လွိုင်ကော်တွင် စစ်ကောင်စီ ခလရ ၂၆၁ တပ်သားများ စစ်ကြောင်းထိုး၊ တပ်ပြင်လှုပ်ရှားမှု ရှိလာနေဟုဆို

0
43

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ၏ ခလရ ၂၆၁ တပ်ရင်းမှ လက်ကျန်တပ်သားများ ရေကန်ကျေးရွာအနီးကို မေလ ၁၄ ရက်နေ့ ညပိုင်းက စစ်ကြောင်းထိုးပြီး တပ်ပြင် လှုပ်ရှားမှု လုပ်ဆောင်လာသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။

“အခု ၂၆၁ ရဲ့ အနောက်ဘက်မှာရှိတဲ့ ရေကန်ရွာဘက်ကို ထိုးလာတယ်။ အမြောက်ကား ၂ စီး ပါတယ်။ အင်အား ကတော့ ၆၀ ကနေ ၁၀၀ ကြားမှာ ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF ၏ ဒု-စစ်ဦးစီးချုပ်မာဝီက ပြောပါသည်။

တပ်ပြင်လှုပ်ရှားမှုကို ပြီးခဲ့သည့်အပတ်တွင်းက စတင်လုပ်ဆောင်လာနေပြီး လက်ရှိ၌ ရေကန်ကျေးရွာအနီးကို အမြောက်ကား ၂ စီးနှင့်အတူ စစ်ကောင်စီတပ်သား ၆၀ မှ ၁၀၀ ကြား ရှိသည့် တပ်အင်အားဖြင့် စစ်ကြောင်းထိုး လာနေသည်ဟု ဒု- စစ်ဦးစီးချုပ်မာဝီက ပြောသည်။

ထိုအခြေအနေကြောင့် အနီးအနားပတ်ဝန်းကျင်တွင် နေထိုင်နေကြသော ဒေသခံများ၊ စစ်ဘေးရှောင်များ အနေနှင့် သတိထားနေထိုင်ကြရန် သတိပေးထားသည်ဟု ဒု- စစ်ဦးစီးချုပ်မာဝီက ပြောပါသည်။

“ဒေသခံတချို့ကတော့ အဲ့ဒီမှာနေတဲ့လူတွေ ရှိတယ်။ တောင်ယာခင်းတွေထဲမှာ နေတဲ့လူတွေ ရှိတယ်ဆိုတော့ စစ်ကောင်စီစစ်ကြောင်း ထွက်လာပြီဆိုကတည်းကိုက ကောင်းတဲ့အရာရှိမှာ မဟုတ်ဘူး။ ဒေသခံတွေအနေနဲ့ နေ့နေ့ညည နည်းနည်း နိုးနိုးကြားကြားနေကြဖို့ သေနတ်သံ၊ အမြောက်သံတွေ နားထောင်ဖို့ လေယာဉ်သံတွေ သေချာလေး ဂရုစိုက်ဖို့ရန်အတွက်ကို ကျနော်တို့ကတော့ သတိပေးလိုပါတယ်ဗျ။ ဒါမှသာလျှင် မလိုလားတဲ့ ထိခိုက်မှုတွေ လျော့ချနိုင်မှာ ဖြစ်ပါတယ်” ဟု ဒု- စစ်ဦးစီးချုပ်မာဝီက ဆိုသည်။

ရရှိထားသောသတင်းများအရ ရှမ်း – ကရင်နီ နယ်စပ်ကနေ လွိုင်ကော်မြို့ဘက်ကို လာရန်ကြိုးပမ်းနေသည့် စစ်ကြောင်းများကို ထွက်ကြိုတာဖြစ်ကြောင်း ကြားသိရပြီး တော်လှန်ရေးတပ်ဘက်ကလည်း ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ဟု ဒု- စစ်ဦးစီးချုပ်မာဝီက ဆက်ပြောသည်။

“တစ်လေးလုံး စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း တော်လှန်ရေးတပ်များက ထိန်းချုပ်နေရာများ ရရှိထားပြီးနောက် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်စခန်းပြင်ပ၌ လှုပ်ရှားမှု မရှိတော့ဟု ဆိုသည်။

လက်ရှိချိန်၌ စစ်ကောင်စီတပ်က ၎င်းတို့ဆုံးရှုံးထားသော နေရာများကို ပြန်လည်ရရှိနိုင်ဖို့အတွက် တပ်ပြင်ပ လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ကရင်နီပြည်တပ်မတော် KA ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

“၂၆၁ တပ်ရင်းထဲက လက်ကျန်အင်အားဖြင့် အပြင်ထွက်လှုပ်ရှားတာ ဖြစ်ပါတယ်။ လွိုင်ကော်၊ စက်မှုဇုံ၊ နာနတ်တောနေရာကို ပြန်ရဖို့ ဖြစ်တယ်” ဟု စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုသည်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့အတွင်းသို့ ဒရုန်းများကိုအသုံးပြု၍ အဆိပ်သင့်ဗုံးများနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် စက်မှုဇုန်အနီး နေထိုင်ကြသော ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာရရှိကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့အတွင်း ၎င်းတို့တပ်စွဲထားသောနေရာကနေ အပြင်ကို ထွက်တာမျိုးမရှိပဲ ထွက်လာပါကလည်း အရပ်ဝတ်ဖြင့်သာ ဒေသခံလူထုကြား သွားလာလေ့ရှိသည်ဟု လွိုင်ကော်မြို့ ဒေသခံများက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်) -ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here