,၃၀၀ ကျော် ရှိလာကြောင်း မိုင်းစောင့်ကြည့်လေ့လာရေး အဖွဲ့ (Landmine & Cluster Munition Monitor) ၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here