တနိုင်း၊ ရွှေမှော်ဒေသဖြစ်သည့် နမ့်ဗျူစစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ရရှိ

0
38
ပုံစာ - ရှေ့တန်းတစ်နေရာတွင်မြင်တွေ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်/KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ့်ဗျူ (Nambyu) ရွှေမှော်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မေလ ၁၆ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး တပ်စခန်းတစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်နေသည် ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။

နမ့်ဗျူရွှေမှော်ရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်က မေလ ၁၁ ရက်နေ့တွင် စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၆ ရက်အကြာ၌ တပ်စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဟု နမ်ဗျူမှော်ဒေသရှိ ဒေသခံပြည်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

“၁၁ ရက်နေ့က စဖြစ်တာ ဒီကနေ့ (မေလ ၁၆ ရက်) မှာ အပြီးစီးသိမ်းသွားတာ ဟုတ်တယ်။ အဲ့မှာ စစ်အင်အားက ၅၀ နဲ့ ၆၀ ကြားမှာ ရှိတယ်။ အခုတော့ KIA တပ်တွေ အကုန်နေရာယူလိုက်ပြီ။ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ပဲ သေချာသိရသေးတယ်” ဟု ၎င်းက ပြောပါသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများသလို လက်နက်ခဲယမ်း အများအပြားကိုလည်း KIA ဘက်က သိမ်းဆည်းရမိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်များဆီက သိရသည်။

လက်ရှိ၌ KIA တပ်က သိမ်းပိုက်လိုက်နိုင်သည့် နမ့်ဗျူတပ်စခန်းတွင် စစ်ကောင်စီ ခလရ ၂၆၀ တပ်နှင့် တပ်မ ၈၆ လှုပ်ရှားတပ်တို့က စစ်အင်အား ၅၀ နှင့် ၆၀ ကြား လာရောက် တပ်ချထားသော တပ်စခန်းအကြီး တစ်ခုဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်က နမ့်ဗျူတပ်စခန်းကို လက်လွတ်လိုက်ရသည့်အတွက် မေလ ၁၆ ရက်နေ့ မနက်ပိုင်း တပ်စခန်း သိမ်းပိုက်မှုအပြီး ၈ နာရီကျော်တွင် ဂျက်လေယာဉ် ၃ စီးနှင့် လှည့်ပတ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု နမ့်ဗျူမှော်ဒေသခံများက ပြောဆိုသည်။

“၈ နာရီလောက်မှာ ထင်တာပဲ ဂျက်လေယာဉ် ၃ စီးနဲ့ လာပစ်တာ။ ဒီဘက်မှာ တိုက်ပွဲဖြစ်တာက ၁ ပတ် လောက်တော့ ရှိလာပြီထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဒရုန်းချတာတောင် ဒီကနေမြင်ရတယ်။ စခန်းသိမ်း မသိမ်းတော့ ကျနော်တို့လည်း သေချာတော့ မသိရဘူး” ဟု နမ့်ဗျူမှော်အနီး ဆယ်သိန်းမှော် ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နမ့်ဗျူတပ်စခန်းအား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ခန့်က စစ်ကောင်စီတပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသရှိ ရွှေမှော်ဒေသ အားလုံးကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နှင့် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း လာရောက်တပ်ချထားသော တပ်စခန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ နမ့်ဗျူမှော်အပါဝင် ဆယ်သိန်းမှော်၊ လုံကြပ်မှော်၊ နမ်မနား စသည့် ရွှေမှော်များကို KIA က အဓိက ထိန်းချုပ်ထားနိုင်တာကြောင့် စစ်ရေးအရ အလွန်အရေးပါသည့် တပ်စခန်းများဖြစ်သည်ဟု နမ့်ဗျူမှော် ဒေသခံပြည်သူက ဆက်ပြောဆိုသည်။

“နမ်ဗျူမှော် တပ်စခန်းက ဒီဘက်မှာရှိတဲ့ မှော်ဒေသအတွက်ဆိုရင် အရေးပါတဲ့ သော့ချက်တစ်ခု ဖြစ်တယ်။ ဘာလို့လဲအဆိုတော့ နမ်ဗျူမှော် အနီးတဝိုက်မှာက မှော် သုံးလေး နေရာလောက် ရှိတယ်။ အဲဒီမှော်တွေကို ဒီကနေပဲ ကြည့်နေတာ” ဟု ၎င်းက ဆိုသည်။

နမ့်ဗျူမှော်ဒေသသည် ၂၀၁၆ ခုနှစ် ဝန်းကျင်အထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း ၁၄ နေရာ တည်ရှိသည့် ဒေသတစ်ခုဖြစ်သလို ၂၀၁၇ ခုနှစ်တွင် စစ်ကောင်စီတပ်က စစ်အင်အားလုံးအရင်းနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာပါ KIA တပ်စခန်းများ ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ဗျူမှော် တကြောတွင်ရှိသည့် ပယင်းတောင်၊ လပူမှော်၊ နွယ်ဂျယ်ဘွမ့်၊ နမ့်ကောန့်၊ အင်ဂါးဂါး စသည့် ရွှေမှော်ဒေသတွေ၌ ရွှေတူးဖော်မှုများကို ပြန်လည်လုပ်ဆောင် လာကြကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

အဆိုပါရွှေမှော်ဒေသရှိ နမ့်ဗျူ၊ နမ့်ကောန်၊ နွယ်ဂျယ်ဘွမ့်မှော်တို့တွင် တပ်စွဲနေရာယူထားသော စစ်ကောင်စီ တပ်စခန်းများကို ပြီးခဲ့သည့် မတ်လအတွင်းမှစပြီး KIA တပ်က တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လာခြင်း ဖြစ်ကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here